← Deuteronomy (13/34) → |
1. | သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊ |
2. | သင်တို့မသိသော အခြားတပါးသောဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုကို ပေး၍၊ ထိုနိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုသည် ပြည့်စုံသော်လည်း၊ |
3. | ထိုပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သော သူတို့၏ စကားကို နားမထောင်ရ။ အကြောင်းမူကား၊ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်သည်မချစ်သည်ကို၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် စုံစမ်းတော်မူ၏။ |
4. | သင်တို့၏ ဘုရားသခင် ထာဝရဘုရားနောက် တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သောစိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကို နားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲရ ကြမည်။ |
5. | ကျွန်ခံနေရာအဲဂုတ္တပြည်မှ သင်တို့ကို ကယ်နှုတ် ဆောင်ယူခဲ့တော်မူသော သင်တို့၏ဘုရားသခင် ထာဝရ ဘုရားထံတော်မှလွဲစေခြင်းငှာ၎င်း၊ သင်တို့၏ဘုရား သခင် ထာဝရဘုရားသည်၊ သင်တို့လိုက်စရာဘို့ မှာထား တော်မူသောလမ်းမှ ထွက်စေခြင်းငှာ၎င်း ဟောပြော သောကြောင့်၊ ထိုပရောဖက်ပြုသူနှင့် အိပ်မက်မြင်သူ တို့သည် အသေသတ်ခြင်းကို ခံရကြမည်။ ထိုသို့ ဒုစရိုက် အပြစ်ကို သင်တို့အထဲက ပယ်ရှင်းရကြမည်။ |
6. | သင်၏ညီအစ်ကိုရင်း၊ သင်၏သားသမီး၊ သင်၏ ရင်ခွင်၌နေသောမယား၊ ကိုယ်ကဲ့သို့ မှတ်တတ်သော အဆွေခင်ပွန်းတစုံတယောက်က၊ သွားကြစို့။ သင်လည်း မသိ၊ ဘိုးဘေးတို့လည်းမသိသော အခြားတပါးသော ဘုရား၊ |
7. | သင့်ပတ်လည်အနီးအဝေး၌ နေသောသူ၊ မြေကြီးစွန်းတဘက်မှသည် တဘက်တိုင်အောင်၊ ကိုးကွယ် သောဘုရားကို ဝတ်ပြုကြစို့ဟု တိတ်ဆိတ်စွာ သွေး ဆောင်လျှင်၊ |
8. | သင်သည် ဝန်မခံရ။ သူ၏စကားကို နားမထောင် ရ။ သူ့ကို မြင်သောအခါ မသနားရ။ နှမြောသဖြင့် ဖွက်၍ မထားရဘဲ၊ သူ့ကို အမှန်သတ်ရမည်။ |
9. | သူသည် အသေသတ်ခြင်းကို ခံစိမ့်သောငှာ၊ သင်သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ |
10. | ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို နှုတ် ဆောင်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲစေခြင်းငှာ ကြံစည်သောကြောင့်၊ ထိုသူကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ |
11. | ထိုသိတင်းကို ဣသရေလအမျိုးသားအပေါင်းတို့ သည် ကြား၍၊ ထိုသို့သော အဓမ္မအမှုကို သင်တို့တွင် နောက်တဖန်မပြုဝံ့ဘဲ နေကြလိမ့်မည်။ |
12. | အဓမ္မလူတို့သည် သင်တို့အထဲကထွက်၍၊ သင်တို့မသိသော၊ |
13. | အခြားတပါးသော ဘုရားထံသို့ သွား၍ ဝတ်ပြု ကြစို့ဟု ပြောဆိုလျက်၊ သူတို့မြို့သူ မြို့သားတို့ကို သွေး ဆောင်ကြောင်းကို၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်နေစရာဘို့ ပေးတော်မူသော မြို့တစုံတမြို့၌ သင်သည် သိတင်းကြားလျှင်၊ ထိုအမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည်။ |
14. | သိတင်းကြားသည်အတိုင်း ထင်ရှားစွာ ဧကန် မှန်၍၊ ထိုသို့သော စက်ဆုပ်ဘွယ်အမှုကို သင်တို့တွင် အမှန်ပြုမိလျှင်၊ |
15. | ထိုမြို့သူမြို့သားတို့ကို ထားနှင့်လုပ်ကြံရမည်။ မြို့မှစ၍ မြို့၌ရှိသော လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို ထားနှင့် ရှင်းရှင်းဖျက်ဆီးရမည်။ |
16. | လုယူရာဥစ္စာရှိသမျှကို မြို့လမ်းမအလယ်၌ စုပုံ၍၊ ထိုမြို့နှင့်တကွ လုယူရာဥစ္စာရှိသမျှကို သင်၏ ဘုရားသခင် ထာဝရဘုရားအဘို့ မီးရှို့ရမည်။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံဖြစ်ရမည်။ နောက်တဖန် မတည် မဆောက်ရ။ |
17. | ထာဝရဘုရားသည် အမျက်တော်အရှိန်ကို ငြိမ်းစေ၍၊ သင်၏ဘိုးဘေးတို့အား ဂတိတော်ရှိသည် အတိုင်း၊ သင့်ကို ကယ်မသနားတော်မူသဖြင့် များပြားစေ တော်မူမည်အကြောင်း၊ ကျိန်အပ်သောဥစ္စာ တစုံတခုကို မျှ မသိမ်းမယူဘဲ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည်။ |
18. | ယနေ့ ငါမှာထားသည်အတိုင်း သင်၏ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်၍ ပညတ်တော်အလုံးစုံတို့ကို ကျင့်သဖြင့်၊ သင်၏ဘုရား သခင် ထာဝရဘုရား နှစ်သက်တော်မူဘွယ်ပြုသော အခါ၊ ရှေးဂတိတော်အတိုင်း ပြုတော်မူမည်။ |
← Deuteronomy (13/34) → |