Amos (1/9) → |
1. | ယုဒရှင်ဘုရင် ဩဇိမင်း၊ ဣသရေလရှင်ဘုရင်ယောရှ၏သား ယေရောဗောင်မင်းတို့လက်ထက်၊ မြေကြီး မလှုပ်မှီနှစ်နှစ် အထက်က၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသားအာမုတ်သည် ဣသရေလပြည်အတွက် ခံရသော ဗျာဒိတ်တော်စကားဟူမူကား၊ |
2. | ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်ကကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲကအသံကို လွှင့်တော်မူသော ကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။ |
3. | ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒမာသက်မြို့သည် ဂိလဒ်ပြည်ကို စပါးနယ်ရာ သံယန္တရားစက်တို့ နှင့် ကြိတ်နယ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ |
4. | ဟာဇေလမင်းမျိုးအပေါ်သို့ မီးကိုလွှတ်၍၊ ဗင်္ဟာဒဒ်မင်း၏ဘုံဗိမာန်တို့ကို လောင်စေမည်။ |
5. | ဒမာသက်မြို့ တံခါးကန့်လန့်ကျင်တို့ကိုချိုးမည်။ အာဝင်ချိုင့်သားတို့ကို၎င်း၊ ဗေသေဒင်မြို့၌ မင်းပြုသော သူတို့ကို၎င်း ပယ်ဖြတ်မည်။ ရှုရ်ပြည်သားတို့သည် ကိရမြို့သို့ သိမ်းသွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
6. | တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဂါဇမြို့သည် ချုပ်ထားသောသူအပေါင်းတို့ကို ဧဒုံမင်း၌ အပ်ခြင်းငှါ သိမ်းသွားသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ |
7. | ဂါဇမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ |
8. | အာဇုတ်မြို့သားတို့ကို၎င်း၊ အာရှကေလုန်မြို့၌ မင်းပြုသောသူတို့ကို၎င်း ပယ်ဖြတ်မည်။ ဧကြုန်မြို့ကို လည်း တိုက်၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
9. | တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သောမိဿဟာယကို မစောင့်၊ ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုံမင်း၌အပ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ် မပေးဘဲမနေ။ |
10. | တုရုမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ |
11. | တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဧဒုံပြည်သည် သနားသောစိတ်ကိုချုပ်တည်း၍၊ ညီအစ်ကို ကို ထားနှင့်လိုက်သောအပြစ်၊ ဒေါသစိတ်နှင့် အစဉ်အမြဲဆွဲဖြတ်၍ အစဉ်အမြဲအငြိုးထားသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။ |
12. | တေမန်မြို့အပေါ်သို့ မီးကိုလွှတ်၍၊ ဗောဇရမြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။ |
13. | တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်ပြည်သားတို့သည် မိမိတို့နေရာကို ကျယ်စေခြင်းငှါ၊ ကိုယ်ဝန်ဆောင်သော ဂိလဒ်ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ |
14. | ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ စစ်တိုက်သောနေ့၌ အော်ဟစ်ခြင်း၊ မိုဃ်းသက် မုန်တိုင်းရောက်သောနေ့၌ လွင့်သွားခြင်း ရှိလိမ့်မည်။ |
15. | သူတို့ရှင်ဘုရင် ကိုယ်တိုင်မှစ၍၊ မှူးတော်မတ်တော်များတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
Amos (1/9) → |