← 2Corinthians (10/13) → |
1. | သင်တို့၏မျက်မှောက်၌နှိမ့်ချခြင်း၊ မျက်ကွယ်၌ သင်တို့ အမှုကိုစီရင်၍ ရဲရင့်ခြင်းရှိသော ငါပေါလုသည်၊ ခရစ်တော်၏နူးညံ့သိမ်မွေ့ဖြည်းညှင်းတော်မူခြင်းကို အကြောင်းပြ၍ သင်တို့ကိုတောင်းပန်ပါ၏။ |
2. | ငါတို့သည်ဇာတိပကတိအလိုသို့လိုက်၍ ကျင့်သောသူဖြစ်ကြသည်ဟု ထင်မှတ်သောသူတို့အား၊ ငါကြံစည်သောရဲရင့်ခြင်းအတိုင်း သင်တို့ဆီသို့ရောက်လာသောအခါ၊ ထိုမျှလောက်ရဲရင့်ခြင်းမရှိမည်အကြောင်း ငါတောင်းပန်ပါ၏။ |
3. | အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း၊ ဇာတိပကတိအလိုသို့ လိုက်၍ စစ်တိုက်ကြသည်မဟုတ်။ |
4. | ငါတို့စစ်တိုက်၍သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင်၏ တန်ခိုး တော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။ |
5. | ထိုလက်နက်အားဖြင့် လူတို့၏အကြံအစည်တို့ကို၎င်း၊ ဘုရားသခင်ကိုသိသောပညာကို တားဆီးသော မာန်မာနရှိသမျှတို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏ စကားကို နားထောင်စေကြ၏။ |
6. | သင်တို့၏နားထောင်ခြင်းအမှုသည် ပြည့်စုံပြီးမှ၊ နားမထောင်ဘဲနေသော သူအပေါင်းတို့ကို ဒဏ်ပေးခြင်းငှါ ငါတို့သည် အသင့်ရှိကြ၏။ |
7. | မျက်နှာကိုသာ ကြည့်မှတ်ကြသလော့။ အကြင်သူက၊ ငါသည်ခရစ်တော်၏လူဖြစ်သည်ဟု မိမိ၌ စွဲလမ်း ခြင်းရှိ၏၊ ထိုသူသည် ခရစ်တော်၏လူဖြစ်သကဲ့သို့၊ ငါတို့ သည်လည်း ခရစ်တော်၏ လူဖြစ်ကြောင်းကို တဖန် အလိုအလျောက် ဆင်ခြင်သိမှတ်စေ။ |
8. | သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်။ တည်ဆောက်ခြင်း အလိုငှါ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာအကြောင်းမရှိ၊ |
9. | ငါရေး၍ပေးလိုက်သောစာအားဖြင့်သာ သင်တို့ကို ခြိမ်းချောက်သကဲ့သို့ ငါမပြုလို။ |
10. | အကြောင်းမူကား၊ ထိုသူ၏ စာသည် လေးလံသောစာ၊ တန်ခိုးနှင့် ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင် ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ အချည်းနှီးသော စကားကို ပြောသောသူဖြစ်သည်ဟုဆိုတတ်သောသူရှိ၏။ |
11. | ငါတို့သည်ကိုယ်တိုင်မရှိ၍ စာ၌ပါသော စကားအားဖြင့်ဖြစ်သကဲ့သို့၊ ကိုယ်တိုင်မျက်မှောက် ရှိသောအခါ အမှုအားဖြင့် ဖြစ်လိမ့်မည်ဟု ထိုသူသည် ဆင်ခြင်သိမှတ်စေ။ |
12. | ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့် ရေတွက်ဝင်ခြင်းကို၎င်း၊ ပြိုင်နှိုင်းခြင်းကို၎င်း၊ ငါတို့မပြုဝံ့။ ထိုသူတို့သည် အချင်းချင်းတယောက်နှင့် တယောက်ခိုင်နှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းတို့ကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။ |
13. | ထိုမှတပါး၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး၍ ပြုသောအမှုအရာကို ငါတို့ကြွားဝါခြင်းမရှိဝံ့၊ ဘုရားသခင် ဝေငှတော်မူသောအငန်းအတာ၏ အတိုင်းအရှည် အတွင်းတွင်ပြုသော အရာကိုသာ ဝါကြွားခြင်းရှိဝံ့၏။ ထိုအတိုင်းအရှည်သည် သင်သို့တိုင်အောင်ပင်မှီ သတည်း။ |
14. | သင်တို့တိုင်အောင်မမှီလျှင်၊ ငါတို့သည် လွန်ကျူး၍ ပြုကြသည်မဟုတ်။ အကြောင်းမူကား၊ ခရစ်တော်၏ ဧဝံဂေလိတရားကိုဟောပြော၍၊ သင်တို့ရှိရာသို့ တိုင်အောင် ရောက်ကြပြီ။ |
15. | ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး၍၊ သူတပါးအလုပ်ထဲသို့ဝင်ခြင်းကြောင့် ဝါကြွား လေ့ရှိကြသည် မဟုတ်။ ထိုသို့သူ့ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင် တို့ ပြည်တဘက်သို့ကူး၍ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့ယုံကြည်ခြင်း ပါရမီ ရင့်ပြီမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်ဟု မြော်လင့်ခြင်းရှိ၏။ |
16. | ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး၍၊ သူတပါးအလုပ်ထဲသို့ဝင်ခြင်းကြောင့် ဝါကြွား လေ့ရှိကြသည် မဟုတ်။ ထိုသို့သူ့ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင် တို့ ပြည်တဘက်သို့ကူး၍ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့ယုံကြည်ခြင်း ပါရမီ ရင့်ပြီမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်ဟု မြော်လင့်ခြင်းရှိ၏။ |
17. | သို့ဖြစ်၍ဝါကြွားသောသူမည်သည်ကား၊ သခင်ဘုရား၌သာ ဝါကြွားစေ။ |
18. | အကြောင်းမူကား၊ ကိုယ်ကို ကိုယ်ချီးမွမ်းသောသူသည် ဝန်ခံတော်မူသော သူဖြစ်သည်မဟုတ်။ သခင် ဘုရားချီးမွမ်းတော်မူခြင်းကို ခံရသော သူသာလျှင် ဝန်ခံတော်မူသောသူဖြစ်သတည်း။ |
← 2Corinthians (10/13) → |