← 1Samuel (24/31) → |
1. | ရှောလုသည်လည်း ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာသောအခါ၊ ဒါဝိဒ်သည် အင်္ဂေဒိတော၌ ရှိပါ၏ဟု ကြားလျှောက်ကြလျှင်၊ |
2. | ဣသရေလအမျိုးသားအပေါင်းတို့တွင် ရွေးကောက်သော လူသုံးထောင်တို့ကို ခေါ်၍၊ တောဆိတ်နေရာ ကျောက်တောင်တို့အပေါ်မှာ ဒါဝိဒ်နှင့် သူ၏လူတို့ကို ရှာအံ့သောငှါ သွားလေ၏။ |
3. | လမ်းနားမှာ သိုးခြံရှိရာသို့ရောက်၍ ဥမင်ကို တွေ့သဖြင့်၊ ရှောလုသည် အိပ်မည်ဟု ဝင်လေ၏။ ဒါဝိဒ်နှင့်သူ၏လူတို့သည် ထိုဥမင်နံဖေး တဘက်တချက်၌ နေကြ၏။ |
4. | ဒါဝိဒ်၏လူတို့ကလည်း၊ ထာဝရဘုရားက၊ သင်၏ရန်သူကို သင့်လက်၌ ငါအပ်မည်။ သူ၌ သင်ပြုချင်တိုင်းပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော်အား အမိန့်ပေးတော်မူသော နေ့ရက် ရောက်ပါပြီဟု ဆိုကြလျှင်၊ ဒါဝိဒ်သည် ထ၍ ရှောလု ဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာ လှီးဖြတ်လေ၏။ |
5. | ထိုသို့ ရှောလု၏ အင်္ကျီကို လှီးဖြတ် မိသောကြောင့်၊ ဒါဝိဒ်သည် နောက်တဖန် နောင်တရ၍၊ |
6. | ထာဝရဘုရားပေးတော်မူသော ဘိသိက်ကိုခံရသော ငါအရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါလက်ဆန့်သော အမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု မိမိလူတို့အားဆိုသဖြင့်၊ |
7. | ရှောလုကို ထိခိုက်စေခြင်းငှါ အခွင့်မပေး မြစ်တားလေ၏။ ရှောလုသည်လည်း ထ၍ ဥမင်ထဲက ထွက်သွားလေ၏။ |
8. | ထိုနောက် ဒါဝိဒ်သည် ထ၍ ဥမင်ထဲက ထွက်လျက်၊ ကျွန်တော်၏ သခင်အရှင်းမင်းကြီးဟု ရှောလု နောက်၌ ဟစ်သဖြင့်၊ ရှောလုသည် နောက်သို့ကြည့်သောအခါ၊ ဒါဝိဒ်သည် မြေပေါ်၌ ဦးချ၍ ပြပ်ဝပ်လျက်၊ |
9. | ဒါဝိဒ်သည် ကိုယ်တော်၏အကျိုးကို ဖျက်ခြင်းငှါ ရှာကြံသည်ဟု လူအချို့ပြောသောစကားကို အဘယ်ကြောင့် နားထောင်တော်မူသနည်း။ |
10. | ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို သတ်စေခြင်းငှါ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသော စိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ ဘိသိက်ခံသူ ဖြစ်တော်မူ သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါသည် လက်ကို မဆန့်ဟု အကြံရှိပါ၏။ |
11. | ထိုမှတပါး ကျွန်တော်အဘကြည့်ရှုတော်မူပါ။ ကျွန်တော်လက်၌ အင်္ကျီတော်အောက်ပိုင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို မသတ်၊ အင်္ကျီတော်အောက်ပိုင်းကို လှီးဖြတ်ရုံမျှသာပြုသောကြောင့်၊ ကျွန်တော်၌ ဒုစရိုက်အပြစ်မရှိ၊ လွန်ကျူးခြင်းအပြစ်မရှိကြောင်းကို သိမြင်တော်မူပါ။ ကိုယ်တော်ကို မပြစ်မှားပါ။ သို့သော်လည်း ကျွန်တော်အသက်ကို သတ်အံ့သောငှါ လိုက်၍ ရှာတော်မူပါသည်တကား။ |
12. | ထာဝရဘုရားသည် ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကျွန်တော်အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေးတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။ |
13. | ရှေးပုံစကားလာသည်အတိုင်း၊ ဆိုးသောသူလက်မှ ဆိုးသောအမှုထွက်တတ်၏။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။ |
14. | ဣသရေလရှင်ဘုရင်သည် အဘယ်သူ၏အတွက်ကြောင့် ကြွလာတော်မူသနည်း။ ကိုယ်တော်သည် အဘယ်သူကို လိုက်၍ ရှာတော်မူသနည်း။ ခွေးသေကောင်ကို လိုက်၍ ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ရှာတော်မူသလော။ |
15. | သို့ဖြစ်၍ ထာဝရဘုရားသည် တရားသူကြီးလုပ်တော်မူပါစေသော။ ကျွန်တော်နှင့် ကိုယ်တော် စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကြည့်ရှု၍ ကျွန်တော်အမှုကို စောင့်သဖြင့်၊ ကျွန်တော်ကို ကိုယ်တော်လက်မှ ကယ်လွှတ်တော်မူပါစေသောဟု ရှောလုအား လျှောက်ဆို၏။ |
16. | ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင် လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကို လွှင့်၍ ငိုကြွေးလေ၏။ |
17. | တဖန်လည်း၊ သင်သည် ငါ့ထက်သာ၍ တရားစောင့်၏။ သင့်အကျိုးကို ငါဖျက်သော်လည်း၊ သင်သည် ငါ၌ အကျိုးကျေးဇူးပြုပြီ။ |
18. | ငါ၌ အဘယ်သို့ကျေးဇူးပြုသည်ကို သင်သည် ယနေ့ပြပြီ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ့ကို သင့်လက်၌ အပ်တော်မူသော်လည်း၊ သင်သည် မသတ်ဘဲနေပါသည်တကား။ |
19. | လူသည် ရန်သူကို တွေ့လျှင် ချမ်းသာစွာ လွှတ်လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ၌ယနေ့ပြုသော ကျေးဇူးကို ထာဝရဘုရား ဆပ်တော်မူပါစေသော။ |
20. | ယခုမှာ သင်သည် စင်စစ်ရှင်ဘုရင်ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ဣသရေလ နိုင်ငံသည် သင့်လက်၌ တည်လိမ့်မည်ဟူ၍၎င်း၊ ငါအမှန်သိ၏။ |
21. | သို့ဖြစ်၍ သင်သည် ငါ၏သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့အဆွေအမျိုးထဲက ငါ၏နာမကို မပယ်ရှင်းမည်အကြောင်း ထာဝရဘုရားကို တိုင်တည်၍ ငါ့အားကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ်အားဆိုပြီးမှ၊ |
22. | ဒါဝိဒ်သည် ရှောလုအား ကျိန်ဆိုခြင်းကိုပြု၍ ရှောလုသည် မိမိနေရာသို့ သွား၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည်လည်း ခိုင်ခံ့သောအရပ်သို့ သွားကြ၏။ |
← 1Samuel (24/31) → |