← Acts (4/28) → |
1. | ထိုသို့ တမန်တော်တို့သည် လူများတို့အားဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရောဟိတ် တို့နှင့် ဇဒ္ဒုကဲများတို့သည်လာကြသဖြင့်၊ |
2. | တမန်တော်တို့သည် လူများတို့အားဆုံးမဩဝါဒပေး၍ ယေရှုကိုအကြောင်းပြုလျက် သေခြင်းမှ ထမြောက်ခြင်းတရားကို ဟောသောကြောင့်၊ ထိုမင်းများတို့သည် စိတ်ပူပန်ခြင်းရှိသည်နှင့်၊ |
3. | တမန်တော်တို့ကိုဘမ်းဆီးပြီးမှ၊ ညအချိန်ဖြစ်သောကြောင့် နက်ဖြန်နေ့တိုင်အောင် နှောင်အိမ်၌ ချုပ်ထားကြ၏။ |
4. | တရားနာသောသူအများတို့သည် ယုံကြည်ခြင်းသို့ရောက်၍ အရေအတွက်အားဖြင့် လူငါးထောင်မျှ လောက်ရှိကြ၏။ |
5. | နက်ဖြန်နေ့ရောက်သော် မင်းအရာရှိ၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာတို့နှင့်၊ |
6. | ယဇ်ပုရောဟိတ်မင်းအန္နတ်၊ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြုမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုးရှိမျှ တို့သည် ယေရုရှလင်မြို့၌ စုဝေးကြပြီးလျှင်၊ |
7. | တမန်တော်တို့ကို အလယ်၌ထား၍၊ သင်တို့သည် အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏နာမအားဖြင့် ဤအမှုကိုပြုသနည်းဟု မေးမြန်းကြ၏။ |
8. | ထိုအခါပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ လူများကို အစိုးရသောမင်းတို့နှင့် ဣသရေလအမျိုးအကြီးအကဲတို့၊ |
9. | အင်္ဂါချို့တဲ့သောသူကို ကျေးဇူးပြု၍၊ သူသည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ်သနည်းဟု ငါတို့သည်ယနေ့အစစ်ခံရလျှင်၊ |
10. | သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာလျက် ရှိသည်ကို သင်တို့မှစ၍ ဣသရေလလူအပေါင်းတို့ သိမှတ်ကြလော့။ |
11. | ထိုသခင်ကား၊ သင်တို့သည်တိုက်ကို တည်လုပ်သောအခါ ပယ်ထား၍၊ နောက်တဖန် တိုက်ထောင့် အထွဋ်ဖျားသို့ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ |
12. | ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။ |
13. | ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲရင့် ခြင်းသတ္တိကို မြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ၍နေကြ၏။ ထိုသူနှစ် ယောက်တို့သည် အထက်ကယေရှုနှင့်အတူ ရှိသည်ကို သတိရ၍၎င်း၊ |
14. | အနာကင်းလွတ်သော သူသည် ထိုသူတို့နှင့် အတူ ရှိနေသည်ကို မြင်၍၎င်း၊ ငြင်းခုံဆိုဘွယ်ရာ မရှိမတွေ့ကြ။ |
15. | တမန်တော်တို့ကိုလွှတ်တော်မှ ထွက်သွား စေပြီး လျှင်၊ ဤသူတို့ ကို အဘယ်သို့ပြုရမည်နည်း။ |
16. | သူတို့သည် ထင်ရှားစွာသော နိမိတ်လက္ခဏာကို ပြပြီးသည်ကို၊ ယေရုရှလင်မြို့၌နေသော သူအပေါင်း တို့သည် သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံခြင်းငှါ မတတ်နိုင်ပြီ။ |
17. | သို့သော်လည်း လူများအထဲ၌သာ၍ မနှံ့မပြား စေခြင်းငှါ၊ နောက်တဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့် ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းချောက်ကြကုန်အံ့ဟု အချင်းချင်းတိုင် ပင်ပြီးမှ၊ |
18. | တမန်တော်တို့ကိုခေါ်၍၊ ယေရှု၏ နာမကို အမှီပြုလျက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့် ဟု အမိန့်ရှိကြ၏။ |
19. | ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော် ကိုနားထောင်သည်ထက် သင်တို့၏ စကားကိုသာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြ လော့။ |
