← 1Samuel (23/31) → |
1. | ဖိလိတ္တိလူတို့သည် ကိလမြို့ကို တိုက်၍ ကောက်နယ်တလင်းတို့ကို လုယူကြောင်းကို ဒါဝိဒ်သည် ကြားသောအခါ |
2. | အကျွန်ုပ်သည် ထိုဖိလိတ္တိလူတို့ကို သွား၍ လုပ်ကြံရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ ကိလမြို့ကို ကယ်တင် လော့ဟု ဒါဝိဒ်အား မိန့်တော်မူ၏။ |
3. | ဒါဝိဒ်၏လူတို့ကလည်း၊ ငါတို့သည် ယုဒပြည်၌ပင် ကြောက်ကြ၏။ ထိုမျှမက ကိလမြို့သို့ရောက်၍ ဖိလိတ္တိဗိုလ်ခြေတို့နှင့် စစ်ပြိုင်သောအခါသာ၍ ကြောက်စရာရှိပါသည်တကားဟု ဆိုကြ၏။ |
4. | တဖန်ဒါဝိဒ်သည် ထပ်၍ ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ထ၍ ကိလမြို့သို့ သွားလော့။ ဖိလိတ္တိလူတို့ကို သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊ |
5. | ဒါဝိဒ်နှင့် သူ၏လူတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိလူတို့နှင့် တိုက်သဖြင့်၊ ထိုသူတို့၏ တိရစ္ဆာန်များကို ယူ၍ သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်ကြ၏။ ထိုသို့ဒါဝိဒ်သည် ကိလမြို့ကို ကယ်တင်လေ၏။ |
6. | အဟိမလက်၏သား အဗျာသာသည်၊ ဒါဝိဒ်ရှိရာ ကိလမြို့သို့ ပြေးလာသောအခါ သင်တိုင်းတော် ပါလျက်ရောက်လာသတည်း။ |
7. | ဒါဝိဒ်သည် ကိလမြို့သို့ ရောက်ကြောင်းကို ရှောလုကြားလျှင်၊ ဘုရားသခင်သည် သူ့ကို ငါ့လက်သို့ အပ်တော်မူပြီ။ တံခါးနှင့် ကန့်လန့်ကျင်ရှိသော မြို့ထဲသို့ ဝင်သဖြင့်၊ အချုပ်ခံလျက် နေရသည်ဟု ဆိုလျက်၊ |
8. | ကိလမြို့သို့ စစ်ချီ၍ ဒါဝိဒ်နှင့် သူ၏လူတို့ကို ဝိုင်းထားခြင်းငှါ မိမိလူအပေါင်းတို့ကို စုဝေးစေ၏။ |
9. | ရှောလုသည် မကောင်းသော အကြံနှင့် ကြိုးစားသည်ကို ဒါဝိဒ်သည် သိ၍၊ ယဇ်ပုရောဟိတ် အဗျာသာအား၊ သင်တိုင်းတော်ကို ယူခဲ့ပါဟု ဆို၏။ |
10. | ထိုအခါ ဒါဝိဒ်က၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ရှောလုသည် ကိလမြို့သို့ လာ၍ ကိုယ်တော်ကျွန်အတွက် ဖျက်ဆီးမည်ဟု အကြံရှိသည်ကို ဆက်ဆက်ကြားပါ၏။ |
11. | ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ၏လက်၌ အပ်ကြပါလိမ့်မည်လော။ ကိုယ်တော်၏ ကျွန်ကြားသည်အတိုင်း ရှောလုသည် လာပါလိမ့်မည်လော။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ကျွန်အား အမိန့်ရှိတော်မူမည်အကြောင်း တောင်းပန်ပါ၏ဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ ရှောလုသည် လာလိမ့်မည်ဟု မိန့်တော်မူ၏။ |
12. | တဖန် ဒါဝိဒ်က၊ ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့ကို ရှောလုလက်သို့ အပ်ကြလိမ့်မည်လောဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ အပ်ကြပါလိမ့်မည်ဟု မိန့်တော်မူ၏။ |
13. | ထိုအခါ ဒါဝိဒ်သည် ခြောက်ရာခန့် ရှိသော မိမိလူတို့နှင့် ထ၍ ကိလမြို့မှ ထွက်ပြီးလျှင်၊ သွားနိုင် ရာအရပ်ရပ်သို့ သွားကြ၏။ ဒါဝိဒ်သည် ကိလမြို့မှ အလွတ်ပြေးကြောင်းကို ရှောလုသည်ကြား၍ ကိုယ်တိုင်မသွားဘဲ နေ၏။ |
14. | ဒါဝိဒ်သည် ဇိဖတောင်အစရှိသော တောကြိုတောင်ကြားတို့၌ နေ၍၊ ရှောလုသည် နေ့တိုင်း ရှာသော်လည်း သူ၏လက်၌ ဒါဝိဒ်ကို ဘုရားသခင် အပ်တော်မမူ။ |
