← 2Samuel (15/24) → |
1. | ထိုနောက်မှအဗရှလုံသည် ရထားများနှင့်မြင်းများကို၎င်း၊ မိမိရှေ့မှာ ပြေးရသောလူငါးဆယ်ကို၎င်း ပြင်ဆင်လေ၏။ |
2. | အဗရှလုံသည် စောစောထ၍ တံခါးဝမှာ ရပ်နေတတ်၏။ အမှုရှိသောသူသည် စီရင်တော်မူခြင်းကို ခံအံ့သောငှါ၊ ရှင်ဘုရင်ထံတော်သို့ လာသောအခါ အဗရှလုံက၊ သင်သည်အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင်၊ ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော ဣသရေလအမျိုးအနွယ်သားဖြစ်ပါ၏ဟု ပြန်လျှောက်သော်၊ |
3. | အဗရှလုံက၊ သင့်အမှုသည် ဟုတ်မှန်လျောက် ပတ်ပေ၏။ သို့သော်လည်း သင့်အမှုကို ရှင်ဘုရင်မှစ၍ အဘယ်သူမျှ နားမထောင်ဟု ပြောဆိုတတ်၏။ |
4. | တဖန်တုံ၊ ငါသည်ဤပြည်၌ တရားစီရင်သော မင်းဖြစ်ပါစေသော။ သို့ဖြစ်လျှင် တရားမှုရှိသော အမှုသည် အပေါင်းတို့သည် ငါ့ထံသို့ လာ၍ ငါသည် တရားသဖြင့် စီရင်မည်ဟုဆိုတတ်၏။ |
5. | လူတစုံတယောက်သည် ရိုသေစွာပြု၍ ချဉ်းကပ်သောအခါ၊ အဗရှလုံသည် လက်ကိုဆန့်၍ ထိုသူကို ကိုင်လျက် နမ်းလေ့ရှိ၏။ |
6. | ထိုသို့စီရင်တော်မူခြင်းကို ခံအံ့သောငှါ၊ ရှင်ဘုရင်ထံတော်သို့လာသော ဣသရေလအမျိုးသား အပေါင်းတို့အား အဗရှလုံပြု၍ သူတို့စိတ်နှလုံးကို ခိုးလေ၏။ |
7. | လေးနှစ်လွန်သောအခါ အဗရှလုံသည် ရှင်ဘုရင်ထံတော်သို့ ဝင်၍၊ |
8. | ထာဝရဘုရားသည် အကျွန်ုပ်ကို တဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွနုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့၌နေသောအခါ သစ္စာဂတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာဂတိပြုသည်အတိုင်း၊ ဟေဗြုန်မြို့သို့သွား၍ သစ္စာဝတ်ကိုဖြေရမည် အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက်လျှင်၊ |
9. | ရှင်ဘုရင်က၊ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။ ထိုအခါ အဗရှလုံသည်ထ၍ ဟေဗြုန်မြို့သို့သွား၏။ |
10. | သို့ရာတွင် လျှို့ဝှက်သောသူတို့ကို ဣသရေလအမျိုးအနွယ်ရှိသမျှသို့ အနှံ့အပြားစေလွှတ်သဖြင့်၊ သင်တို့ သည် တံပိုးမှုတ်သံကို ကြားသောအခါ အဗရှလုံသည် ဟေဗြုန်မြို့၌ နန်းထိုင်တော်မူပြီဟု ပြောဆိုကြလော့ဟု မှာထားလေ၏။ |
11. | အဗရှလုံခေါ်သော လူနှစ်ရာတို့သည် ယေရုရှလင်မြို့ထဲက ထွက်သွားကြ၏။ သူတို့သည် အဘယ် အမှုကိုမျှ မသိဘဲကောင်းသော စိတ်နှင့်လိုက်ကြ၏။ |
12. | ဒါဝိဒ်၏တိုင်ပင်မတ်၊ ဂိလောမြို့သားအဟိသော ဖေလသည် မိမိနေရာဂိလောမြို့၌ ယဇ်ပူဇော်လျက်ရှိ၍ အဗရှလုံခေါ်လေ၏။ အဗရှလုံနောက်သို့ လိုက်သော သူတို့သည် တိုးပွားများပြားသဖြင့် ပုန်ကန်ခြင်းအမှု အားကြီးလေ၏။ |
13. | သိတင်းပြောသောသူတယောက်သည် ဒါဝိဒ်ထံ သို့လာ၍၊ ဣသရေလအမျိုးသားတို့၏ စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။ |
