← 1Samuel (25/31) → |
1. | ထိုနောက် ရှမွေလသေသောအခါ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် စည်းဝေး၍ ငိုကြွေး မြည်တမ်းခြင်းကို ပြုသဖြင့်၊ ရာမမြို့တွင် သူ၏အိမ်၌ သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည် ထ၍ ပါရန်တောသို့ သွားလေ၏။ |
2. | ထိုအခါ မောနအရပ်၌ နေ၍ ကရမေလမြို့၌ ဥစ္စာများသော သူတဦးရှိ၏။ ထိုသူသည် လူကြီးဖြစ်၍၊ သိုးသုံးထောင်၊ ဆိတ်တထောင်ကို ရတတ်၏။ ကရမေလမြို့မှာ သိုးမွေးကို ညှပ်၍နေ၏။ |
3. | ထိုသူ၏အမည်ကား နာဗလ၊ သူ၏မယားအမည်ကား အဘိဂဲလတည်း။ ထိုမိန်းမသည် ဉာဏ်ကောင်း၍ အဆင်းလည်းလှ၏။ ယောက်ျားမူကား ခက်ထန်သော သဘောရှိ၏။ ဆိုးသော အမှုကိုလည်း ပြုတတ်၏။ ကာလက်အဆွေအမျိုးဖြစ်၏။ |
4. | နာဗလသည် သိုးမွေးညှပ်၍ နေကြောင်းကို ဒါဝိဒ်သည် တော၌ ကြားလျှင်၊ |
5. | လုလင်တကျိပ်တို့ကို ခေါ်၍ နာဗလရှိရာ ကရမေလမြို့သို့ သွားကြတော့။ |
6. | စည်းစိမ်ကြီးသော ထိုသူကို ငါ့ကိုယ်စား နှုတ်ဆက်၍ပြောရမည်မှာ၊ ကိုယ်တော်မှစ၍ ကိုယ်တော်၏အိမ်၊ ကိုယ်တော်နှင့် ဆိုင်သမျှတို့၌ ချမ်းသာရှိပါစေသော။ |
7. | ကိုယ်တော်၌ သိုးမွေးညှပ်သော သူများရှိကြောင်းကို အကျွန်ုပ်ကြားပါ၏။ အကျွန်ုပ်တို့နှင့် အတူနေသော ကိုယ်တော်၏ သိုးထိန်းတို့ကို အကျွန်ုပ်တို့သည် မပြစ်မှားပါ။ သူတို့သည် ကရမေလမြို့မှာ နေသော ကာလပတ်လုံး၊ သူတို့ဥစ္စာ တစုံတခုမျှ မပျောက်ပါ။ |
8. | ကိုယ်တော်၏ လုလင်တို့ကို မေးမြန်းပါတော့။ သူတို့သည် ပြောကြလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်၏ လုလင်တို့သည် ရှေ့တော်၌ မျက်နှာရကြပါစေ။ အကျွန်ုပ်တို့သည် မင်္ဂလာနေ့၌ ရောက်ပါ၏။ လက်တော်၌ ရှိသမျှကို ကိုယ်တော်ကျွန်များ၊ ကိုယ်တော်၏သား ဒါဝိဒ်အား သနားတော်မူပါဟု နှုတ်ဆက်ရမည်အကြောင်းမှာထား၍ လွှတ်လိုက်၏။ |
9. | ဒါဝိဒ်၏ လုလင်တို့သည် နာဗလထံသို့ ရောက်သောအခါ၊ ဒါဝိဒ်မှာထားသမျှသော စကားတို့ကို ပြန်ပြောပြီးလျှင် တိတ်ဆိတ်စွာ နေကြ၏။ |
10. | နာဗလကလည်း၊ ဒါဝိဒ်ကား အဘယ်သူနည်း။ ယေရှဲ၏သားကား အဘယ်သူနည်း။ ယခုကာလ သခင်ကို ပုန်ကန်သော ကျွန်များပါတကား။ |
11. | ငါသည် ငါ့သိုးမွေးကို ညှပ်သောသူတို့အဘို့ ပြင်ဆင်သော ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကို ယူ၍ ငါမသိသော လူတို့အားပေးရမည်လောဟု ဒါဝိဒ်၏ လုလင်တို့အားပြောဆို၏။ |
12. | ဒါဝိဒ်၏ လုလင်တို့သည် လှည့်သွား၍ ထိုစကားအလုံးစုံတို့ကို ဒါဝိဒ်အားပြန်လျှောက်ကြ၏။ |
