← Amos (9/9) |
1. | တဖန် ငါကြည့်ရှု၍ ဘုရားရှင်သည် ယဇ်ပလ္လင်ပေါ်မှာ ရပ်လျက်မိန့်တော်မူသည်ကား၊ ရှိသမျှသောသူ တို့၏ ခေါင်းပေါ်သို့ တံခါးတိုင်လှုပ်၍ ပြိုကျစေခြင်းငှါ တံခါးထုပ်ကို ရိုက်လော့။ သူတို့သားမြေးများကိုလည်း ထားနှင့် ငါကွပ်မျက်မည်။ ပြေးသောသူသည် မလွတ်ရ။ လွတ်သောသူသည်လည်း ချမ်းသာကို မတွေ့ရ။ |
2. | မရဏာနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနှုတ်ယူမည်။ မိုဃ်းကောင်းကင်သို့ တက်သော်လည်း ငါချမည်။ |
3. | ကရမေလတောင်ထိပ်၌ ပုန်းရှောင်သော်လည်း၊ ငါရှာ၍ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှါ သမုဒ္ဒရာအောက် ၌ ပုန်းရှောင်သော်လည်း၊ ငါသည် နဂါးကို မှာလိုက်၍ ကိုက်စေမည်။ |
4. | ရန်သူတို့သည် သိမ်းသွားသော်လည်း၊ အခြားသောအရပ်၌ ငါသည် ထားကို မှာလိုက်၍ သတ်စေမည်။ ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှါသာ ငါကြည့်ရှုမည်။ |
5. | ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားသည် မြေကိုထိတော်မူလျှင်၊ မြေသည် အရည်ဖြစ်၍ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်ကဲ့သို့ တပြည်လုံးထပြီးလျှင်၊ တဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ မြုပ်လိမ့်မည်။ |
6. | အထက်အခန်းတော်တို့ကို ကောင်းကင်၌ဆောက်၍၊ အောက်တိုက်တော်ကို မြေကြီးပေါ်မှာ တည်တော်မူ၏။ သမုဒ္ဒရာရေကိုခေါ်၍ မြေကြီးပြင်၌ သွန်းလောင်းတော်မူ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ |
7. | အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၌ ကုရှအမျိုးသားကဲ့သို့ ဖြစ်ကြသည်မဟုတ်လော။ ဣသရေ လအမျိုးကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သကဲ့သို့၊ ဖိလိတ္တိ လူတို့ကို ကတ္တောရပြည်မှ၎င်း၊ ရှုရိလူတို့ကို ကိရပြည်မှ၎င်း ငါနှုတ်ဆောင်ပြီ မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏။ |
8. | အရှင်ထာဝရဘုရားသည် အပြစ်ရှိသော တိုင်းနိုင်ငံကို ကြည့်ရှုလျက်၊ ထိုတိုင်းနိုင်ငံကို မြေကြီးပြင်မှ ငါသုတ်သင်ပယ်ရှင်းမည်။ သို့သော်လည်း၊ ယာကုပ်အမျိုးကို ရှင်းရှင်းမဖျက်ဆီးဟု မိန့်တော်မူ၏။ |
9. | တဖန် ငါအမိန့်တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချသကဲ့သို့၊ ဣသရေလအမျိုးကို ခပ်သိမ်းသော အမျိုးတို့တွင် ဆန်ခါနှင့်ငါချမည်။ ဆန်တစေ့မျှ မြေသို့မကျရ။ |
10. | ဘေးဥပဒ်သည် ငါတို့ကို မမှီနိုင်၊ မဆီးတားနိုင်ဟု ဆိုလျက်၊ အပြစ်များသော ငါ၏လူအပေါင်းတို့သည် ထားဖြင့် သေရကြလိမ့်မည်။ |
11. | ကျန်ကြွင်းရစ်သော ဧဒုံအမျိုးသားမှစ၍ ငါ၏နာမဖြင့် သမုတ်သောတပါးအမျိုးသားအပေါင်းတို့ကို သိမ်းယူစေခြင်းငှါ၊ |
12. | လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ထိုကာလ၌ ငါဆောက်တည်ပြန်မည်။ အက်ကွဲရာများကို စေ့စပ်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို ရှေးကာလ၌ ရှိသကဲ့သို့ မတ်စေပြန်မည်ဟု၊ ဤအမှုအရာကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိ ၏။ |
13. | ထာဝရဘုရား မိန့်တော်မူသည်ကား၊ လယ်ထွန်သောသူသည် စပါးရိတ်သောသူကို၎င်း၊ စပျစ်သီးနယ် သောသူသည် မျိုးစေ့ကြဲသောသူကို၎င်း မှီလျက်၊ တောင်တို့မှ ချိုသောစပျစ်ရည်ယို၍၊ ကုန်းရှိသမျှတို့လည်း အရည်ဖြစ်ရသောကာလရောက်လိမ့်မည်။ |
14. | သိမ်းသွားခြင်းကို ခံရသော ငါ၏လူ ဣသရေလအမျိုးသားတို့ကို တဖန် ငါဆောင်ခဲ့သဖြင့်၊ သူတို့သည် ပျက်စီးသောမြို့များကို ပြုပြင်၍ နေကြလိမ့်မည်။ စပျစ်ဥယျာဉ်များကို စိုက်၍ စပျစ်ရည်ကို သောက်ကြလိမ့်မည်။ လယ်ယာများကို ပြုစု၍ အသီးတို့ကို စားကြလိမ့်မည်။ |
15. | သူတို့ကို နေရင်းအရပ်၌ ငါစိုက်ထားမည်။ ငါ ပေးသောပြည်မှ နောက်တဖန် အဘယ်သူမျှ မနှုတ်ရဟု၊ သင်၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ၏။ ပရောဖက်အာမုတ်စီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။ |
← Amos (9/9) |