← 2Samuel (11/24) → |
1. | အခါလည်၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ၊ ဣသရေလ အမျိုးသားများအပေါင်းတို့ကို စေလွှတ်သဖြင့်၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ဖျက်၍ ရဗ္ဗာ မြို့ကို ဝိုင်းထားကြ၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့၌ နေလေ၏။ |
2. | နောက်တနေ့ညဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွာစဉ်တွင်၊ အလွန်အဆင်းလှသောမိန်းမတယောက် ရေချိုးသည်ကို မြင်တော်မူ၏။ |
3. | ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသ ရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။ |
4. | တဖန်လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကို အထံတော်သို့ ခေါ်ခဲ့၍ ရှက်တင်လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ ပြန်ပြီးမှ၊ |
5. | ပဋိသန္ဓေရှိသဖြင့် ဒါဝိတ်ထံသို့လူကိုစေလွှတ်၍၊ကျွန်မ၌ ပဋိသန္ဓေရှိပါ၏ဟု လျှောက်စေသော်၊ |
6. | ဒါဝိဒ်သည် ယွာဘဆီသို့ လူကိုစေလွှတ်၍ ဟိတ္တိလူ ဥရိယကို ငါ့ထံသို့ စေလွှတ်ရမည်ဟု မှာလိုက်သည် အတိုင်း၊ ယွာဘသည်စေလွှတ်၍၊ |
7. | ဥရိယရောက်လာသောအခါ ဒါဝိဒ်က၊ ယွာဘ ကျန်းမာ၏လော။ လူများကျန်းမာ၏လော။ စစ်တိုက်၍ အောင်မြင်သလောဟုမေးမြန်းပြီးမှ၊ |
8. | သင့်အိမ်သို့သွား၍ ခြေဆေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည် နန်းတော်မှထွက်၍ သူ နောက်မှ ခဲဘွယ်စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ၏။ |
9. | သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ၊ မိမိအရှင်၏ကျွန်အပေါင်းတို့နှင့်အတူ နန်းတော်တံခါးဝ၌ အိပ်လေ၏။ |
10. | ဥရိယသည် မိမိအိမ်သို့ မသွားကြောင်းကို နားတော်လျှောက်လျှင် ဒါဝိဒ်က၊ သင်သည်ခရီးသွားရာမှ ရောက်လာသည်မဟုတ်လော။ သင့်အိမ်သို့ အဘယ်ကြောင့် မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော်၊ |
11. | ဥရိယက၊ သေတ္တာတော်နှင့်ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် တဲ၌နေကြပါ၏။ သခင်ယွာဘနှင့် သခင်၏ကျွန်များတို့သည် လွင်ပြင်၌တည်းရကြပါ၏။ ကျွန်တော်သည် ကိုယ်အိမ်သို့သွား၍ စားသောက်လျက် မယားနှင့် ပျော်မွေ့လျက်နေသင့်ပါမည်လော။ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ထိုသို့ကျွန်တော် မပြုပါဟု ဒါဝိဒ်အား လျှောက်လေ၏။ |
12. | ဒါဝိဒ်ကလည်း၊ ဤမြို့၌ ယနေ့နေဦးလော့။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်ဟုမိန့်တော်မူသည်အတိုင်း၊ ဥရိယသည်ထိုနေ့၊ နက်ဖြန်နေ့၊ ယေရုရှလင်မြို့၌နေ၏။ |
13. | ဒါဝိဒ်သည်လည်း ဥရိယကိုခေါ်၍ ရှေ့တော်၌ စားသောက်လျက် ယစ်မူးသည်တိုင်အောင်သောက်ရ၏။ သို့သော်လည်း ညဦးမှာမိမိအိမ်သို့ မသွားဘဲ၊ အရှင်၏ ကျွန်တို့နှင့်အတူ အိပ်ခြင်းငှါ ထွက်သွားလေ၏။ |
14. | နံနက်မှာ ဒါဝိဒ်သည် မှာစာကိုရေး၍ ဥရိယ လက်တွင် ယွာဘသို့ ပေးလိုက်၏။ |
15. | မှာစာချက်ဟူမူကား၊ ကျပ်တည်းစွာစစ်တိုက်ရာ တပ်ဦး၌ ဥရိယကို ခန့်ထားပြီးမှ၊ သူသည် ရန်သူလက်သို့ ရောက်၍ သေစေခြင်းငှါ တပ်များကို ရုပ်သိမ်းလော့ဟု ပါသတည်း။ |
16. | အမိန့်တော်အတိုင်း ယွာဘသည်မြို့ကို ကြည့်ရှုပြီးမှ၊ ခွန်အားကြီးသော သူရဲရှိရာအရပ်၌ ဥရိယကို ခန့်ထားလေ၏။ |
17. | မြို့သားတို့သည် ထွက်၍ယွာဘနှင့် စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ကျွန်အချို့တို့သည် သေကြ၏။ ဟိတ္တိလူဥရိယသည်လည်း သေ၏။ |
18. | ထိုနောက်ယွာဘသည် စစ်သိတင်းအလုံးစုံကို ဒါဝိဒ်အားကြား လျှောက်စေခြင်းငှါ လူကိုခေါ်၍၊ |
19. | သင်သည်ရှင်ဘုရင်ထံတော်၌ စစ်သိတင်းကို အကုန်အစင်ကြား လျှောက်ပြီးလျှင်၊ |
20. | ရှင်ဘုရင်သည် အမျက်တော်ထွက်၍၊ သင်တို့သည် စစ်ပြိုင်သောအခါ၊ မြို့အနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်း။ မြို့ရိုးပေါ်က ပစ်မည်ကို မသိလော။ |
21. | ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမ လက်သေသည်မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ် ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ ကျွန်ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရ မည်ဟု မှာထား၍ စေလွှတ်လေ၏။ |
22. | ယွာဘမှာထားသည်အတိုင်း ထိုတမန်သည် သွား၍ ဒါဝိဒ်အား ကြားလျှောက်သည်ကား၊ |
23. | ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော်တို့ကို နိုင်သဖြင့်၊ လွင်ပြင်တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝတိုင်အောင် လှန်၍ တိုက်ကြပါ၏။ |
24. | လေးသမားတို့သည် မြို့ရိုးပေါ်က ကိုယ်တော် ကျွန်တို့ကို ပစ်၍ ကိုယ်တော်ကျွန်အချို့သေကြပါ၏။ ကိုယ်တော်ကျွန်ဟိတ္တိလူ၊ ဥရိယသည်လည်း သေပါ၏ဟု လျှောက်လျှင်၊ |
25. | ဒါဝိဒ်ကလည်း၊ ဤအမှုကြောင့် စိတ်မပျက်နှင့်။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ်၏။ အားယူ ၍ မြို့ကိုကျပ်တည်းစွာ တိုက်လျက်လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန်အားဖြင့် ယွာဘကို မှာလိုက်လေ၏။ |
26. | ဥရိယသေကြောင်းကို သူ၏မယားကြားသောအခါ၊ ခင်ပွန်းကြောင့် ငိုကြွေးမြည်တမ်းလျက် နေ၏။ |
27. | ငိုကြွေးမြည်တမ်းချိန် လွန်မှ၊ ဒါဝိဒ်သည် လူကို စေလွှတ၍ ထိုမိန်းမကို နန်းတော်သို့ခေါ်စေသဖြင့်၊ သူသည် မိဖုရားအဖြစ်သို့ ရောက်၍ သားယောက်ျားကို ဘွားမြင်လေ၏။ သို့ရာတွင် ဒါဝိဒ်ပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုဖြစ်သတည်း။ |
← 2Samuel (11/24) → |