← 2Samuel (8/24) → |
1. | ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ အောင်မြင်သဖြင့်၊ မေသေဂမ္မာမြို့ကို သိမ်းယူလေ၏။ |
2. | မောဘပြည်ကိုလည်းလုပ်ကြံ၍ ပြည်သားတို့ကို မြေပေါ်မှာ လှဲချသဖြင့်၊ ကြိုးနှင့်တိုင်းလျက် သုံးစုတွင် နှစ်စုကိုသတ်၏။ တစုကိုချမ်းသာပေး၏။ ထိုသို့မောဘ အမျိုးသားတို့သည် ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ |
3. | ဇောဘမင်းကြီးရဟောဘ၏ သားဟာဒဒေဇာသည် ဥဖရတ်မြစ်နားမြေကိုသိမ်းယူခြင်းငှါ သွားသော အခါ၊ ဒါဝိဒ်သည် တိုက်ဖျက်၍၊ |
4. | ရထားတထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲနှစ်သောင်းကို ဘမ်းဆီး၍ ရထားတရာတို့ကိုသိမ်းထားပြီးမှ၊ အခြားသောမြင်းရထားရှိုသမျှတို့ကို ဖျက်ဆီးလေ၏။ |
5. | ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ၊ |
6. | ရှုရိပြည် ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထားသဖြင့်၊ ရှုရိလူတို့သည်ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရား စောင့်မ တော်မူ၏။ |
7. | ဟာဒဒေဇာ၏ ကျွန်တို့စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင် သွား၏။ |
8. | ဟာဒဒေဇာအစိုးရသော ဘေတမြို့နှင့် ဗေရောသဲမြို့မှ ဒါဝိဒ်မင်းကြီးသည် များစွာသောကြေးဝါကို သိမ်းသွား၏။ |
9. | ဟာဒဒေဇာ၏ တပ်အလုံးအရင်းကို ဒါဝိဒ် လုပ်ကြံကြောင်းကို၊ ဟာမတ်မင်းကြီးတောဣသည် ကြားလျှင်၊ |
10. | မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိဿဟာယဖွဲ့၍ ကောင်းကြီး ပေးစေခြင်းငှါ၊ မိမိသားယောရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ယောရံသည် ငွေဖလား၊ ရွှေဖလား၊ ကြေးဝါ ဖလားတို့ကို ဆောင်လျက်လာ၏။ |
11. | ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားအား ပူဇော်၏။ ထိုအတူအောင်မြင်သောရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၌ သိမ်းယူသော ရွှေငွေကို၎င်း၊ |
12. | ဇောဘမင်းကြီး ရဟောဘသား ဟာဒဒေဇာ၏ ဘဏ္ဍာကို လုယူ၍ ရသောရွှေငွေကို၎င်း၊ ထာဝရဘုရား အား ပူဇော်၏။ |
13. | ဆားချိုင့်တွင် ဧဒုံလူတသောင်းရှစ်ထောင်တို့ကို လုပ်ကြံရာမှ၊ ဒါဝိဒ်သည် ပြန်လာသောအခါ ဂုဏ်အသရေ ကြီး၏။ |
14. | ဧဒုံပြည်အရပ်ရပ်၌ မြို့စောင့်တပ်တို့ကိုထား၍၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရား စောင့်မတော်မူ၏။ |
15. | ထိုသို့ ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကို စိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ် တော်မူ၏။ |
16. | ဇေရုယာ၏သားယွာဘသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ အဟိလုပ်၏ သားယောရှဖတ်သည် အတွင်းဝန် ဖြစ်၏။ |
17. | အဟိတုပ်သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။ |
18. | ယောယဒ၏သား ဗေနာယသည် ခေရသိလူနှင့် ပေလသိ လူတို့ကိုအုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့ သည်လည်း မင်းသားအရာနှင့် နေကြ၏။ |
← 2Samuel (8/24) → |