← Acts (19/28) → |
1. | အာပေါလုသည် ကောရိန္တုမြို့၌နေစဉ်၊ ပေါလုသည်အထက် အရပ်များကို ရှောက်သွားပြီးမှ ဧဖက်မြို့သို့ရောက်၍၊ တပည့်တော် အချို့တို့ကိုတွေ့လျှင်၊ |
2. | သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်း သော ဝိညာဉ်တော် ကိုခံကြပြီဟု မေးသည်ရှိသော်၊ သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မသိပါဟု ပြောဆိုကြ၏။ |
3. | ပေါလုကလည်း၊ သို့ဖြစ်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံကို ခံကြသနည်းဟု မေးလျှင်၊ ယောဟန်၏ဗတ္တိဇံကိုခံပါသည်ဟု ပြောဆိုကြ၏။ |
4. | ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု လူများတို့အား ပြောဆို လျက်၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကို ဆိုလိုသည်။ |
5. | ဟူသောစကားကို ကြားလျှင်၊ ထိုသူတို့သည် သခင်ယေရှု၏ နာမ၌ဗတ္တိဇံကို ခံကြ၏။ |
6. | ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော် မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြော၍ ပရောဖက်ပြုကြ၏။ |
7. | ထိုသူတို့သည် အရေအတွက်အားဖြင့် တကျိပ် နှစ်ယောက်မျှ လောက်ရှိသတည်း။ |
8. | ထိုနောက်မှ ပေါလုသည် တရားစရပ်သို့ဝင်၍ သုံးလပတ်လုံး ဘုရားသခင်၏ နိုင်ငံတော်အကြောင်း များကို ဆွေးနွေးနှီးနှော၍ ဖြားယောင်းသွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ၏။ |
9. | အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍ မယုံကြည်ဘဲ နေလျက်၊ လူများရှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သောအခါ၊ ပေါလုသည် သူတို့အထဲမှထွက်သွား၍ တပည့်တော်တို့ကို အသီးအခြားခွဲထားပြီးမှ၊ |
10. | တုရန္နုအမည်ရှိသောသူ၏ စာသင်စရပ်၌ နှစ်နှစ်ပတ်လုံး နေ့တိုင်းဟောပြောသောအားဖြင့်၊ အာရှိ ပြည်သားဖြစ်သော ယုဒလူ၊ ဟေလသလူ အပေါင်းတို့ သည် သခင်ယေရှု၏ နှုတ်ကပတ်တရားတော်ကို ကြားရကြ၏။ |
11. | ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန် တရာ ထူးဆန်းသော တန်ခိုးများကိုပြတော်မူသည်ဖြစ်၍၊ |
12. | ပေါလုသုံးသောပဝါ၊ ခါးပန်းတခုခုကို အနာရောဂါရှိသောသူ တို့ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာရောဂါနှင့်ကင်းလွတ်ကြ၏။ နတ်ဆိုးတို့လည်း ထွက်သွားကြ၏။ |
13. | ထိုအခါအရပ်ရပ်သို့လှည့်လည်၍ ဓိဋ္ဌာန်သစ္စာ ပေးတတ်သော ယုဒလူအချို့တို့က၊ ပေါလုဟောပြော သော ယေရှုကို ငါတိုင်တည်၍ သင်တို့ကို ဓိဋ္ဌာန်သစ္စာ ပေး၏ဟုဆိုလျက်၊ နတ်ဆိုးစွဲသော သူတို့၏အပေါ်၌ သခင်ယေရှု၏နာမတော်ကို မြွက်စမ်းကြ၏။ |
14. | သကေဝအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ သားခုနစ်ယောက်တို့သည် ထိုသို့ပြုကြ၏။ |
15. | နတ်ဆိုးကလည်း၊ ယေရှုကိုငါသိ၏။ ပေါလုကို လည်း ငါသိ၏။ သင်တို့ကား၊ အဘယ်သူနည်းဟု ပြောဆိုပြီးလျှင်၊ |
16. | နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက်၍နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့်၊ ထိုအိမ်မှအဝတ်မပါဘဲအနာများနှင့် ထွက်ပြေးစေ၏။ |
17. | ထိုအကြောင်းအရာကို ဧဖက်မြို့၌နေသော ယုဒလူနှင့် ဟေလသလူအပေါင်းတို့သည် ကြားသိလျှင်၊ ကြောက်ရွံ့ခြင်းသို့ရောက်၍ သခင်ယေရှု၏ နာမတော် ကိုချီးမွမ်းကြ၏။ |
18. | ယုံကြည်သောသူအများတို့သည်လည်း လာ၍ မိမိတို့အကျင့်ကို ဘော်ပြလျက်တောင်းပန်ကြ၏။ |
19. | နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ ရှေ့မှာမီးရှို့ကြ၏။ စာစောင် အဘိုးကိုချင့်တွက်သော်၊ ငွေအသပြာ ငါးသောင်းထိုက်သည်ကို သိကြ၏။ |
20. | ထိုသို့သခင်ဘုရား၏သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။ |
21. | ထိုနောက်မှပေါလုက၊ ငါသည်မာကေဒေါနိပြည်နှင့် အခါယပြည် ကိုရှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့ သို့သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကိုမြင်ရမည်ဟုစိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊ |
22. | မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသနှင့် ဧရတ္တု တို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ခဏ နေသေး၏။ |
23. | ထိုအခါဘာသာတရားကြောင့် ရောက်သော အမှုကြီးဟူမူကား၊ |
24. | ဒေမေတရိအမည်ရှိသော ပန်းထိမ်သမားတယောက်သည် အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ် တို့ကို လုပ်သဖြင့်၊ ပန်းထိမ်သမား တို့အားစီးပွားများ ကိုပြုတတ်၏။ |
25. | ထိုသူသည်ပန်းထိမ်သမားတို့နှင့် ထိုသို့သော အတတ်သမား များကိုစုရုံးစေပြီးလျှင်၊ အချင်းလူတို့၊ ဤ အတတ်ကိုသင်တို့သိကြ၏။ |
26. | ယခုတွင် ထိုပေါလုက၊ လူလက်ဖြင့် လုပ်သမျှ တို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည် တရှောက်လုံးကုန် မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည် မြင်လျက်၊ ကြားလျက်ရှိကြ၏။ |
27. | ထိုသို့လူများတို့သည် ငါတို့၏အတတ်ကို ကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သောနတ်သမီးအာတေမိ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည် တရှောက် လုံးမှစ၍ လောကီနိုင်ငံသားတို့ ကိုးကွယ်သောဘုန်း အသရေတော်သည် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို၏။ |
28. | ထိုစကားကိုကြားလျှင်၊ ထိုသူတို့သည် ဒေါသအမျက်နှင့် ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ်ကြ၏။ |
29. | တမြို့လုံးရုန်းရင်းခတ်မျှဖြစ်၍၊ ပေါလုနှင့်အတူ ဒေသစာရီ လှည့်လည်သော မာတေဒေါနိလူ ဂါယုနှင့် အာရိတ္တာခုတို့ကို ဆွဲယူပြီးလျှင်၊ ပွဲခံရာစရပ်ထဲသို့ ညီညွတ်စွာ တဟုန်တည်းပြေးဝင်ကြ၏။ |
30. | ပေါလုသည် လူစုထဲသို့ဝင်ခြင်းငှါ အလိုရှိလျှင် တပည့်တော် တို့သည် မြစ်တားကြ၏။ |
31. | ပေါလု၏အဆွေဖြစ်သော အာရှိပွဲမင်းအချို့ ကလည်း၊ ပွဲခံရာ စရပ်ထဲသို့ကိုယ်ကိုမအပ်ပါနှင့်ဟု သူ့ထံသို့စေလွှတ်၍ တောင်းပန်လေ၏။ |
32. | စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ်၍၊ တယောက် တခြားစီ အော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့စုဝေးရသည် အကြောင်းကိုပင်မိမိတို့မသိကြ။ |
33. | ယုဒလူတို့သည် အာလေဇန္ဒြုကို အခွင့်ပေး၍ သူတပါးတို့သည် လူစုရှေ့သို့ သွားစေသဖြင့်၊ သူသည် လက်နှင့်အမှတ်ပေး၍ အပြစ်ဖြေရာ စကားကို လူများတို့ အား ပြောခြင်းငှါ အလိုရှိ၏။ |
34. | သူသည်ယုဒလူဖြစ်သည်ကို သိကြလျှင်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု နှစ်နာရီ ခန့်မျှလောက် လူအပေါင်း တို့သည် တသံတည်းနှင့် ဟစ်ကြ၏။ |
35. | မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင်၊ ဧဖက်လူတို့၊ ဧဖက်မြို့သည် ဇုသဘုရားထံမှ ကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကျွေးသောဘုရားကျွန်ဖြစ်သည် ကို မသိသော သူတစုံတယောက်ရှိသလော။ |
36. | ဤအရာများတို့သည် ငြင်းခုံဘွယ်မရှိသည်ဖြစ် ၍၊ သင်တို့သည် တိတ်ဆိတ်စွာနေသင့်ကြ၏။ |
37. | သတိနှင့်မဆင်ခြင်ဘဲ အဘယ်အမှုကိုမျှ မပြုသင့်ကြ၊ ဗိမာန်တော်ကိုလုယူဖျက်ဆီးခြင်းမရှိ၊ သင်တို့ ၏ ဘုရားကိုမကဲ့ရဲ့သော ဤလူတို့ကို သင်တို့သည် ဆောင်ယူခဲ့ကြပြီတကား။ |
38. | ဒေမေတရိမှစ၍ သူနှင့်အတူရှိသော ပန်းထိမ်သမားတို့သည် တစုံတယောက်သောသူ၌ အမှုရှိလျှင် ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်းရှိ၏။ အမှုသည်ချင်း တရားတွေ့ကြစေ။ |
39. | သို့မဟုတ်သင်တို့သည် အခြားအမှုကို အစီရင်ခံ လိုလျှင်၊ တရားသောအစည်းအဝေး၌စီရင်ရလိမ့်မည်။ |
40. | ယနေ့ရုန်းရင်းခတ်ခြင်းကို ပြုသောကြောင့် အမှုရောက်မည်ဟု စိုးရိမ်စရာရှိ၏။ အကြောင်းမူကား၊ ဤမတရားသောစည်းဝေးခြင်း အကြောင်းကို ပြောစရာ တစုံတခုမျှ မရှိဟု၊ |
41. | ဆိုပြီးလျှင် အစည်းအဝေးကိုဖျက်လေ၏။ |
← Acts (19/28) → |