← 2Chronicles (32/36) → |
1. | ထိုအမှုများတို့ကို လက်စသတ်သည်နောက်၊ အာရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်သို့စစ်ချီ၍ ခိုင်ခံ့သောမြို့တို့ကို ဝိုင်းထားလျက် တိုက်ယူခြင်းငှါ အားထုတ်လေ၏။ |
2. | ထိုသို့ သနာခရိပ်သည်လာ၍၊ ယေရုရှလင်မြို့ကို တိုက်မည့်အကြံရှိကြောင်းကို၊ ဟေဇကိသည်သိမြင်လျှင်၊ |
3. | မြို့ပြင်၌ရှိသော စမ်းရေကိုဖြတ်ခြင်းငှါ မှူးမတ်၊ စစ်သူကြီးတို့နှင့် တိုင်ပင်၍။ သူတို့သည် ဝိုင်းလုပ်ကြ၏။ |
4. | အာရှုရိရှင်ဘုရင်တို့သည် လာ၍၊ များစွာသော ရေကို အဘယ်ကြောင့်တွေ့ရမည်နည်းဟု လူများတို့သည် ဆိုလျက်၊ စုဝေး၍ စမ်းရေတွင်းရှိသမျှကို ပိတ်ကြ၏။ ပြည်အလယ်၌ စီးသောချောင်းရေကိုလည်း ဖြတ်ကြ၏။ |
5. | ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့စေ၏။ ပြိုသောမြို့ရိုးရှိသမျှကို ပြုပြင်၍၊ ရဲတိုက်တို့နှင့် တညီတည်း တည်၏။ ပြင်မြို့ရိုးကိုလည်း တည်၏။ ဒါဝိဒ်မြို့၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင်၍၊များစွာသော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။ |
6. | လူများတို့တွင် တပ်မှူးတို့ကိုခန့်ထား၍၊ မြို့ လမ်းမ၌ စုဝေးစေသဖြင့်၊ အားပေးသော စကားကို ပြောလျက်၊ |
7. | ခွန်အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ အာရှုရိ ရှင်ဘုရင်နှင့် သူ၌ပါသောအလုံးအရင်း အပေါင်းတို့ ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ ငါတို့ ဘက်၌နေသော သူတို့သည်၊ သူ့ဘက်၌ နေသောသူတို့ထက်သာ၍ များကြ၏။ |
8. | သူ့ဘက်၌ လူလက်ရုံးရှိ၏။ ငါတို့ဘက်၌ ထောက်မ၍၊ စစ်ကူတော်မူသော ငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူသည်ဟု မိန့်တော်မူ၏။ လူများတို့ သည် ယုဒရှင်ဘုရင်ဟေဇကိ၏ စကားကိုကိုးစား ကြ၏။ |
9. | ထိုနောက် အာရှုရိရှင်ဘုရင်သနာခရိပ်သည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ၊ လာခရှမြို့ကိုဝိုင်ထားစဉ် တွင်၊ မိမိကျွန်အချို့ကို ယေရုရှလင်မြို့၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့၎င်း၊ ယေရုရှလင်မြို့၌ရှိသော ယုဒ လူအပေါင်းတို့ရှိရာသို့၎င်း စေလွှတ်၍၊ |
10. | အာရှုရိရှင်ဘုရင်သနာခရိပ် မိန့်တော်မူသည် ကား၊ သင်တို့သည် ယေရုရှလင်မြို့၌ ဝိုင်းထားခြင်းကို ခံခြင်းငှါ၊ အဘယ်သို့ခိုလှုံကြသနည်း။ |
11. | ဟေဇကိက၊ ငါတို့၏ဘုရားသခင် ထာဝရ ဘုရားသည် ငါတို့ကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ် တော်မူမည်ဟုဆိုလျက်၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း အားဖြင့် အသေခံရသည်တိုင်အောင်၊ ကိုယ်ကိုစွန့်ပစ်စေ ခြင်းငှါ၊ သင်တို့ကို ဖြားယောင်းသည်မဟုတ်လော။ |
