← 1Samuel (3/31) → |
1. | သူငယ်ရှမွေလသည်၊ ဧလိရှေ့တွင် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ရွက်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် နည်းပါး၏။ ထင်ရှားသော ရူပါရုံမရှိ။ |
2. | တရံရောအခါ ဧလိသည် မိမိနေရာ၌ အိပ်လျက်၊ သူ၏ မျက်စိမှုန်သောကြောင့် မမြင်နိုင်သည်ကာလ၊- |
3. | ဘုရားသခင်၏ သေတ္တာတော်ရှိရာ ထာဝရဘုရားအိမ်တော်၌ မီးခွက်မသေမှီ၊ ရှမွေလသည်လည်း အိပ်လျက်ရှိသောအခါ၊- |
4. | ထာဝရဘုရားသည် ရှမွေလကို ခေါ်တော်မူ၍၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးသဖြင့်၊- |
5. | ဧလိထံသို့ ပြေး၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုလျှင်၊ ဧလိက ငါမခေါ်၊ အိပ်တော့ဟု ဆိုသည်အတိုင်း၊ ရှမွေလသွား၍ အိပ်ပြန်လေ၏။ |
6. | တဖန် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလသည် ထပြီးလျှင်၊ ဧလိထံသို့ သွား၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုသော်၊ ဧလိက ငါမခေါ် ငါ့သား၊ အိပ်တော့ဟု ဆို၏။ - |
7. | ရှမွေလသည် ထာဝရဘုရားကို မသိသေး။ ဗျာဒိတ်တော်ကို မခံရသေး။ |
8. | တတိယအကြိမ် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလ ထပြီးလျှင် ဧလိထံသို့ သွား၍ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟုဆိုသော်၊ ထာဝရဘုရားသည် ထိုသူ ငယ်ကို ခေါ်တော်မူကြောင်းကို ဧလိသည် ရိပ်မိလျှင်၊- |
9. | သင်သွား၍ အိပ်ဦးတော့၊ နောက်တဖန်ခေါ်လျှင်၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော် ကျွန်ကြားပါသည်ဟု လျှောက်ရမည်အကြောင်း ရှမွေလကို မှာထားသည်အတိုင်း၊ ရှမွေလသွား၍ မိမိ နေရာ၌ အိပ်လေ၏။- |
10. | ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက်၊ ရှမွေလ၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလက၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန်ကြားပါသည်ဟု လျှောက်လေသော်၊- |
11. | ထာဝရဘုရားက၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ၊ ငါသည် ဣသရေလ အမျိုး၌ တစုံတခုကိုပြုမည်။ |
12. | ဧလိအိမ်သားတို့တဘက်၌ ငါပြောသမျှအတိုင်း ထိုနေ့တွင် ငါပြုမည်။ ပြုစရှိပြီးမှ လက်စသတ်မည်။- |
13. | ထိုသူ၏သားတို့သည် ကိုယ်ယုတ်မာသည်တိုင်အောင်၊ ကိုယ်ပြုသော ဒုစရိုက်အပြစ်ကို သူသိသော် လည်း ကျပ်တည်းစွာ မဆုံးမဘဲနေသောကြောင့်၊ သူ၏ အိမ်သားတို့၌ ငါသည် အစဉ်အမြဲ ဒဏ်ပေး မည်ဟု ငါပြောပြီ။- |
14. | ထိုကြောင့် ဧလိ၏အိမ်သားတို့ အပြစ်သည် ယဇ်နှင့်ပူဇော်သက္ကာအားဖြင့် မဖြေ၊ အစဉ်အမြဲ တည်ရ မည်အကြောင်း သူတို့အား ငါ ကျိန်ဆိုပြီဟု မိန့်တော်မူ၏။ |
15. | ရှမွေလသည် နံနက်တိုင်အောင် အိပ်ပြီးမှ၊ ထာဝရဘုရား၏ အိမ်တော်တံခါးတို့ကို ဖွင့်လေ၏။ မြင်ရ သော ရူပါရုံကို ဧလိအား မကြားမပြောဝံ့။ |
16. | ဧလိက၊ ငါ့သားရှမွေလဟုခေါ်လျှင်၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးလေ၏။ |
17. | ဧလိကလည်း၊ အဘယ်သို့ မိန့်တော်မူသနည်း။ ငါ့အား ဝှက်မထားပါနှင့်။ မိန့်တော်မူသမျှ တစုံတခု ကို ငါ့အား ဝှက်ထားလျှင်၊ မိန့်တော်မူသည်အတိုင်းမက သင်၌ပြုတော်မူပါစေသောဟု ဆိုလေသော်၊- |
18. | ရှမွေလသည် တစုံတခုကိုမျှ ဝှက်မထား အလုံးစုံတို့ကို ပြန်ကြား၏။ ဧလိကလည်း၊ ထာဝရဘုရားဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါစေသောဟု ဝန်ခံလေ၏။ |
19. | ရှမွေလသည် အစဉ်အတိုင်း ကြီး၍၊ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူသဖြင့်၊ သူ၏ စကား တခွန်းမျှ ပျက်စေခြင်းငှါ အခွင့်ပေးတော်မမူ။- |
20. | သူသည် ထာဝရဘုရား၏ ပရောဖက်စစ် ဖြစ်ကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် သိကြ၏။ |
21. | ထာဝရဘုရားသည် ရှိလောမြို့၌ အထပ်ထပ် ထင်ရှားတော်မူ၍၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် ရှမွေလအား ဗျာဒိတ်ပေးတော်မူ၏။ ရှမွေလ စကားသည်လည်း၊ ဣသရေလအမျိုးတရှောက် လုံးကို နှံ့ပြားလေ၏။ |
← 1Samuel (3/31) → |