← 2Chronicles (2/36) → |
1. | ရှောလမုန်သည် ထာဝရဘုရား၏ နာမတော် အဘို့ အိမ်ကို၎င်း၊ နန်းတော်ကို၎င်း တည်ဆောက်ခြင်းငှါ အကြံရှိ၍၊ |
2. | ထမ်းရွက်သောသူခုနစ်သောင်း၊ တောင်ရိုးပေါ် မှာ သစ်ခုတ်သော သူရှစ်သောင်း၊ ကြည့်ရှုစီရင်ရသောသူ သုံးထောင်ခြောက်ရာတို့ကို ခွဲခန့်ပြီးမှ၊ |
3. | တုရုမင်းကြီးဟိရံထံသို့ စေလွှတ်၍၊ မင်းကြီး သည် ငါ့အဘဒါဝိဒ်၏ နန်းတော်ဆောက်စရာဘို့ အာရဇ် သစ်သားကိုပေးလိုက်သည်နည်းတူ ငါ၌တဖန် ကျေးဇူးပြု ပါလော့။ |
4. | ဣသရေလအမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ၎င်း၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှါ၎င်း၊ ညဦး၊ နံနက်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ငါတို့ဘုရားသခင် ထာဝရဘုရား ၏ဓမ္မပွဲနေ့တို့၌ မီးရှို့ရာယဇ်ကိုပူဇော်ခြင်းငှါ၎င်း၊ ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော် ကို တည်ဆောက်၍ ပူဇော်ရမည်။ |
5. | ငါတည်ဆောက်ရသော အိမ်တော်သည် ကြီးရ မည်။ ငါတို့ဘုရား သခင်သည် ဘုရားတကာတို့ထက် ကြီးမြတ်တော်မူ၏။ |
6. | ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို အဆံ့ မခံနိုင်သည်ဖြစ်၍၊ ကျိန်းဝပ်တော်မူရာ အိမ်ကိုအဘယ် သူတည်ဆောက်နိုင်မည်နည်း။ ရှေ့တော်၌ယဇ်ကို မီးရှို့ရာ အိမ်မှတပါး အခြားသော အိမ်တော်ကို တည်ဆောက်ခြင်း ငှါ ငါသည် အဘယ်သို့သောသူဖြစ်သနည်း။ |
7. | ယခုမှာရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ မောင်းသော အထည်၊ နီသောအထည်၊ ပြာသောအထည်ကို လုပ်တတ် သောအတတ်၊ ငါ့အဘဒါဝိဒ်ပြင်ဆင်၍ ယေရုရှလင်မြို့၊ ယုဒပြည်၌ ငါ့ထံမှာရှိသော ဆရာသမားတို့နှင့် ဝိုင်း၍ ထုလုပ်တတ်သော အတတ်နှင့် ပြည့်စုံသော သူတယောက် ကို ငါ့ထံသို့ စေလွှတ်ပါ။ |
8. | အာရဇ်သစ်သား၊ ထင်းရူးသစ်သား၊ အာလဂုံ သစ်သားများကို လေဗနုန်တောင်မှာ ခုတ်၍ပေးလိုက်ပါ။ မင်းကြီး၏ ကျွန်တို့သည် လေဗနုန်တောင်ပေါ်မှာ သစ်ခုတ်တတ်သည်ကို ငါသိ၏။ |
9. | သစ်သားအများကို ပြင်ဆင်ခြင်းငှါ၊ ငါ့ကျွန်တို့ သည် မင်းကြီးကျွန်တို့နှင့် ဝိုင်း၍လုပ်ကိုင်ကြလိမ့်မည်။ ငါတည်ဆောက်ရသော အိမ်တော်သည် အလွန်ကြီး၍ အံ့ဩဘွယ်သော အိမ်ဖြစ်ရမည်။ |
10. | သစ်ခုတ်သော မင်းကြီးကျွန်တို့အား ဂျုံဆန် ကောရနှစ်သောင်း၊ မုယောဆန်နှစ်သောင်း၊ စပျစ်ရည် ဗတ်နှစ်သောင်း၊ ဆီနှစ်သောင်းကို ငါပေးမည်ဟု မှာလိုက် လေ၏။ |
11. | တုရုမင်းကြီးဟိရံသည် စာရေး၍ ရှောလမုန် ထံသို့ ပြန်ပေးလိုက်သည်ကား၊ ထာဝရဘုရားသည် မိမိ လူမျိုးကို ချစ်တော်မူသောကြောင့်၊ ကိုယ်တော်ကို သူတို့ ရှင်ဘုရင်အရာ၌ ချီးမြှောက်တော်မူပြီ။ |
12. | ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ သော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား သည် ဗိမာန်တော်ကို၎င်း၊ နန်းတော်ကို၎င်း၊ တည် ဆောက်ခြင်းငှါ တတ်စွမ်းနိုင်အောင် ဉာဏ်ကောင်း၍ ပညာသတိနှင့် ပြည့်စုံသောသားကို ဒါဝိဒ်မင်းကြီးအား ပေးတော်မူသည်ဖြစ်၍၊ ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။ |
13. | ယခုမှာဉာဏ်ကောင်း၍ လိမ္မာသောသူဟိရံအဘိ ကို ငါစေလွှတ်ပါ၏။ |
14. | သူ့အမိကားဒန်အမျိုးသမီး၊ အဘကား တုရု အမျိုးသားဖြစ်၏။ သူသည် ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကျောက်၊ သစ်သား၊ မောင်းသောအထည်၊ ပြာသော အထည်။ နီသောအထည်၊ ပိတ်ချောကို လုပ်တတ်သော အတတ်၊ အမျိုးမျိုးထုလုပ်တတ်သော အတတ်နှင့်ပြည့်စုံ၍၊ ကိုယ်တော်၏ ဆရာသမားဆရာသမား၊ ခမည်းတော်အရှင်ဒါဝိဒ်၏ ဆရာသမား တို့နှင့် ဝိုင်းလျက်၊ လိုသမျှကို ဉာဏ်ရှာ၍ လုပ်တတ်သော သူဖြစ်၏။ |
15. | သို့ဖြစ်၍ ကိုယ်တော်အမိန့်ရှိသည်အတိုင်း၊ ဂျုံဆန်၊ မုယောဆန်၊ စပျစ်ရည်၊ ဆီကိုကိုယ်တော် ကျွန်တို့ အား ပေးပါတော့။ |
16. | ငါတို့သည် ကိုယ်တော်လိုချင်သမျှသော သစ် သားကို၊ လေဗနုန်တောင်ပေါ်မှာ ခုတ်ပြီးလျှင် ဘောင် လုပ်၍ ပင်လယ်လမ်းဖြင့်၊ ယုပ္ပေမြို့သို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သယ်ပို့ရမည်ဟု ပြန်ပြော၏။ |
17. | ခမည်းတော်ဒါဝိဒ်သည် ဣသရေလနိုင်ငံ၌ နေသော တပါးအမျိုးသားအပေါင်းတို့ကို စာရင်းယူပြီး သည်နောက်၊ တဖန်ရှောလမုန်သည် စာရင်းယူပြန်၍၊ တသိန်းငါးသောင်းသုံးထောင်ခြောက်ရာတို့ကို တွေ့၏။ |
18. | ထမ်းသောသူ ခုနစ်သောင်း၊ တောင်ပေါ်မှာ သစ်ခုတ်သောသူရှစ်သောင်း၊ အမှုကိုကြည့်ရှုစီရင်သော သူ သုံးထောင်ခြောက်ရာတို့ကို ခွဲထားတော်မူ၏။ |
← 2Chronicles (2/36) → |