20. | ငါတို့သည်ကြားလျက်၊ မြင်လျက်ရှိသောအရာ တို့ကိုမဟော မပြောဘဲမနေနိုင်ဟု ထိုသူတို့အား ဆိုကြ၏။ |
21. | ထိုအခါတမန်တော်တို့၌ အပြစ်ဒဏ်ပေးသင့် သော အကြောင်းကို မတွေ့သဖြင့် တဖန် ခြိမ်းချောက် ပြီးလျှင်လွှတ်ကြ၏။ |
22. | အကြောင်းမူကား၊ အနာကင်းခြင်း နိမိတ် လက္ခဏာကို ခံရသော သူသည် အသက်လေးဆယ်ကျော် ရှိသည်ဖြစ်၍ လူအပေါင်းတို့သည် ထိုအမှုကို ထောက်လျက် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ |
23. | တမန်တော်တို့သည် လွတ်သောအခါ၊ မိမိတို့ အပေါင်းအသင်း ရှိရာသို့သွား၍၊ မိမိတို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲတို့ ပြောဆိုသမျှကို ပြန်ကြားကြ၏။ |
24. | ထိုသူများတို့သည်ကြားရလျှင်၊ တညီတညွတ် တည်း ဘုရားသခင့် ထံသို့အသံကိုလွှင့်လျက်၊ အစိုးရတော် မူသေအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ |
25. | ကိုယ်တော်ကလည်း၊ လူမျိုးတို့သည် အဘယ် ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။ |
26. | လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ် အရာရှိတို့လည်း ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက် စည်းဝေးကြ၏ဟု ကိုယ်တော် ကျွန်ဒါ ဝိဒ်၏ နှုတ်ဖြင့်ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ |
27. | ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလ အမျိုးသား၊ တပါး အမျိုးသားတို့သည်၊ |
28. | ကိုယ်တော်၏ အလိုရှိသည်အတိုင်း၊ ရှေးမဆွ ကလက်တော်ဖြင့် ခွဲခန့်မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှါ ဘိသိတ်ပေးတော်မူသော သားတော်မြတ် ယေရှုကို ဤမြို့၌ရန်ဘက်ပြု၍ စည်းဝေးကြပြီ၊ အမှန် ဖြစ်ပါ၏။ |
29. | အိုထာဝရဘုရား၊ ယခုအခါ ထိုသူတို့၏ ခြိမ်း ချောက်ခြင်းကို မှတ်တော်မူပါ။ |
30. | အနာရောဂါငြိမ်းစေခြင်းငှါ လက်တော်ကို ဆန့်တော်မူ၍၊ သန့်ရှင်းသော သားတော်ယေရှု၏ နာမ တော်အားဖြင့် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ဖြစ်စေတော်မူစဉ်တွင်၊ ကိုယ်တော်၏ ကျွန်တို့ သည် နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောပါမည် အကြောင်း ကယ်မတော် သနားတော်မူပါဟု ဆုတောင်း ကြ၏။ |
31. | ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟော ပြောကြ၏။ |
32. | ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံး တညီတညွတ် တည်းရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာတစုံ တခုကို ငါ့ဥစ္စာဟူ၍မဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။ |
33. | သခင်ယေရှု ထမြောက်တော်မူခြင်း အကြောင်း ကို တမန်တော် တို့သည် ကြီးသော တန်ခိုးနှင့် သက်သေခံ ၍၊ ထိုသူအပေါင်းတို့သည် ကြီးသော ကျေးဇူးတော်နှင့် ပြည့်စုံကြ၏။ |
34. | ထိုသူတို့တွင် ဆင်းရဲသောသူတယောက်မျှမရှိ။ အကြောင်း မူကား၊ အိမ်၊ မြေကွက်ကို ပိုင်သော သူရှိသမျှ တို့သည် ရောင်းပြီးလျှင်၊ ရသောအဘိုးကိုယူဆောင်ခဲ့၍၊ |
35. | တမန်တော်တို့၏ ခြေရင်း၌ထားကြသဖြင့်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှပေး ကမ်းကြ၏။ |
36. | ယောသေအမည်ရှိ၍ သက်သာစေခြင်း၏ သားဟုဆိုလိုသော ဗာနဗအမည်သစ်ကို တမန်တော်တို့ သမုတ်ခြင်းအားဖြင့်ရသော ကုပရုပြည်သား လေဝိ လူတယောက်သည်၊ |
37. | မိမိပိုင်သော မြေကိုရောင်းပြီးလျှင်၊ ရသော ငွေကိုယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။ |
← Acts (4/28) → |