13. | ဒါဝိဒ်ကလည်း လူတိုင်း မိမိထားကို ခါး၌စည်းစေဟု မိမိလူတို့အားဆိုလျက် မိမိထားကို စည်းလေ၏။ လူလေးရာတို့သည် ဒါဝိဒ် နောက်သို့လိုက်ကြ၏။ နှစ်ရာတို့သည် ဥစ္စာ ပစ္စည်းများကို စောင့်၍ နေကြ၏။ |
14. | လုလင်တယောက်သည် နာဗလမယား အဘိဂဲလထံသို့သွား၍၊ ဒါဝိဒ်သည် အကျွန်ုပ်တို့သခင်ကို နှုတ်ဆက်အံ့သောငှါ တမန်တို့ကို တောမှစေလွှတ်၍၊ အကျွန်ုပ်တို့သခင်သည် သူတို့ကို ဆဲပါ၏။ |
15. | ထိုသူတို့သည် ကျွန်တော်တို့၌ အလွန်ကျေးဇူးပြုပါပြီ။ ကျွန်တော်တို့သည် တောမှာ နေ၍ သူတို့နှင့်ပေါင်းဘော်သော ကာလပတ်လုံးအရှုံးမခံ၊ ဥစ္စာတစုံတခုမျှ မပျောက်ပါ။ |
16. | ကျွန်တော်တို့သည် သိုးထိန်း၍ သူတို့နှင့် ပေါင်းဘော်သော ကာလပတ်လုံး၊ သူတို့သည် နေ့ညဉ့်အစဉ်ကွယ်ကာလျက် နေကြပါ၏။ |
17. | သို့ဖြစ်၍ သခင်မသည် အဘယ်သို့ပြုသင့်သည်ကို ကြည့်ရှုဆင်ခြင်ပါတော့။ အကျွန်ုပ်တို့ သခင်နှင့် အိမ်သူအိမ်သား အပေါင်းတို့၌ ဘေးပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မလူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြောမလျှောက်ဝံ့ပါဟု ဆိုလေသော်၊ |
18. | အဘိဂဲလသည် မုန့်လုံးနှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသော သိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက် အပြွတ်တရာ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန် ယူ၍ မြည်းတို့အပေါ်၌တင်ပြီးလျှင်၊ |
19. | ငါ့ရှေ့မှာ သွားကြ။ ငါလိုက်မည်ဟု ကျွန်တို့အား ဆို၏။ လင်နာဗလကို အလျှင်းမပြော။ |
20. | မြည်းကို စီးလျက်သွား၍ တောင်ခြေရင်း၌ ဆင်းလှည့်စဉ်တွင်၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တဘက် တချက် ဆင်းလာ၍ တယောက်နှင့် တယောက် တွေ့ကြုံကြ၏။ |
21. | ထိုသို့မတွေ့မှီ ဒါဝိဒ်က၊ အကယ်စင်စစ် ထိုသူ၏ ဥစ္စာ တစုံတခုကိုမျှ မပျောက်စေခြင်းငှါ၊ တော၌ သူပိုင်သမျှတို့ကို ငါသည် အချည်းနှီးစောင့် ပါပြီတကား။ ငါကောင်းသော အမှုအတွက်၊ မကောင်း သော အမှုကို သူပြုပါပြီတကား။ |
22. | နက်ဖြန် မိုဃ်းလင်းသောအခါ၊ နာဗလနှင့် ဆိုင်သော သူအပေါင်းတို့တွင် ယောက်ျားတစုံတယောက်ကို ငါချန်ထားလျှင်၊ ထိုမျှမက ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူတို့အား ပြုတော်မူစေသတည်းဟု ဆိုနှင့်ပြီ။ |
23. | အဘိဂဲလသည် ဒါဝိဒ်ကို မြင်သောအခါ၊ မြည်းပေါ်က အလျင်အမြန်ဆင်းပြီးလျှင် ဒါဝိဒ်ရှေ့တွင် မြေပေါ်မှာ ဦးညွှတ်ချ၍၊ |
24. | သူ၏ ခြေရင်း၌ ဝပ်တွားလျက်၊ ကျွန်မသခင်၊ အပြစ်ရှိသမျှကို ကျွန်မခံပါမည်။ ကိုယ်တော်၏ ကျွန်မသည် နားတော်လျှောက်ရသော အခွင့်ကို ပေးတော်မူပါ။ |
