← Deuteronomy (18/34) → |
1. | လေဝိသားယဇ်ပုရောဟိတ် အစရှိသော လေဝိ သားအပေါင်းတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အဘို့မရှိ အမွေမခံရဘဲ၊ ထာဝရဘုရား၏ အမွေတည်းဟူသော မီးဖြင့်ပြုသော ပူဇော်သက္ကာတို့ကို စားရကြမည်။ |
2. | ထို့ကြောင့်၊ သူတို့သည် ညီအစ်ကိုများနှင့်အတူ အမွေမခံရကြ။ ထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း သူတို့၏ အမွေဖြစ်တော်မူ၏။ |
3. | လူတို့သည် ယဇ်ပူဇော်သောအခါ၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ ယဇ်ပုရောဟိတ် ခံရသောအဘို့ ပခုံးတဘက်၊ ပါးနှစ်ဘက်၊ အအူများကို၎င်း၊ |
4. | အဦးသိမ်းသော စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးမွေးကို ၎င်း လှူရမည်။ |
5. | အကြောင်းမူကား၊ သူမှစ၍ သားစဉ်မြေးဆက် တို့သည် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို အစဉ် ဆောင်ရွက်စေခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ သင်၏ အမျိုးအနွယ်အပေါင်းတို့တွင် သူ့ကို ရွေးကောက်တော်မူပြီ။ |
6. | ဣသရေလမြို့ရွာတို့၌ တည်းခိုသော လေဝိသား တစုံတယောက်သည်၊ ထာဝရဘုရား ရွေးကောက်တော်မူ သောအရပ်ကို ကြည်ညိုသောစိတ်အားကြီး၍ ရောက်လာ လျှင်၊ |
7. | ထာဝရဘုရားရှေ့တော်၌ နေရာရသော ညီအစ် ကို လေဝိသားအပေါင်းတို့နည်းတူ သူ၏ဘုရားသခင် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို ဆောင်ရွက်ရမည်။ |
8. | သူ၏အမွေကို ရောင်း၍ရသော ဥစ္စာမှတပါး၊ လေဝိသားများတို့နှင့်အတူ အညီအမျှခံရမည်။ |
9. | သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်သို့ သင်သည် ဝင်စားသောအခါ၊ ထိုပြည်၌နေ သော လူမျိုးတို့ပြုတတ်သော စက်ဆုပ်ရွံရှာဘွယ်အမှု တို့ကို ပြုခြင်းငှာ မသင်ရ။ |
10. | သင်တို့တွင် မိမိသားသမီးကို မီးဖြင့်ပူဇော်သော သူ၊ ဖြစ်လတံ့သောအမှုကို ကိုယ်ဉာဏ်နှင့် ဟောပြော သောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသော အတတ်ကို ပြုစုသောသူ၊ |
11. | ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကို မေးမြန်းသောသူ တစုံတယောက်မျှ မရှိရ။ |
12. | ထိုသို့ ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ် ရွံရှာဘွယ် သော အမှုများတို့ကြောင့် သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏။ |
13. | သင်သည်၊ သင်၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းရှိရမည်။ |
14. | သင်အစိုးရအံ့သော လူမျိုးတို့သည်၊ ကာလ ဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတံ့သောအမှုကို ကိုယ် ဉာဏ်အားဖြင့် ဟောပြောသောသူတို့ စကားကို နား ထောင်တတ်ကြ၏။ သင်မူကား ထိုသို့ ပြုရအောင် သင်၏ ဘုရားသခင် ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ |
15. | သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရော ဖက်တပါးကို သင့်အဘို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏ စကားကို နားထောင်ရမည်။ |
16. | ဟောရပ်အရပ်တွင် စည်းဝေးကြသော နေ့၌ သင်က၊ နောက်တဖန် အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏ စကားတော်အသံကို မကြားရပါစေနှင့်။ ထိုကြီးစွာသော မီးကို မမြင်ရပါစေနှင့်။ အကျွန်ုပ်သေမည် ကို စိုးရိမ်ပါသည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ တောင်းပန်သမျှအတိုင်း၊ |
17. | ထာဝရဘုရားက၊ သူတို့ စကားသည် လျောက် ပတ်ပေ၏။ |
18. | သူတို့အမျိုးသားချင်းတို့အထဲ၌ သင်နှင့်တူသော ပရောဖက်တပါးကို သူတို့အဘို့ ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက်နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထား သမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။ |
19. | ထိုပရောဖက်သည် ငါ့အခွင့်နှင့် ဟောပြော သော ငါ့စကားတို့ကို အကြင်သူသည် နားမထောင်ဘဲ နေအံ့၊ ထိုသူကို ငါစစ်ကြောမည်။ |
20. | ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတပါးသော ဘုရား အခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ် ခြင်းကို ခံရမည်ဟု ငါ့အား မိန့်တော်မူ၏။ |
21. | သင်ကလည်း ထာဝရဘုရား မိန့်တော်မူသည် မမူသည်ကို ငါတို့သည် အဘယ်သို့ သိနိုင်သနည်းဟု တွေး တောလျှင်၊ |
22. | ပရောဖက်သည် ထာဝရဘုရား၏ အခွင့်ကို ဆောင်၍ ဟောပြောသည်အတိုင်း အမှုမဖြစ်၊ ဟောပြော သောစကားမပြည့်စုံလျှင်၊ ထိုစကားကို ထာဝရဘုရား မိန့်တော်မမူ၊ ပရောဖက်သည် ရဲရင့်စွာဟောပြောပြီ။ သူ့ကို မကြောက်ရ။ |
← Deuteronomy (18/34) → |