14. | ဒါဝိဒ်ကလည်း၊ ငါတို့သည် ထ၍ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင်အမြန် ထွက်ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ခြင်းတိုက်လာသဖြင့်၊ ငါတို့ကို ဘေးပြု၍ မြို့ကိုလည်း ထားနှင့် လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော်၌ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ၏။ |
15. | ရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ အရှင်မင်းကြီး စီရင်တော်မူသမျှတို့ကို ကိုယ်တော်ကျွန်တို့သည် ပြုပါမည် ဟုလျှောက်ကြလျှင်၊ |
16. | ရှင်ဘုရင်သည် နန်းတော်သားအပေါင်း တို့နှင့်တကွ ထွက်သွား၏။ သို့ရာတွင် နန်းတော်ကို စောင့်စေခြင်းငှါ၊ ကိုယ်လုပ်တော် မိန်းမတကျိပ်တို့ကို ထားခဲ့လေ၏။ |
17. | ထိုသို့ရှင်ဘုရင်နှင့် ကိုယ်တော်၌ပါသောသူ အပေါင်းတို့သည် ထွက်သွား၍ ဗေသာမေရက်ရွာမှာ စားခန်းချကြ၏။ |
18. | ကျွန်တော်မျိုးအပေါင်းတို့သည် ခြံရံလျက် လိုက်ကြ၏။ ဂါသမြို့မှ လိုက်လာသော သူခြောက်ရာ တည်းဟူသော ဂိတ္တိလူအပေါင်းနှင့် ခေရသိလူ၊ ပေလသိ လူအပေါင်းသည် ရှေ့တော်၌ ချီသွားကြ၏။ |
19. | ထိုအခါ ရှင်ဘုရင်သည် ဂိတ္တိလူအိတ္တဲအားလည်း၊ ငါတို့နှင့် အဘယ်ကြောင့် လိုက်သနည်း။ ရှင်ဘုရင်ထံသို့ ပြန်၍နေလော့။ သင်သည် တပါးအမျိုးသား၊ နေရာမကျ သော ဧည့်သည်ဖြစ်၏။ |
20. | မနေ့ကသာရောက်လာသည်ဖြစ်၍၊ ယနေ့ငါတို့ နှင့်အတူ အရပ်ရပ်လှည့်လည်ရမည်လော။ ငါသည် သွားရသော အခွင့်ရှိသည်အတိုင်း သွားရသောကြောင့်၊ သင်သည် အမျိုးသားချင်းတို့ကို ခေါ်၍ ပြန်လော့။ကရုဏာနှင့် သစ္စာရှိပါစေသောဟု မိန့်တော်မူ၏။ |
21. | အိတ္တဲကလည်း၊ ထာဝရဘုရားအသက်၊ အရှင် မင်းကြီးအသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင်မင်းကြီး အသကတော်ဆုံးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရှိတော်မူရာအရပ်၌ ကိုယ်တော်ကျွန်ရှိပါ လိမ့်မည်ဟု ရှင်ဘုရင်အား ပြန်လျှောက်သော်၊ |
22. | ဒါဝိဒ်က၊ ချီသွားလော့ဟု အိတ္တဲအား မိန့်တော်မူသဖြင့်၊ ဂိတ္တိလူအိတ္တဲသည် မိမိ၌ပါသော လူကြီးလူငယ် အပေါင်းတို့နှင့်တကွ ချီသွားလေ၏။ |
23. | ပြည်သူပြည်သားအပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့ သည် ချီးသွား၍၊ ရှင်ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန်ချောင်းကိုကူးလျှင်၊ လူအပေါင်းတို့သည် ကူ၍တောလမ်း သို့ လိုက်သွားကြ၏။ |
24. | ဇာဒုတ်နှင့် လေဝိလူအပေါင်းတို့သည်လည်း ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက် ရောက်လာ၍ သေတ္တာတော်ကို ချထားကြ၏။ လူအပေါင်းတို့သည် မြို့ထဲကထွက်၍ မကုန်မှီတိုင်အောင် အဗျာသာသည် ယဇ်ပူဇော်လျက် နေ၏။ |