12. | ထိုဟေဇကိသည် ထာဝရဘုရား၏ မြင့်သော အရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ သင်တို့သည် တခုတည်းသော ယဇ်ပလ္လင် ရှေ့မှာကိုးကွယ်ရမည်။ ထိုယဇ် ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ရမည်ဟု ယုဒပြည်သူ ယေရုရှလင်မြို့ သားတို့ကို မိန့်တော်မူပြီမဟုတ်လော။ |
13. | ငါနှင့် ငါ့ဘိုးဘေးတို့သည် အတိုင်းတိုင်းအပြည် ပြည်တို့၌ အဘယ်သို့ပြုသည်ကို သင်တို့မသိကြသလော။ အတိုင်းတိုင်းအပြည်ပြည် ဘုရားတို့သည် မိမိတို့ပြည် များကို ငါ့လက်မှ ကယ်လွှတ်ခြင်းငှါ တတ်စွမ်းနိုင် သလော။ |
14. | ငါ့ဘိုးဘေးအကုန်အစင်ဖျက်ဆီးသော တိုင်း နိုင်ငံတို့၏ ဘုရားတို့တွင်၊ အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဘူးသနည်း။ သင်တို့၏ ဘုရားသည် သင်တို့ကိုငါ့လက်မှ အဘယ်သို့ကယ်လွှတ် မည်နည်း။ |
15. | သို့ဖြစ်၍၊ ဟေဇကိသည် သင်တို့ကိုမလှည့်စား စေနှင့်။ ထိုသို့ မဖြားယောင်းစေနှင့်။ သူ့စကားကို မယုံကြ နှင့်။ အခြားသော တိုင်းနိုင်ငံ၌ ကိုးကွယ်သော ဘုရား မည်မျှသည်၊ မိမိပြည်ကိုငါ့လက်မှ၎င်း၊ ငါ့ဘိုးဘေး လက်မှ၎င်း မကယ်မလွှတ်နိုင်။ ထိုမျှမက၊ သင်တို့၏ဘုရားသည် သင်တို့ကို ငါ့လက်မှ မကယ်မလွှတ်နိုင်ဟု မှာလိုက်လေ၏။ |
16. | သူ့ကျွန်တို့သည် ထာဝရအရှင်ဘုရားသခင် တဘက်၊ ဘုရားသခင်၏ကျွန်ဟေဇကိတဘက်၌ သာ၍ ပြောဆိုကြ၏။ |
17. | ထိုမှတပါး အခြားသော တိုင်းနိုင်ငံဘုရားတို့ သည်၊ မိမိလူများကို ငါ့လက်မှ မကယ်မလွှတ်နိုင်သည် နည်းတူ၊ ဟေဇကိကိုးကွယ်သော ဘုရားသည်၊ သူ၏ လူများကို ငါ့လက်မှ မကယ်မလွှတ်ရဟုဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်သော စာကို ရေး၍ ပေးလိုက်သေး၏။ |
18. | တဖန်မြို့ရိုးပေါ်မှာရှိသော ယေရုရှလင်မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ကိုတိုက်ယူနိုင်အောင်၊ ယုဒဘာသာစကားအားဖြင့် ကျယ်သော အသံနှင့် ကြွေး ကြော်ကြ၏။ |
19. | လူတို့လက်ဖြင့် လုပ်သောဘုရား၊ မြေကြီးသား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင်မြို့ ဘုရား သခင်ကို ရော၍ ကဲ့ရဲ့ကြ၏။ |
20. | ထိုအကြောင်းကြောင့်၊ ဟေဇကိမင်းကြီးနှင့် အာမုတ်သား ပရောဖက်ဟေရှာယသည် ဆုတောင်း၍၊ ကောင်းကင်ဘုံသို့ ဟစ်ခေါ်သဖြင့်၊ |
21. | ထာဝရဘုရားစေလွှတ်တော်မူသော ကောင်းကင် တမန်သည်၊ အာရှုရိရှင်ဘုရင်တပ်၌ ခွန်အားကြီးသော သူရဲများ၊ တပ်မှူး၊ စစ်ကဲများအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာပျက်လျက်၊ မိမိ ပြည်သို့ပြန်သွား၏။ မိမိဘုရား၏ ဗိမာန်သို့ရောက်သော အခါ၊ မိမိသားရင်းတို့သည် ထားနှင့်သတ်ကြ၏။ |
22. | ထိုသို့ထာဝရဘုရားသည် ဟေဇကိနှင့် ယေရုရှလင်မြို့သားတို့ကို၊ အာရှုရိရှင်ဘုရင်လက်မှ၎င်း၊ အခြားသောရန်သူလက်မှ၎င်း ကယ်လွှတ်၍၊ အရပ်ရပ်၌ စောင့်မတော်မူ၏။ |
