← 2Corinthians (12/13) → |
1. | ငါသည်ဝါကြွားခြင်းကိုမပြုသင့်လျှင်၊ သခင်ဘုရားပြတော်မူသော ထူးဆန်းသောရူပါရုံနှင့် ဗျာဒိတ် တော်များကို တဖန်ပြောဦးမည်။ |
2. | တဆယ်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတယောက်ကို တတိယကောင်း ကင်သို့တိုင်အောင် ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည်မပါသည်ကို ငါမသိ။ ဘုရားသခင်သိတော်မူ၏။ |
3. | ထိုသူသည်ပရဒိသုဘုံသို့ ချီဆောင်ခြင်းကိုခံရ၍၊ လူမပြောအပ် မပြောနိုင်သောစကားကို ကြားသည့် အကြောင်းကိုငါသိ၏။ |
4. | ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ၊ ဘုရားသခင်သိတော်မူ၏။ |
5. | ထိုသို့သောသူကို ဝါကြွားမည်။ နွမ်းရိအားနည်းခြင်းမှ တပါး ကိုယ်ဂုဏ်ကို မဝါကြွား။ |
6. | ဝါကြွားခြင်းငှါအလိုရှိလျှင်လည်း၊ သူရူးဖြစ်သည်မဟုတ်။ အကြောင်းမူကား၊ ငါသည်ဟုတ်မှန်စွာ ပြော တတ်၏။ တစုံတယောက်သောသူသည် ငါ့ကိုမြင်သည်ထက်၊ ငါ့သတင်းကိုကြားသည်ထက်၊ ငါ့ကို သာ၍ မထင်စေခြင်းငှါ ငါမပြောဘဲနေ၏။ |
7. | ငါခံရသောဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည်ထောင်လွားသောစိတ်မရှိစေခြင်းငှါ၊ ငါ့ကို ဒဏ် ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကို ပေးတော်မူ၏။ |
8. | ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကိုငါဆုတောင်း၍ အသနားတော်ခံပြီးလျှင်၊ |
9. | ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည် ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါကိုယ်၌ အား နည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ၍ ငါအလိုရှိ၏။ |
10. | သို့ဖြစ်၍ ခရစ်တော်ကြောင့်ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏။ |
11. | ငါသည် ဝါကြွားတတ်သော သူရူးဖြစ်သလော။ ထိုသို့ဖြစ်လျှင်၊ သင်တို့သည် ငါ့ကိုအနိုင်အထက်ဖြစ်စေကြပြီ။ အဘယ်သို့နည်းဟူမူကား၊ သင်တို့ချီးမွမ်းခြင်းကို ငါခံသင့်၏။ ငါသည် ဘာမျှမဟုတ်သော်လည်း၊ အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်မညံ့။ |
12. | အကယ်စင်စစ်သည်းခံခြင်းနှင့်တကွ နိမိတ်လက္ခဏာအံဘွယ်သောအမှု၊ ထူးဆန်းသော တန်ခိုးများ အားဖြင့် တမန်တော်၏လက္ခဏာတို့ကို သင်တို့တွင် ထင်ရှားစွာပြပြီ။ |
13. | ငါသည်သင်တို့ကို မနှောက်ရှက်သော အရာ တခုကို ထားလျှင်၊ သင်တို့သည် အခြားသော အသင်း တော်ထက် အဘယ်သို့ယုတ်ညံ့သနည်း။ထိုသို့ ငါပြစ်မှားသောအပြစ်ကို သည်းခံကြလော့။ |
14. | ဤတတိယအကြိမ်သင်တို့ဆီသို့သွားခြင်းငှါ ငါသည်အသင့်ရှိ၏။ သင်တို့ကိုနှောင့်ရှက်မည်ဟု အကြံ မရှိ။ သင်တို့ဥစ္စာကို ငါရှာသည်မဟုတ်။ သင်တို့ကိုသာ ရှာ၏။ သားသမီးတို့သည် မိဘအတွက်ဥစ္စာကို ဆည်းပူး ရသည်မဟုတ်။ မိဘတို့သည် သားသမီးတို့အတွက် ဆည်းပူးရ၏။ |
15. | ငါသည်သင်တို့ကို ချစ်ခြင်းမေတ္တာ စိတ်တိုးပွါးသည်အတိုင်း သင်တို့သည် ငါ့ကိုချစ်ခြင်း မေတ္တာစိတ် ဆုတ်ယုတ်သော်လည်း၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုး အလိုငှါ ငါသည်ကိုယ်ဥစ္စာကို၎င်း၊ ကိုယ်ကို၎င်း၊ ကုန်စေ ခြင်းငှါ အလွန်စေတနာရှိ၏။ |
16. | သင်တို့ကိုငါမနှောက်ယှက်သည် မှန်စေတော့။ သို့သော်လည်း၊ လိမ္မာသောသူဖြစ်၍ ပရိယာယ်အားဖြင့် သင်တို့ကိုဘမ်းစီးပြီဟုဆိုလျှင်၊ |
17. | တစုံတယောက်သောသူကို သင်တို့ဆီသို့ စေလွှတ်၍၊ သင်တို့၏ဥစ္စာကို ပရိယာယ်အားဖြင့် ငါယူသလော။ |
18. | တိတုသည် သင်တို့ဆီသို့ သွားမည်အကြောင်း ငါတောင်းပန်၍၊ သူနှင့်တကွအခြားသော ညီတယောက်ကို စေလွှတ်၏။ တိတုသည် ပရိယာယ်အားဖြင့် သင်တို့၏ဥစ္စာကိုယူသလော။ ငါတို့သည် စိတ်သဘောချင်းတူ၍ကျင့်ကြသည် မဟုတ်လော။ တလမ်းတည်း လိုက်ကြသည် မဟုတ်လော။ |
19. | တဖန်တုံး၊ ငါတို့သည်သင်တို့ရှေ့၌ ကိုယ်အပြစ်ဖြေရာစကားကို ပြောသည်ဟုထင်ကြသလော။ ခရစ်တော်ကိုထောက်၍ ဘုရားသခင်ရှေ့၌ငါတို့ ပြောကြ၏။ ချစ်သူတို့၊ ငါတို့ပြုသမျှမှာ သင်တို့ကို တည်ဆောက်ခြင်းအလိုငှါ ပြုကြ၏။ |
20. | ငါရောက်လာသောအခါ၊ သင်တို့သည် ငါ နှစ်သက်သောသူမဖြစ်၊ ငါသည်လည်း သင်တို့ မနှစ်သက် သောသူ ဖြစ်မည်ဟူ၍၎င်း၊ သင်တို့၌ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ ချောစားခြင်း၊ မာနထောင်လွှားခြင်း၊ အချင်းချင်းအမှုလုပ်ခြင်းဖြစ်မည်ဟူ၎င်း၊ |
21. | အထက်ကပြစ်မှား၍ ညစ်ညူးစွာကျင့်ခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာ လွန်ကျူး ခြင်းအမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင် နောင်တမရသော သူအများကြောင့် ငါစိတ်မသာညည်းတွားရသဖြင့်၊ သင်တို့ရှေ့၌ ဘုရားသခင်သည် ငါ့ကိုနှိမ့်ချတော်မူမည် ဟူ၍၎င်း စိုးရိမ်ခြင်းရှိ၏။ |
← 2Corinthians (12/13) → |