← Deuteronomy (12/34) → |
1. | သင်တို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှ သော ကာလပတ်လုံး ဝင်စားစေခြင်းငှာ သင်တို့ဘိုးဘေး ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်၌ ကျင့်အံ့သောငှာ စောင့်ရှောက်ရသော စီရင် ထုံးဖွဲ့ချက်များ ဟူမူကား၊ |
2. | သင်တို့ အစိုးရသောလူမျိုးတို့သည် တောင်ကြီး၊ တောင်ငယ်အပေါ်၊ စိမ်းသော သစ်ပင်အောက်၌ မိမိတို့ ဘုရားများကို ဝတ်ပြုရာအရပ် ရှိသမျှတို့ကို ရှင်းရှင်း ဖျက်ဆီးရမည်။ |
3. | သူတို့ယဇ်ပလ္လင်များကိုလည်း ဖျက်ရမည်။ ရုပ်တု များကို ဖြိုချရမည်။ အာရှရပင်များကို မီးရှို့ရမည်။ ထုလုပ်သော ဘုရားဆင်းတုများကို ခုတ်လှဲရမည်။ ထိုအရပ်၌ ထိုဘုရားတို့၏ နာမကိုပင် ပယ်ရှင်းရမည်။ |
4. | သူတို့ပြုသကဲ့သို့၊ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား မပြုရဘဲ၊ |
5. | သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးအနွယ် ရှိသမျှတို့တွင် နာမတော်ကို တည် စေဘို့ရာ ရွေးကောက်တော်မူသော အရပ်တည်းဟူသော ကျိန်းဝပ်တော်မူရာအရပ်ကို ရှာ၍ လာရကြမည်။ |
6. | ထိုအရပ်သို့ သင်တို့သည် မီးရှို့ရာယဇ်အစရှိ သော ယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာချီမြှောက်ရာပူဇော်သက္ကာ၊ သစာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှစ၍၊ သိုးနွား တွင် အဦးဘွားသော သားငယ်တို့ကို ဆောင်ခဲ့ရကြမည်။ |
7. | ထိုအရပ်၌ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ စားရကြမည်။ ပြုလေရာရာ၌ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူ သဖြင့်၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။ |
8. | ယခုကာလ၊ ဤအရပ်၌ပြုသကဲ့သို့၊ ထိုအရပ်၌ လူတိုင်း ကိုယ်ဉာဏ်ကို လိုက်၍ မပြုရကြ။ |
9. | သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော အမွေခံရာ ချမ်းသာထဲသို့ သင်တို့သည် မဝင်ရ ကြသေး။ |
10. | သင်တို့သည် ယော်ဒန်မြစ်တဘက်သို့ကူး၍၊ သင်တို့အမွေခံရာဘို့ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော ပြည်၌ နေကြသောအခါ၊ ရန်သူအပေါင်းတို့လက်မှ သင်တို့ကို ကယ်နှုတ်တော်မူ သဖြင့် ငြိမ်ဝပ်စွာ နေကြသောအခါ၊ |
11. | နာမတော်ကို တည်စေဘို့ရာ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ရှိရမည်။ ထိုအရပ်သို့ ငါမှာထားသမျှအတိုင်း၊ သင်တို့မီးရှို့ရာယဇ် အစရှိသောယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ၊ ထာဝရဘုရား အား ဂတိရှိသည်အတိုင်း၊ မြတ်သော ပူဇော်သက္ကာတို့ကို ဆောင်ခဲ့ရကြမည်။ |
12. | ကိုယ်တိုင်မှစ၍၊ သားသမီး၊ ကျွန်ယောက်ျား မိန်းမတို့နှင့် ကိုယ်အဘို့မရှိ၊ အမွေမခံရဘဲ၊ သင်တို့၌ တည်းခိုသော လေဝိသားတို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ရွှင်လန်းခြင်းကို ပြုရကြမည်။ |
13. | တွေ့မြင်ရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရ မည်အကြောင်း သတိပြုကြလော့။ |
14. | သင်တို့အမျိုးတမျိုးတွင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ်၌ မီးရှို့ရာယဇ်ကို ပူဇော်၍၊ ငါမှာထားသမျှတို့ကို ပြုရကြမည်။ |
15. | သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူ သည်အတိုင်း၊ သင်တို့နေရာ အရပ်ရပ်၌ စားချင်သော အလိုသို့လိုက်၍ သတ်စားရ သော အခွင့်ရှိကြ၏။ သမင်၊ ဒရယ်ကို စား သကဲ့သို့၊ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစား ရ ကြမည်။ |
16. | သို့ရာတွင် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည်။ |
17. | စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တွင် ပူဇော်သော တဘို့၊ သိုးနွားတွင် အဦးဘွားသော သားငယ်၊ သစ္စာဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော် သက္ကာ၊ ချီမြှောက်ရာ ပူဇော်သက္ကာ တစုံတခုကိုမျှ၊ သင်တို့ သည် ကိုယ်နေရာအရပ်၌ မစားရ ကြ။ |
18. | သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ်၌၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့မှာ ကိုယ်တိုင်မှစ၍သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တည်းခိုသော လေဝိ သားတို့သည် စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရား သခင် ထာဝရဘုရားရှေ့တော်မှာ ရွှင်လန်းခြင်းကို ပြုရကြမည်။ |
19. | မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလ ပတ်လုံး၊ လေဝိသားတို့ကို မမေ့လျော့မည်အကြောင်း သတိပြုကြလော့။ |
20. | သင်၏ဘုရားသခင် ထာဝရဘုရားသည် ဂတိ တော်ရှိသည်အတိုင်း၊ သင်၏နေရာ ပြည်ကို ကျယ်စေ တော်မူသောအခါ၊ သင်သည် အမဲသားကို စားချင်သော စိတ်ရှိ၍၊ အမဲသားကို ငါစားမည်ဟုဆိုလျှင်၊ စားချင်တိုင်း စားရသောအခွင့်ရှိ၏။ |
21. | သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမ တော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေး တော်မူသော သိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာအရပ်၌ စားချင်တိုင်းစားရသော အခွင့်ရှိ၏။ |
22. | သမင်၊ ဒရယ်ကို စားသကဲ့သို့ စားရမည်။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် ရောနှော၍ စားရသောအခွင့်ရှိကြ၏။ |
23. | သို့ရာတွင်၊ အသွေးကို မစားမည်အကြောင်း၊ သတိပြုလော့။ အသက်သည် အသွေး၌ တည်၏။ အသား နှင့်တကွ အသက်ကို မစားရ။ |
24. | ထို့ကြောင့် အသွေးကို မစားရ။ ရေကို သွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည်။ |
25. | သင်သည် ထာဝရဘုရားနှစ်သက်တော်မူဘွယ် သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးတို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ အသွေးကို ရှောင်ရ မည်။ |
26. | သင်၌ သန့်ရှင်းသော ပူဇော်သက္ကာ၊ သစ္စာဂတိ အတိုင်းပြုသော ပူဇော်သက္ကတို့ကို ယူ၍၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်သို့ သွားရမည်။ |
27. | အသားနှင့်အသွေးကို ရောနှော၍၊ မီးရှို့ရာယဇ် တို့ကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင် ပေါ်မှာ ပူဇော်ရမည်။ ယဇ်ကောင်အသွေးကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ သွန်းလောင်း၍၊ အသားကို စားရမည်။ |
28. | သင်၏ဘုရားသခင် ထာဝရဘုရား နှစ်သက် မြတ်နိုးတော်မူဘွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှ စ၍ သားမြေးအစဉ်အဆက်တို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ ငါမှာထားသမျှသော ဤစကား တို့ကို စေ့စေ့နားထောင်၍ စောင့်ရှောက်လော့။ |
29. | သင်သွား၍ ဝင်စားလတံ့သောပြည်၌ရှိသော လူမျိုးတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ရှေ့မှာပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာပြည်၌ သင်သည် ဝင်၍နေသောအခါ၊ |
30. | သူတို့သည် သင့်ရှေ့မှာ ပျက်စီးသောနောက်၊ သူတို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ်မရောက်မည်အ ကြောင်း၊ ထိုလူမျိုးတို့သည် သူတို့ဘုရားများကို အဘယ်သို့ ဝတ်ပြုသနည်း။ ထိုနည်းတူ ငါပြုမည်ဟု သူတို့ဘုရား ဝတ်ကို မမေးမြန်းမည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြု လော့။ |
31. | သူတို့ပြုသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရ ဘုရားအား သင်မပြုရ။ သူတို့သည်၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှတို့ကို သူတို့ဘုရား၌ ပြုကြပြီ။ ကိုယ်သား သမီးကိုပင် သူတို့ဘုရားအား ဝတ်ပြု၍ မီးရှို့ကြပြီ။ |
32. | ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာ စောင့် ရှောက်လော့။ ထပ်၍ မပိုရ၊ နှုတ်၍ မလျော့စေရ။ |
← Deuteronomy (12/34) → |