← Amos (7/9) → |
1. | တဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ ရှင်ဘုရင် ဆိုင်သော မြက်ပင်ကို ရိတ်ပြီးမှ၊ နောက်မြက်ပင်ပေါက်စကာလ၌ ကျိုင်းကောင်တို့ကို ဖန်ဆင်းတော်မူ၏။ |
2. | ထိုကျိုင်းကောင်တို့သည် တပြည်လုံး၌ရှိသော မြက်ပင်ကိုစား၍ ကုန်ပြီးမှငါက၊ အိုအရှင်ထာဝရဘုရား၊ အပြစ်မှ လွတ်တော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့်၊ အဘယ်သို့ ထရပါလိမ့်မည်နည်းဟု လျှောက်သော်၊ |
3. | ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ၏။ |
4. | တဖန် အရှင်ထာဝရဘုရားသည် ငါ့အားပြတော်မူသော ရူပါရုံဟူမူကား၊ မီးဖြင့် ဒဏ်ပေးခြင်းငှါ မီးကို ခေါ်တော်မူ၍၊ မဟာသမုဒ္ဒရာကို မီးလောင်လေ၏။ ကုန်းကိုလည်း လောင်လေ၏။ |
5. | ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ ဆိုင်းတော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့် အဘယ်သို့ ထရ ပါလိမ့်မည်နည်းဟု လျှောက်သော်၊ |
6. | အရှင်ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ၏။ |
7. | တဖန် ပြတော်မူသော ရူပါရုံဟူမူကား၊ ချိန်ကြိုး ချ၍လုပ်သော ကျောက်ရိုးပေါ်မှာ ထာဝရဘုရားသည် ရပ်လျက်၊ လက်တော်၌ ချိန်ကြိုးကို ကိုင်လျက်၊ |
8. | အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ ချိန်ကြိုးကို မြင်ပါသည်ဟု လျှောက်သော်၊ ဘုရားရှင်က၊ ငါ၏လူဣသရေလအမျိုး အလယ်၌ ချိန်ကြိုးကို ငါချမည်။ နောက်တဖန် သူတို့ကို သည်းမခံ။ |
9. | ဣဇာက်၏မြင့်ရာအရပ်တို့သည် လူဆိတ်ညံလျက်၊ ဣသရေလ၏ သန့်ရှင်းရာအရပ်တို့သည် သုတ်သင် ပယ်ရှင်းလျက်ရှိကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးကိုလည်း ထားနှင့်ငါတိုက်မည်ဟု မိန့်တော်မူ၏။ |
10. | ထိုအခါ ဗေသလယဇ်ပုရောဟိတ်အာမဇိသည် ဣသရေလရှင်ဘုရင် ယေရောဗောင်ထံသို့ စေလွှတ်၍၊ အာမုတ်သည် ဣသရေလအမျိုးအလယ်တွင် ကိုယ်တော် တဘက်၌ မကောင်းသောအကြံကို ကြံစည်ပါပြီ။ သူ၏ စကားအလုံးစုံတို့ကို ပြည်တော်သည် မခံနိုင်ပါ။ |
11. | ယေရောဗောင်သည် ထားဖြင့် သေရလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် နေရင်းပြည်မှ ဆက်ဆက် နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမုတ်ဆိုတတ်ပါသည်ဟု လျှောက်လေ၏။ |
12. | အာမုတ်ကိုလည်းခေါ်၍၊ အိုပရောဖက်၊ ယုဒပြည်သို့ ပြေးသွားလော့။ ထိုပြည်မှာ ပရောဖက်ပြု၍ အသက်မွေးလော့။ |
13. | နောက်တဖန်ဗေသလမြို့တဘက်၌ ပရောဖက် မပြုနှင့်။ ရှင်ဘုရင်၏ သန့်ရှင်းရာဌာနတော် ဖြစ်၏။ နန်းတော်တည်ရာမြို့လည်း ဖြစ်၏ဟု ဆိုလျှင်၊ |
14. | အာမုတ်က၊ ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်ဘဲ၊ နွားကျောင်းသောသူ၊ သဖန်း သီးကို ဆွတ်သောသူဖြစ်စဉ်အခါ၊ |
15. | ထာဝရဘုရားသည် နွားကျောင်းရာမှ ငါ့ကို နှုတ်ယူ၍၊ သင်သွားလော့။ ငါ၏လူဣသရေလအမျိုးတွင် ပရောဖက်ပြုလော့ဟု မိန့်တော်မူ၏။ |
16. | သို့ဖြစ်၍၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။ ဣသရေလအမျိုးတဘက်၌ ပရောဖက် မပြုနှင့်၊ ဣဇာက်အမျိုးတဘက်၌ မမြွက်နှင့်ဟု သင်ဆိုသော်၊ |
17. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏ မယားသည် ပြည်တန်ဆာဖြစ်လိမ့်မည်။ သူတပါးတို့သည် သင်၏မြေကို ကြိုးတန်းချ၍ ဝေဖန်ကြလိမ့်မည်။ သင်သည် ညစ်ညူးသော ပြည်၌ သေရလိမ့်မည်။ ဣသရေလ အမျိုးသည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမဇိအား ဆင့်ဆိုလေ၏။ |
← Amos (7/9) → |