← Deuteronomy (19/34) → |
1. | သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သော ပြည်၌နေသော လူမျိုးတို့ကို သင်၏ဘုရားသခင် ထာဝရဘုရား ပယ်ဖြတ်တော်မူသဖြင့်၊ သင်သည် သူတို့ အရာ၌ ဝင်စား၍၊ သူတို့မြို့၊ သူတို့အိမ်၌ နေသောအခါ၊ |
2. | သင်၏ဘုရားသခင် ထာဝရဘုရားသည် အပိုင် ပေးတော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွဲထား ရမည်။ |
3. | လူအသက်ကို သတ်မိသောသူအပေါင်းတို့သည် ထိုမြို့သို့ ပြေးနိုင်မည်အကြောင်း၊ သင့်အမွေခံစရာဘို့ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည် ကို သုံးပိုင်းပိုင်း၍ လမ်းခရီးကိုလည်း ပြင်ဆင်ရမည်။ |
4. | လူအသက်ကို သတ်မိ၍၊ ကိုယ်အသက် ချမ်းသာ စေခြင်းငှာ၊ ထိုမြို့သို့ပြေးရသော သူ၏အမှုဟူကား၊ |
5. | လူ သည် ထင်းခုတ်ခြင်းငှာ အဘော်နှင့် တောသို့သွား၍ သစ်ပင်ကို ခုတ်လှဲစဉ်အခါ၊ ပုဆိန်သည် အရိုးကျွတ်၍ အဘော်ကို ထိသောကြောင့်၊ မိမိအဘော်သေအောင် ပြုမိ သောသူနှင့်တူ၍၊ ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဘော်ကို အမှတ်တမဲ့ သတ်မိသောသူသည်၊ ထိုမြို့တစုံတမြို့သို့ ပြေး၍ အသက်ချမ်းသာရလိမ့်မည်။ |
6. | သို့မဟုတ် သေစားသေစေသောသူသည် စိတ် မာန်ထစဉ်အခါ၊ လူသတ်ကို လိုက်လျက် ခရီးဝေးသော ကြောင့် မှီ၍ သတ်လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုးဖွဲ့ ခြင်း မရှိသောကြောင့် အသေသတ်ခြင်းကို မခံထိုက်။ |
7. | ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်ဟု ငါမှာ ထား၏။ |
8. | ယနေ့ ငါမှာထားသမျှသော ဤပညတ်တော် တို့ကို ကျင့်စောင့်၍၊ သင်၏ဘုရားသခင် ထာဝရဘုရား ကို ချစ်သောစိတ်နှင့် အစဉ်အမြဲ လမ်းတော်သို့လိုက်လျှင် ၎င်း၊ |
9. | သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ ဘိုးဘေးတို့အား ပေးခြင်းငှာ ဂတိထားသော ပြည်ရှိသမျှ ကို သင့်အား ပေးတော်မူ၍၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုသည်အတိုင်း၊ သင့်နေရာပြည်ကို ကျယ်ဝန်းစေ တော်မူလျှင်၎င်း၊ |
10. | သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်၌ အသေမခံ ထိုက်သောသူသည် အသေခံ၍ လူ့အသက်ကို သတ်သော အပြစ်သည် သင့်အပေါ်မှာ မရောက်မည်အကြောင်း၊ ယခုဆိုခဲ့ပြီးသော မြို့သုံးမြို့မှတပါး၊ အခြားသော မြို့သုံးမြို့ကို ထပ်၍ခွဲထားရမည်။ |
11. | တနည်းကား၊ မိမိအဘော်ကို ရန်ငြိုးဖွဲ့သဖြင့် ချောင်းမြောင်း၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး၍ ရောက်သော်လည်း၊ |
12. | သူ့နေရာမြို့၌ အသက်ကြီးသူတို့သည် လူကို စေလွှတ်၍ ထိုသူကို ဆောင်ခဲ့သဖြင့်၊ သေစေခြင်းငှာ သေစားသေစေသောသူ၏ လက်၌ အပ်လိုက်ရကြမည်။ |
13. | သင်၏မျက်စိသည် သူ့ကို မသနားရ၊ သင်သည် ချမ်းသာရမည်အကြောင်း၊ လူ့အသက်သတ်ခြင်းအပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။ |
14. | သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အား အပိုင်ပေးတော်မူသောပြည်မှာ အမွေခံရာ မြေ၌ ရှေးလူဟောင်းတို့သည် စိုက်ထားနှင့်သော အိမ်နီး ချင်း၏ မြေမှတ်တိုင်ကို မရွှေ့ရ။ |
15. | လူသည် ပြုမိသော ဒုစရိုက်၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြောသောအခါ၊ သက်သေခံတဦးတည်း ရှိလျှင် သူ၏စကားမတည်ရ။ သက်သေခံနှစ်ဦး၊ သုံးဦး အားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။ |
16. | မမှန်သော သက်သေခံတယောက်သည်၊ သူတပါးတဘက်၌ မမှန်သောသက်သေကို ခံလျှင်၊ |
17. | တရားတွေ့သောသူနှစ်ယောက်တို့သည် ထာဝရ ဘုရားရှေ့တော်သို့၎င်း၊ ထိုကာလ၌ရှိသော ယဇ်ပုရောဟိတ်၊ တရားသူကြီးရှေ့သို့၎င်း လာသဖြင့်၊ |
18. | တရားသူကြီးတို့သည် စေ့စေ့စစ်ကြော၍ ထိုသက်သေခံသောသူသည် မိမိအဘော်တဘက်၌ မမှန် သောသက်သေကို ခံပြီးလျှင်၊ |
19. | မိမိအဘော်၌ ပြုမည်ဟု အကြံရှိသည်အတိုင်း သူ၌ ပြုရမည်။ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ထိုသို့ ပယ်ရှားရမည်။ |
20. | ကြွင်းသောသူတို့သည်လည်း ထိုသိတင်းကို ကြား၍ ကြောက်သောကြောင့်၊ နောက်တဖန် ထိုသို့သော ဒုစရိုက်ကို မပြုဘဲနေကြလိမ့်မည်။ |
21. | သင်၏မျက်စိသည် မသနားရ။ အသက် အတွက် အသက်ကို၎င်း၊ မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက် ခြေကို၎င်း ဒဏ်ပေးရမည်။ |
← Deuteronomy (19/34) → |