25. | ကိုယ်တော်၏ ကျွန်မစကားကို နားညောင်းတော်မူပါ။ ထိုအဓမ္မလူ နာဗလကို ကျွန်မသခင် မှတ်တော်မမူပါနှင့်။ သူ၏အမည်သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ၏အမည်ကား နာဗလ။ သူ၏ သဘောကား မိုက်ခြင်းဖြစ်သတည်း။ သခင်စေလွှတ်တော်မူသော လုလင်တို့ကို ကိုယ်တော် ကျွန်မသည် မမြင်ရပါ။ |
26. | ယခုမှာ ကျွန်မသခင်၊ ကိုယ်တော်သည် လူအသက်ကို သတ်ခြင်းငှါ မသွားမည်အကြောင်း ကိုယ်လက်နှင့် ကိုယ်အမှုကို စောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရား ဆီးတားတော်မူသည်ဖြစ်၍၊ ထာဝရဘုရား အသက်တော် ကိုယ်တော်အသက်လည်း ရှင်တော်မူသည်အတိုင်း၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော်၏ ရန်သူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။ |
27. | ယခုမှာ ကိုယ်တော်၏ ကျွန်မသည် သခင့်ထံသို့ ဆောင်ခဲ့သော လက်ဆောင်ကို ကျွန်မသခင်နောက်တော်သို့ လိုက်သော လုလင်တို့ အားပေးစေတော်မူပါ။ |
28. | ကိုယ်တော်၏ ကျွန်မအပြစ်ကိုသည်းခံတော်မူပါ။ ကျွန်မသခင်သည် ထာဝရဘုရားဘက်မှာ စစ်တိုက်သောကြောင့်၎င်း၊ တသက်လုံးကိုယ်တော်၌အပြစ်တင်စရာ အခွင့်မရှိသောကြောင့်၎င်း၊ ထာဝရဘုရားသည် ကျွန်မ၏သခင်အဘို့ ခိုင်ခံ့ မြဲမြံသော အိမ်ကို တည်ဆောက်တော်မူလိမ့်မည်။ |
29. | ကိုယ်တော်၏ အသက်ကို သတ်အံ့သောငှါ လူအချို့တို့သည် ထ၍ ရှာသော်လည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကျွန်မသခင်၏ အသက်ကို အသက်ထုပ်၌ နှောင်ဖွဲ့တော်မူလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့အသက်ကိုမူကား၊ လောက်လွှဲထဲက ပစ်သကဲ့သို့ ပစ်တော်မူလိမ့်မည်။ |
30. | ထာဝရဘုရား ဂတိထားတော်မူသည်အတိုင်း၊ ကိုယ်တော်၌ ကျေးဇူးပြု၍ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ခန့်ထားတော်မူသောအခါ၊ |
31. | ကျွန်မ၏ သခင်ကိုယ်တော်သည် အကြောင်းမရှိဘဲ လူအသက်ကို သတ်မိသောကြောင့်၎င်း၊ ကိုယ်အမှုကို စောင့်၍၊ အပြစ်ဒဏ်ပေးမိသောကြောင့်၎င်း၊ ကျွန်မ၏ သခင်ကိုယ်တော်သည် စိတ်ညှိုးငယ်ခြင်း၊ ကိုယ်တိုင်ကိုယ်အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရား သည် ကျွန်မ၏ သခင်၌ ကျေးဇူးပြုတော်မူပြီးမှ၊ ကိုယ်တော်၏ ကျွန်မကို အောက်မေ့တော်မူပါဟု လျှောက်လေ၏။ |
32. | ဒါဝိဒ်ကလည်း၊ ယနေ့ငါနှင့် တွေ့စေခြင်းငှါ၊ သင့်ကို စေလွှတ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ |
33. | သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း။ ယနေ့ငါသည် လူအသက်ကို သတ်အံ့သောငှါ၊ မသွားရမည်အကြောင်း၊ ကိုယ်လက်နှင့် ကိုယ်အမှုကို စောင့်၍ အပြစ်ဒဏ်မပေးရမည်အကြောင်း ဆီးတားသောသင်သည်လည်း မင်္ဂလာရှိစေသတည်း။ |
34. | အကယ်စင်စစ် သင့်ကို ငါမညှင်းဆဲရမည်အကြောင်း၊ ဆီးတားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင်သည်ငါနှင့် တွေ့ခြင်းငှါ အလျင်အမြန်မလာလျှင်၊ အကယ်စင်စစ် နက်ဖြန်မိုဃ်းလင်းသောအခါ၊ နာဗလ၏ လူယောက်ျား တစုံတယောက်ကိုမျှ ငါချန်၍မထားဟု အဘိဂဲလအား ပြောဆိုလျက်၊ |
35. | သူဆောင်ခဲ့သော လက်ဆောင်ကို သူ၏လက်မှခံယူ၍၊ သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့။ သင်၏စကားကို ငါနားထောင်ပြီ။ သင်၏ မျက်နှာကိုလည်း ထောက်၍ နေမည်ဟုဆိုလေ၏။ |
36. | အဘိဂဲလသည်လည်း နာဗလထံသို့ ပြန်သွား၍၊ သူသည် ရှင်ဘုရင်၏ ပွဲကဲ့သို့သော ပွဲကို မိမိအိမ်၌ ခံသဖြင့်၊ ယစ်မူး၍ စိတ်ရွှင်လန်းလျက်နေသောကြောင့်၊ မိုဃ်းမလင်းမှီ မယားသည် အလျှင်းမပြော။ |
37. | မိုဃ်းလင်း၍ နာဗလသောက်သော စပျစ်ရည်အရှိန်ကုန်သောအခါ၊ ထိုအမှုများကို မယားပြောသဖြင့် သူသည်နှလုံးသေ၍ ကျောက်ကဲ့သို့ဖြစ်၏။ |
38. | ဆယ်ရက်လောက်လွန်မှ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏။ |
39. | နာဗလသေကြောင်းကို ဒါဝိဒ်ကြားသောအခါ၊ ငါခံရသော ကဲ့ရဲ့ခြင်းအမှုကို စောင့်၍ နာဗလလက်မှ နှုတ်တော်မူ၍၊ ကိုယ်တော်ကျွန်ကို ဒုစရိုက်နှင့် ကင်းလွှတ်စေတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် နာဗလပြုသော ဒုစရိုက်ကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေတော်မူပြီဟု ဆို၏။ တဖန်လူကို စေလွှတ်၍ အဘိဂဲလနှင့် လက်ထပ်ခြင်းငှါ နှုတ်ဆက်လေ၏။ |
40. | ဒါဝိဒ်၏ ကျွန်တို့သည် အဘိဂဲလရှိရာ ကရမေလမြို့သို့ ရောက်သောအခါ၊ ဒါဝိဒ်သည် သခင်မနှင့် လက်ထပ်ခြင်းငှါ ကျွန်တော်တို့ကို စေလွှတ်ပါပြီဟု ပြောဆိုလျှင်၊ |
41. | အဘိဂဲလသည် ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက်၊ ကျွန်မသည် ကျွန်မသခင်၏ ကျွန်တို့ ခြေကို ဆေးသော ကျွန်မိန်းမဖြစ်စေသောဟု ဆိုပြီးမှ၊ |
42. | အလျင်အမြန်ထ၍ မိမိနောက်လိုက် ကျွန်မငါးယောက်ပါလျက် မြည်းစီးသဖြင့်၊ ဒါဝိဒ်စေလွှတ်သော လူတို့နှင့် တကွလိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ်လေ၏။ |
43. | ဒါဝိဒ်သည် ယေဇရေလမြို့သူ အဟိနောင်ကိုလည်း သိမ်း၍ ထိုမိန်းမနှစ်ယောက်တို့သည် သူ၏ ခင်ပွန်းဖြစ်ကြ၏။ |
44. | ရှောလုသည် မိမိသမီးဖြစ်သော ဒါဝိဒ်၏ မယားမိခါလကို၊ ဂလ္လိမ်မြို့သားဖြစ်သော လဲရှ၏သား ဖာလတိအားပေးစားနှင့်ပြီ။ |
← 1Samuel (25/31) → |