25. | ရှင်ဘုရင်သည် ဇာဒုတ်ကိုခေါ်၍၊ ဘုရားသခင်၏ သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့။ ထာဝရ ဘုရားသည် ငါ့ကို စိတ်တော်နှင့်တွေ့လျှင် ငါ့ကိုပို့ပြန်၍ သေတ္တာတော်ကို၎င်း၊ ကျိန်းဝပ်တော်မူရာ အရပ်ကို၎င်း ပြတော်မူမည်။ |
26. | သို့မဟုတ် သင့်ကိုငါအလိုမရှိဟု ငါ့အားမိန့်တော်မူလျှင် ငါရှိပါ၏။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူစေသတည်းဟူ၍၎င်း၊ |
27. | ယဇ်ပုရောဟိတ် ဇာဒုတ်အားလည်း သင်သည် ပရောဖက်ဖြစ်သည်မဟုတ်လော။ သင်၏သား အဟိမတ် နှင့် အဗျာသာ၏သား ယောနသန်၊ ထိုသားနှစ်ယောက်ကို ခေါ်၍ မြို့သို့ငြိမ်ဝပ်စွာ ပြန်သွားလော့။ |
28. | သင်တို့ကြားလျှောက်စေသော စကားမရောက်မှီ ငါသည်တော လွင်ပြင်၌ ဆိုင်းလင့်၍နေမည်ဟု မိန့်တော် မူသည်အတိုင်း၊ |
29. | ဇာဒုတ်နှင့် အဗျာသာတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ပြန်ပို့၍ ထိုမြို့၌ နေကြ၏။ |
30. | ဒါဝိဒ်သည်လည်း ငိုလျက်၊ ဦးခေါင်းကို ခြုံလျက်၊ ခြေနင်းကိုချွတ်လျက် သံလွင်တောင်ပေါ်သို့ တက်လေ ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည်လည်း ဦးခေါင်းကိုခြုံလျက် ငိုကြွေးလျက် တတ်ကြ၏။ |
31. | အဗရှလုံနှင့်ဝိုင်း၍ ပုန်ကန်သော လူစုထဲမှာ၊ အဟိသောဖေလလည်း ပါကြောင်းကို ဒါဝိဒ်သည် ကြား လျှင်၊ အိုထာဝရဘုရား၊ အဟိသော ဖေလပေးသောအကြံကို မိုက်သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်းလေ၏။ |
32. | တောင်ပေါ်သို့ ရောက်သောအခါ ဒါဝိဒ်သည် ဘုရားသခင်ကို ကိုးကွယ်၏။ အာခိမြို့သားဟုရှဲသည် လည်း အင်္ကျီကိုဆုတ်လျက် ခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ၏။ |
33. | ဒါဝိဒ်ကလည်း၊ သင်သည်ငါနှင့်အတူ လိုက်လျှင် ငါ့ကို နှောက်ရှက်လိမ့်မည်။ |
34. | မြို့သို့ပြန်၍ အဗရှလုံအား၊ အရှင်မင်းကြီး၊ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံဘူးသည်နည်းတူ ကိုယ်တော်ထံ၌ ကျွန်ခံပါမည်ဟု လျှောက်လျှင်၊ အဟိသောဖေလ ပေး သော အကြံကို ငါ့ဘက်မှာနေ၍ ဖျက်နိုင်လိမ့်မည်။ |
35. | မြို့တွင်သင်နှင့်အတူ ယဇ်ပုရောဟိတ်ဇာဒုတ် နှင့် အဗျာသာတို့သည် ရှိကြသည်မဟုတ်လော။ သို့ဖြစ်၍ နန်းတော်၌ ကြားသမျှကို ယဇ်ပုရောဟိတ်တို့အား ပြန် ပြောရမည်။ |
36. | သူတို့၌ ဇာဒုတ်၏သား အဟိမတ်နှင့် အဗျာသာ၏သား ယောနသန်သားနှစ်ယောက်ရှိကြ၏။ ကြားနိုင်သမျှကို ထိုသားတို့တွင် ငါ့ထံသို့ ပေးလိုက်ရမည်ဟု မိန့်တော်မူ သည်အတိုင်း၊ |
37. | ဒါဝိဒ်၏ အဆွေခင်ပွန်းဟုရှဲသည် မြို့သို့ပြန်သွား၏။ အဗေရှလုံသည်လည်း ယေရုရှလင်မြို့သို့ ဝင်လေ၏။ |
← 2Samuel (15/24) → |