23. | အများသောသူတို့သည် ယေရုရှလင်မြို့သို့ ထာဝဘုရားအဘို့ ပူဇော်သက္ကာကို၎င်း၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့ လက်ဆောင်ပဏ္ဏာကို၎င်း ဆောင်ခဲ့ကြ သဖြင့်၊ ဟေဇကိသည် ထိုကာလမှစ၍ ခပ်သိမ်းသောလူ မျိုး ရှေ့မှာဘုန်းကြီးတော်မူ၏။ |
24. | ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ၍ ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်းသော တန်ခိုးတော်ကို ခံရ၏။ |
25. | သို့ရာတွင် ဟေဇကိသည် မိမိခံရသော ကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့်၊ ထောင်လွှား သော စိတ်ရှိ၏။ ထိုကြောင့် သူ၌၎င်း၊ ယုဒပြည်နှင့် ယေရုရှလင်မြို့၌၎င်း၊ အမျက်တော်ထွက်လေ၏။ |
26. | သို့ရာတွင် ဟေဇကိသည် မိမိစိတ်ထောင်လွှား သော အပြစ်ကြောင့်၊ ယေရုရှလင်မြို့သားတို့နှင့်တကွ ကိုယ်တိုင်ကိုယ်ကို နှိမ့်ချသောကြောင့်၊ လက်ထက်တော် ကာလတွင်၊ ထာဝရဘုရား၏ အမျက်တော်မသက် ရောက်။ |
27. | ဟေဇကိသည် များစွာသော စည်းစိမ်ဥစ္စာ ဂုဏ် အသရေရှိ ၏။ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နံ့သာမျိုး၊ ဒိုင်းလွှား၊ နှမြောဘွယ်သော တန်ဆာ သိုထားရာဘဏ္ဍာ တိုက်များကို တည်လေ၏။ |
28. | စပါးကျီများ၊ ဆီ၊ စပျစ်ရည်သိုထားရာ တိုက်များ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ၊ သိုးခြံများကိုလည်း လုပ်လေ ၏။ |
29. | ကိုယ်အဘို့ မြို့တို့ကိုတည်၍၊ များစွာသော သိုးနွား တို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင်သည် များစွာ သောဥစ္စာကို ပေးသနားတော်မူ၏။ |
30. | ထိုမှတပါး၊ ဟေဇကိသည် ဂိဟုတ်အထက် ချောင်းရေကို ပိတ်၍၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇက်သည် ပြုလေရာရာ၌ အကြံ ထမြောက်၏။ |
31. | သို့ရာတွင်၊ နိုင်ငံတော်၌ ဖြစ်သောအံ့ဘွယ်သော အမှုကို မေးမြန်းစေခြင်းငှါ၊ ဗာဗုလုန်မင်းတို့သည် သံတမန်ကို စေလွှတ်သော အမှုမှာ၊ ဟေဇကိမင်း၏ သဘောကို အကုန်အစင်သိခြင်းငှါ၊ ဘုရားသခင်သည် စုံစမ်း၍အလွတ်ထားတော်မူ၏။ |
32. | ဟေဇကိပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် ကျေးဇူးပြုခြင်းအရာသည် အာမုတ်သား ပရော ဖက်ဟေရှာယ၏ ရူပါရုံကျမ်း၊ ယုဒရာဇဝင်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက် ရှိ၏။ |
33. | ဟေဇကိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ် ၏သားတော် မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ပြုလေ၏။ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ၊ ဂုဏ်အသရေတော်ကို ချီးမြှောက်ကြ ၏။ သားတော်မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ |
← 2Chronicles (32/36) → |