← Amos (2/9) → |
1. | တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ မောဘပြည်သည် ဧဒုံရှင်ဘုရင်၏ အရိုးတို့ကို ထုံးဖြစ်စေ ခြင်းငှါ မီးနှင့် ဖုတ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။ |
2. | မောဘပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ကေရုတ်မြို့၏ဘုံဗိမာန်တို့ကို လောင်စေမည်။ ကြီးသော အသံဗလံ ပြုခြင်း၊ အော်ဟစ်ခြင်း၊ တံပိုးမှုတ်ခြင်းနှင့်တကွ မောဘပြည်သည် ဆုံးရှုံးရလိမ့်မည်။ |
3. | မောဘပြည်အလယ်၌ တရားသူကြီးကို ငါပယ်ဖြတ်၍၊ သူနှင့်တကွ မှူးမတ်အပေါင်းတို့ကို ကွပ်မျက် မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
4. | တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒအမျိုးသည် ထာဝရဘုရားစီရင်တော်မူချက်တို့ကို မစောင့်၊ ပညတ်တရားတော်ကို စွန့်ပစ်၍၊ ဘိုးဘေးတို့ လိုက်ဘူးသော မိစ္ဆာဒိဌိအားဖြင့် မှားယွင်းသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။ |
5. | ယုဒပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ယေရုရှလင်မြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။ |
6. | တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသည် ဖြောင့်မတ်သော သူကို ငွေနှင့်၎င်း၊ ဆင်းရဲသောသူကို ခြေနင်းတရံနှင့်၎င်း ရောင်းသောအပြစ်၊ |
7. | ဆင်းရဲသော သူတို့၏ခေါင်းကို မြေမှုန့်နှင့် ဖုံးလွှမ်းစေခြင်းငှါ အလွန်အလိုကြီး၍၊ နှိမ့်ချသောသူကို မတရားသဖြင့် စီရင်သောအပြစ်၊ ငါ၏နာမမြတ်ကို ရှုတ်ချခြင်းငှါ အဘနှင့်သားသည် တဦးတည်းသောမိန်းမကို ပေါင်းဘော်သောအပြစ်၊ |
8. | ပေါင်ထားသောအဝတ်ကို ခပ်သိမ်းသော ယဇ်ပလ္လင်တို့အနား၌ ခင်း၍အိပ်သောအပြစ်၊ လျော်ပြစ် ငွေကို ဝယ်သောစပျစ်ရည်ကို သူတို့ဘုရား၏အိမ်၌ သောက်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ |
9. | အာရဇ်ပင်အရပ်နှင့်အမျှ မြင့်၍ သပိတ်ပင်ကဲ့သို့ ခိုင်မာသောအာမောရိအမျိုးကို သင်တို့ရှေ့မှာ ငါ ပယ်ရှား၍၊ အထက်၌ သူ၏အသီးကို၎င်း၊ အောက်၌ သူ၏အမြစ်ကို၎င်း ငါဖျက်ဆီးပြီ။ |
10. | သင်တို့ကို အဲဂုတ္တုပြည်မှနှုတ်ယူ၍ အာမောရိပြည်ကို ဝင်စားစေခြင်းငှါ၊ အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်ပြီ။ |
11. | သင်တို့သားအချို့ကို ပရောဖက်အရာ၊ လုလင်အချို့ကို နာဇရိလူအရာ၌ ငါခန့်ထားပြီ။ အိုဣသရေလ အမျိုးသားတို့၊ ဤစကားမှန်သည် မဟုတ်လောဟု ထာဝရဘုရားမေးတော်မူ၏။ |
12. | သင်တို့မူကား၊ နာဇရီလူသောက်ဘို့ စပျစ်ရည်ကိုပေးကြပြီ။ ပရောဖက်တို့ကိုလည်း၊ ပရောဖက်ပြု၍ မဟောကြနှင့်ဟု မြစ်တားကြပြီ။ |
13. | ထိုကြောင့်၊ လှည်းသည် အပြည့်တင်သောကောက်လှိုင်း၏ဖိစီးခြင်းကို ခံရသကဲ့သို့၊ သင်တို့၏နေရာ အရပ်ကို ငါဖိစီးမည်။ |
14. | အပြေးကောင်းသောသူသည် ပြေးသောအခွင့်ကို မရ။ ခွန်အားကြီးသောသူသည် မိမိခွန်အားကို ထုတ်ရ သောအခွင့်မရှိရ။ သူရဲသည် ကိုယ်ကို မကယ်လွှတ်ရ။ |
15. | လေးကိုကိုင်သောသူသည်မရပ်ရ။ လျင်မြန်သောခြေသည် သူရဲသည် ကိုယ်ကိုမကယ်လွှတ်ရ။ မြင်းစီးသူရဲသည်လည်း ကိုယ်ကိုမကယ်လွှတ်ရ။ |
16. | ရဲရင့်သော သူရဲသည် ထိုနေ့၌ အဝတ်မပါဘဲ ပြေးသွားရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
← Amos (2/9) → |