15. | တရံရောအခါ ဒါဝိဒ်သည် ဇိဖတောအုပ်၌ရှိ၍၊ သူ၏ အသက်ကို သတ်မည်ဟု ရှောလုလာသည်ကို သိသောအခါ၊ |
16. | ရှောလု၏ သားယောနသန်သည် ထ၍ဒါဝိဒ်ရှိရာ တောအုပ်သို့သွားပြီးလျှင်၊ ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှါ ထောက်မလျက်၊ |
17. | မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘ ရှောလု၏ လက်မှလွတ်၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်းသင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘရှောလုသိသည်ဟု ဆိုသဖြင့်၊ |
18. | ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ ပဋိညာဉ်ဖွဲ့ကြပြီးမှ၊ ဒါဝိဒ်သည် တောအုပ်၌ နေ၍ ယောနသန်သည် မိမိအိမ်သို့သွား၏။ |
19. | တဖန် ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ၍၊ ဒါဝိဒ်သည် ကျွန်တော်တို့နေရာ ယေရှိမုန်မြို့ တောင်ဘက်မှာ၊ ဟခိလတောကြို တောင်ကြား၌ ပုန်းလျက်နေသည်ဖြစ်၍၊ |
20. | အရှင်မင်းကြီးကြွချင်သော စိတ်အားကြီးသည် အတိုင်းကြွတော်မူပါ။ ထိုသူကို အရှင်မင်းကြီး လက်တော်သို့အပ်သော အမှုသည် ကျွန်တော်တို့တာရှိပါစေဟု လျှောက်လျှင်၊ |
21. | ရှောလုက၊ သင်တို့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါစေသော။ သင်တို့သည် ငါ့ကိုသနားကြပြီ။ |
22. | ယခုသွား၍ ပြင်ဆင်ကြလော့။ သူ ပုန်းရှောင်၍ နေရာကို၎င်း၊ အဘယ်သူ မြင်ပြီးသည်ကို၎င်း၊ စူးစမ်းကြလော့။ သူသည် အလွန်လိမ္မာသည်ကို ငါကြား၏။ |
23. | ထိုကြောင့် သူပုန်းရှောင်ခိုလှုံရာ အရပ်ရပ်တို့ကို သေချာစွာကြည့်ရှုသိမှတ်ပြီးမှ၊ ငါ့ထံသို့ တဖန်လာကြလျှင်၊ သင်တို့နှင့် အတူငါလိုက်မည်။ သူသည်ထိုပြည်၌ ရှိလျှင်၊ ယုဒအမျိုးသား အထောင်အသောင်းတို့တွင် ငါရှာ၍ ထုတ်မည်ဟု မှာထားသည်အတိုင်း၊ |
24. | သူတို့သည် ထ၍ ရှောလုအရင် ဇိဖတောသို့သွားကြ၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည် မောနတော၊ ယေရှိမုန်မြို့ တောင်ဘက်လွင်ပြင်၌ ရှိကြ၏။ |
25. | ရှောလုသည်လည်း လူများနှင့်တကွ လာ၍ ရှာသည်ကို ဒါဝိဒ်သည် ကြားပြန်လျှင်၊ ကျောက်ကြားမှ ထွက်သွား၍ မောနတော၌ နေ၏။ ရှောလုကြားပြန်သော်၊ မောနတော၌ ဒါဝိဒ်ကို လိုက်၍ ရှာ၏။ |
26. | ရှောလုသည် တောင်တဘက်၌၎င်း၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တဘက်၌၎င်း၊ သွားကြ၍ ရှောလုကို ကြောက်သဖြင့်၊ လွတ်အောင်ကြိုးစားစဉ်တွင်၊ ရှောလုနှင့် သူ၏လူတို့သည် ဒါဝိဒ်နှင့် သူ၏လူတို့ကို ဝိုင်း၍ ဘမ်းမိလုကြပြီ။ |
27. | ထိုအခါ တမန်ရောက်လာ၍၊ အလျင်အမြန် ကြွလာတော်မူပါ။ ဖိလိတ္တိလူတို့သည် ပြည်တော်ကို တိုက်လာကြပါပြီဟု ရှောလုအား ကြားလျှောက်သောကြောင့်၊ |
28. | ရှောလုသည် ဒါဝိဒ်ကို လိုက်ရှာရာမှ ပြန်၍ ဖိလိတ္တိလူတို့ရှိရာသို့ ချီသွားလေ၏။ သို့ဖြစ်၍ ထိုအရပ်ကို သေလဟမ္မလေကုပ်အမည်ဖြင့် သမုတ်သတည်း။ |
29. | ဒါဝိဒ်သည် ထိုအရပ်မှ သွား၍ အင်္ဂေဒိမြို့နယ်၊ ခိုင်ခံ့သော အရပ်တို့၌ နေလေ၏။ |
← 1Samuel (23/31) → |