← 1Samuel (28/31) → |
1. | ထိုကာလ၌ ဖိလိတ္တိလူတို့သည်၊ ဣသရေလ အမျိုးကို စစ်တိုက်အံ့သောငှါ ဗိုလ်ခြေများကို စုဝေးကြ၏။ အာခိတ်မင်းကလည်း၊ သင်သည် လူများပါလျက် ငါနှင့် လိုက်၍စစ်တိုက်သွားရမည်ကို ဆက်ဆက် သဘောကျလော့ဟု ဒါဝိဒ်အားဆိုလျှင်၊ |
2. | ဒါဝိဒ်က၊ အကယ်စင်စစ် ကိုယ်တော်ကျွန်သည် အဘယ်သို့ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည်ဟု လျှောက်သော်၊ အာခိတ်မင်းက၊ သို့ဖြစ်၍သင့်ကို ငါ့အသက်စောင့် ဗိုလ်ချုပ် အရာ၌ ငါခန့်မည်ဟုပြန်ပြော၏။ |
3. | ထိုကာလ၌ ရှမွေလမရှိသေလွန်ပြီ။ ဣသရေလအမျိုးသားပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကိုသူနေရင်း ရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်ပေါင်းတို့ကို တပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။ |
4. | ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။ |
5. | ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကို မြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံး ရှိ၏။ |
6. | ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်၎င်း၊ ဥရိမ်အားဖြင့်၎င်း၊ ပရာဖက်အားဖြင့်၎င်း ထူးတော်မူ။ |
7. | ထိုအခါရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍ မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတယောက်ရှိပါ၏ဟု လျှောက်သော်၊ |
8. | ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကို ဆောင်လျက်၊ ညဉ့်အခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသော နတ်ကို အမှီပြု၍ သင့်အားငါပြောမည့်သူကို ဘော်ပါလော့ဟု တောင်းပန်လေ၏။ |
9. | မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့် နတ်ဝင်တို့ကို တပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည် သိလျက်နှင့် ငါ့ကို သေစေခြင်းငှါ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊ |
10. | ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုလေ၏။ |
11. | မိန်းမကလည်း၊ အဘယ်သူကို ငါဘော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကို ဘော်ပါဟု ဆို၏။ |
12. | မိန်းမသည် ရှမွေလကို မြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ်၍၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလုဖြစ်ပါ၏ဟု ရှောလုအားဆိုလျှင်၊ |
13. | ရှင်ဘုရင်က မစိုးရိမ်နှင့်။ အဘယ်အရာကို မြင်သနည်းဟု မေးသော်၊ မိန်းမက၊ မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက်၏။ |
14. | အဘယ်သို့သော အယောင်ဆောင်သနည်းဟု မေးပြန်သော်၊ လူအိုတက်လာပါ၏။ ဝတ်လုံခြုံလျက် ရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည် ရိပ်မိလျှင် မြေပေါ်၌ ဦးညွှတ်ပြပ်ဝပ် လျက်နေ၏။ |
15. | ရှမွေလကလည်း၊ သင်သည် ငါ့ကို နှောက်ရှက်လျက် အဘယ်ကြောင့် ဘော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက် ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။ |
16. | ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကို စွန့်၍ သင့်ရန်ဘက် ဖြစ်တော်မူသည် မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။ |
17. | ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင်၌ပြုတော်မူပြီ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနှုတ်၍၊ သင့်အိမ်နီးချင်း ဒါဝိဒ်အားပေးတော်မူပြီ။ |
18. | အကြောင်းမူကား၊ သင်သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်။ ပြင်းစွာသော အမျက်ကို အာမလက်အမျိုး၌ မစီရင်သောကြောင့်၊ ထာဝရဘုရားသည် ဤအမှုကို ယနေ့ သင်၌ ရောက်စေတော် မူပြီ။ |
19. | ထိုမှတပါးသင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့ လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်ဟု ဆို၏။ |
20. | ထိုအခါ ရှောလုသည် မြေပေါ်မှာ အလျားပြပ်ဝပ်လဲနေ၍၊ ရှမွေလစကားကြောင့် အလွန် ကြောက်ရွံ့၏။ တနေ့နှင့် တညဉ့်လုံး အဘယ်အစာကိုမျှ မစားဘဲနေသောကြောင့် အားကုန်ပြီ။ |
21. | ထိုမိန်းမသည်လာ၍ ရှောလု အလွန်စိတ်ညစ်သည်ကို မြင်လျှင်၊ ကိုယ်တော်ကျွန်မသည် ကိုယ်တော်စကားကို နားထောင်ပါပြီ။ ကိုယ်အသက်ကို မနှမြောဘဲ ကိုယ်တော်မိန့်တော်မူသော စကားကို နားထောင်ပါပြီ။ |
22. | သို့ဖြစ်၍ ယခုကိုယ်တော် ကျွန်မ၏ စကားကို နားထောင်တော်မူပါ။ စားစရာအနည်းငယ်ကို ရှေ့တော်၌ တင်ပါရစေ။ ကိုယ်တော်ကြွသွားသောအခါ အားပြည့်စေခြင်းငှါ စားတော်ခေါ်ပါဟု လျှောက် သော်လည်း၊ |
23. | ရှောလုက ငါမစားဟု ငြင်းပယ်လေ၏။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့် ဝိုင်း၍ အနိုင်ပြုကြသဖြင့်၊ ရှောလုသည် သူတို့စကားကို နားထောင်၍ မြေပေါ်ကထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ၏။ |
24. | ထိုမိန်းမသည် မိမိအိမ်၌ ဆူအောင်ကျွေးသော နွားကလေးတကောင်ရှိသည်ဖြစ်၍ အလျင်အမြန် သတ်လေ၏။ မုန့်ညက်ကိုလည်း ယူ၍ နယ်သဖြင့်၊ တဆေးမဲ့မုန့်ကို ဖုတ်ပြီးမှ၊ |
25. | ရှောလုနှင့် ကျွန်များတို့ ရှေ့၌ တင်လေ၏။ သူတို့သည် စား၍ ထိုညဉ့်တွင် ထသွားကြ၏။ |
← 1Samuel (28/31) → |