← Amos (6/9) → |
1. | ဇိအုန်မြို့၌ ငြိမ်ဝပ်စွာနေသောသူ၊ ရှမာရိတောင်ပေါ်မှာ စိုးရိမ်ခြင်းနှင့် ကင်းလွတ်လျက်နေသောသူ၊ လူမျိုးတို့တွင် အထွဋ်အမြတ်ဟူ၍ ခေါ်ဝေါ်သောသူ၊ ဣသရေလအမျိုး ဆည်းကပ်သောသူတို့သည် အမင်္ဂလာရှိ ကြ၏။ |
2. | ကာလနေမြို့သို့သွား၍ ကြည့်ရှုကြလော့။ ထိုမြို့မှဟာမတ်ကြီးမြို့သို့၎င်း၊ ဖိလိတ္တိလူတို့နေသော ဂါသမြို့ သို့၎င်း သွားကြလော့။ ထိုနိုင်ငံတို့သည် ဤနိုင်ငံတို့ထက်သာ၍ ကောင်းသလော။ သူတို့နယ်အပိုင်းအခြားသည် သင်တို့နယ်အပိုင်းအခြားထက်သာ၍ ကျယ်သလော။ |
3. | ဆိုးယုတ်သော နေ့ရက်ကို ရွှေ့၍၊ မတရားသဖြင့် စီရင်ရာပလ္လင်ကို အနီးမှာတည်စေခြင်း၊ |
4. | ဆင်စွယ်ခုတင်ပေါ်မှာ အိပ်၍ မွေ့ရာပေါ်မှာလျောင်းခြင်း၊ သိုးစုထဲက သိုးသငယ်တို့ကို၎င်း၊ နွားတင်း ကုပ်ထဲက နွားသငယ်တို့ကို၎င်း ယူ၍စားခြင်း၊ |
5. | တယောထိုးသံနှင့်ပြိုင်လျက် သီချင်းဆိုခြင်း၊ တီးမှုတ်ရာတုရိယာမျိုးအသစ်ကို ဒါဝိဒ်မင်းရှာ၍ လုပ်သကဲ့သို့ လုပ်ခြင်း၊ |
6. | စပျစ်ရည်ကို ဖလားနှင့်သောက်၍၊ အဘိုးထိုက်သော နံ့သာဆီနှင့် လိမ်းခြင်းတို့ကိုပြု၍၊ ယောသပ်အမျိုး ဆင်းရဲခံရသည်ကို စိတ်မကြင်နာဘဲနေသော၊ |
7. | ထိုသူတို့သည် အဦးဆုံးသိမ်းသွားခြင်းကို ခံရသောသူတို့နှင့်အတူ ပါသွားကြလိမ့်မည်။ လျောင်း၍ နေသောသူတို့၏ ပွဲသည်လည်း ကွယ်ပျောက်ရလိမ့်မည်။ |
8. | ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ အရှင်ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ ယာကုပ်၏မာနကို ငါရွံရှာ၍ သူ၏ဘုံဗိမာန်တို့ကိုမုန်း သောကြောင့်၊ မြို့တော်နှင့် မြို့၌ရှိသမျှကို ငါစွန့်ပစ်မည်။ |
9. | အိမ်တဆောင်တွင် လူတကျိပ်ကျန်ကြွင်းသော်လည်း သေကြလိမ့်မည်။ |
10. | ပေါက်ဘော်တော်၍ မီးဖြင့် သင်္ဂြိုဟ်ရသော သူသည် အိမ်ထဲကအသေကောင်ကိုထုတ်၍ ချီသွား သောအခါ၊ အိမ်အတွင်းတွင်ရှိသော သူကိုခေါ်၍၊ သင်၌ တစုံတယောက်ကျန်ကြွင်းသေးသလောဟု မေးသော်၊ မကျန်ကြွင်းဟု ပြန်ပြောလိမ့်မည်။ ထမ်းသွားသောသူကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းရသော အခွင့်မရှိဟု ပြောဆိုလိမ့် မည်။ |
11. | အကြောင်းမူကား၊ ထာဝရဘုရားအမိန့်တော် ရှိသဖြင့်၊ အိမ်ကြီးကိုဖြို၍ အိမ်ငယ်ကိုလည်း ကွဲစေတော် မူလိမ့်မည်။ |
12. | မြင်းသည် ကျောက်ပေါ်မှာ ပြေးတတ်သလော။ လူသည် ကျောက်ပေါ်မှာ နွားနှင့် ထွန်တတ်သလော။ သင်တို့သည် တရားသဖြင့် စီရင်ခြင်းကို ခါးစွာသော သစ်ရွက်ဖြစ်စေခြင်းငှါ၎င်း၊ ဖြောင့်မတ်ခြင်းကို ဒေါနရွက် ဖြစ်စေခြင်းငှါ၎င်း ပြုကြသည်တကား။ |
13. | အချည်းနှီးသောအရာ၌ ဝါကြွားဝမ်းမြောက်၍၊ ငါတို့သည် ကိုယ်အစွမ်းသတ္တိအားဖြင့် အာဏာကို သိမ်းယူပြီမဟုတ်လောဟု ဆိုတတ်ကြသည်တကား။ |
14. | အကယ်စင်စစ်၊ အိုဣသရေလအမျိုး၊ သင်တို့ တဘက်၌ လူတမျိုးကို ငါထစေ၊ ထိုလူမျိုးသည် ဟာမတ် မြို့လမ်းဝမှစ၍ တော၌ရှိသော မြစ်တိုင်အောင် သင်တို့ကို ညှဉ်းဆဲလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။ |
← Amos (6/9) → |