← 1Samuel (27/31) → |
1. | တဖန်ဒါဝိဒ်က၊ ငါသည် ရှောလုလက်ဖြင့် ဆုံးရှုံးရသော အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ ဖိလိတ္တိပြည်သို့ အလျင်အမြန် ပြေးကောင်း၏။ သည်ထက်ကောင်းသော အရာမရှိ။ သို့ပြုလျှင် ရှောလုသည် ဣသရေလပြည်နယ်တွင် ငါ့ကို ရှာ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့၍ သူ့လက်မှ ငါလွတ်လိမ့်မည်ဟု အကြံရှိသည်အတိုင်း၊ |
2. | မိမိ၌ ပါသော လူခြောက်ရာနှင့်တကွ ထ၍ ဂါသမင်းမောခသားအာခိတ် ထံသို့ကူးသွားကြ၏။ |
3. | ဒါဝိဒ်နှင့် သူ၏လူများတို့သည် အသီးအသီး မိမိသားမယားပါလျက် ဂါသမြို့၊ အာခိတ်မင်းထံမှာ နေကြ၏။ ဒါဝိဒ်မယားနှစ်ယောက်၊ ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလပါသတည်း။ |
4. | ဒါဝိဒ်သည် ဂါသမြို့သို့ ပြေးသွားကြောင်းကို ရှောလုသည် ကြား၍ နောက်တဖန်မလိုက်မရှာဘဲ နေ၏။ |
5. | ဒါဝိဒ်သည် အာခိတ်မင်းထံသို့ဝင်၍၊ ကျွန်တော်သည် ရှေ့တော်၌မျက်နှာရသည်မှန်လျှင် ကျွန်တော်နေစရာ တောရွာတရွာကို သနားတော်မူပါ။ ကိုယ်တော် ကျွန်သည် မြို့တော်၌ ကိုယ်တော် နှင့်အတူ အဘယ်ကြောင့် နေရပါသနည်းဟု လျှောက်လေသော်၊ |
6. | ထိုနေ့၌ အာခိတ်မင်းသည် ဇိကလတ်မြို့ကို ပေး၏။ ထို့ကြောင့် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်တို့သည် ဇိကလတ်မြို့ကို ပိုင်ကြ၏။ |
7. | ဒါဝိဒ်သည် ဖိလိတ္တိပြည်၌ နေသော နေ့ရက်ပေါင်းကား တနှစ်နှင့် လေးလစေ့သတည်း။ |
8. | တရံရောအခါ ဒါဝိဒ်နှင့် သူ၏လူတို့သည် သွား၍ ဂေရှုရိလူ၊ ဂေရဇိလူ၊ အာမလက်လူတို့ကို တိုက်ကြ၏၊၊ ထိုလူမျိုးတို့သည် ရှေးကာလ၌ ရှုရမြို့လမ်းမှစ၍ အဲဂုတ္တုပြည်တိုင်အောင် အမြဲနေသောသူ ဖြစ်သတည်း။ |
9. | ထိုပြည်ကို ဒါဝိဒ်သည် လုပ်ကြံ၍ ယောက်ျားမိန်းမ တစုံတယောက်ကိုမျှ အသက်ချမ်းသာမပေး။ သိုး၊ နွား၊ မြည်း၊ ကုလားအုပ်၊ အဝတ်တန်ဆာတို့ကို သိမ်းယူ၍ အာခိတ်မင်းထံသို့ ပြန်သွားလေ၏။ |
10. | အာခိတ်မင်းက၊ သင်တို့သည် ယနေ့အဘယ်အရပ်သို့ သွား၍ တိုက်သနည်းဟု မေးသော်၊ ဒါဝိဒ်က၊ ယုဒပြည်တောင်ဘက်၊ ယေရမေလပြည်တောင်ဘက်၊ ကေနိပြည်တောင်ဘက်သို့ သွား၍ တိုက်ပါသည်ဟု လျှောက်၏။ |
11. | ထိုသို့ ဒါဝိဒ်ပြုပြီဟု ဂါသမြို့သို့လာ၍ သိတင်းကြားပြောမည့်သူမရှိစေခြင်းငှါ ယောက်ျားမိန်းမ တစုံတယောက်ကိုမျှ အသက်ချမ်းသာ မပေး။ ဒါဝိဒ်သည် ဖိလိတ္တြိပည်၌နေသော ကာလပတ်လုံး ထိုသို့ပြုလေ့ရှိ၏။ |
12. | အာခိတ်မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိလူမျိုး အလွန်စက်ဆုပ်ရွံရှာသည်တိုင်အောင် ပြုပြီ။ သို့ဖြစ်၍ ငါ့ထံ၌ အစဉ်ကျွန်ခံလိမ့်မည်ဟု ဒါဝိတ်စကားကို ယုံလျက်ဆို၏။ |
← 1Samuel (27/31) → |