← 1Samuel (22/31) → |
1. | ဒါဝိဒ်သည် ထိုအရပ်မှပြေး၍ အဒုလံဥမင်သို့ ဘေးလွတ်လျက် ရောက်လေ၏။ သူအစ်ကိုများ၊ အဆွေ အမျိုးများအပေါင်းတို့သည် ကြားလျှင် သူ့ထံသို့ သွားကြ၏။ |
2. | အမှုရောက်သောသူ၊ ကြွေးတင်သောသူ၊ စိတ်ညစ်သောသူအပေါင်းတို့သည်၊ သူ့ထံမှာ စုဝေးကြ၍ လူလေးရာခန့်ရှိသဖြင့်၊ ဒါဝိဒ်သည် သူတို့ကို အုပ်ရ၏။ |
3. | ထိုအရပ်မှ မောဘပြည် မိဇပါမြို့သို့သွား၍၊ မောဘရှင်ဘုရင်အား၊ ဘုရားသခင်သည် ကျွန်တော်၌ အဘယ်သို့ပြုတော်မူမည်ကို ကျွန်တော်မသိဘဲနေစဉ်တွင်၊ ကျွန်တော်မိဘသည် ထွက်လာ၍ ကိုယ်တော် ထံ၌ နေရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်သဖြင့်၊ |
4. | မောဘရှင်ဘုရင်ထံသို့ သွင်း၍၊ ဒါဝိဒ်သည် ခိုင်ခံ့သော ဥမင်၌ နေသည်ကာလပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာ နေကြ၏။ |
5. | တဖန် ပရောဖက်ဂဒ်က၊ ခိုင်ခံ့သော ဥမင်၌ မနေနှင့်။ ထွက်၍ ယုဒပြည်သို့ သွားလော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား၍ ဟာရက်တော၌ နေ၏။ |
6. | ထိုအခါ ရှောလုသည် ဂိဗာမြို့၌ ကုန်းပေါ်တွင် သစ်ပင်အောက်မှာ လှံကို ကိုင်လျက်၊ ကျွန်အပေါင်းတို့ သည် ခြံရံလျက်နေစဉ်တွင်၊ ဒါဝိဒ်နှင့်သူ၏ လူတို့သည် ပေါ်ကြောင်းကို ရှောလုကြား၍၊ |
7. | အို ဗင်္ယာမိန် အမျိုးသားတို့၊ ယေရှဲ၏သားသည် လယ်များ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ၌ ဝေပေးနိုင်သလော။ သင်တို့ရှိသမျှကို လူတထောင်အုပ်၊ တရာအုပ်အရာ၌ ခန့်ထားနိုင်သလော။ |
8. | ထိုသို့ ပြုနိုင်သောကြောင့် သင်တို့အပေါင်းသည် ငါ့တဘက်၌ သင်းဖွဲ့ကြသလော။ ငါ့သားသည် ယေရှဲ၏သားနှင့် မိဿဟာယဖွဲ့ကြောင်းကို တယောက်မျှမပြော။ ငါ့အတွက် တယောက်မျှ ဝမ်းမနည်း။ ငါ့ကျွန်သည် ယနေ့ ပြုသည် အတိုင်း၊ ငါ့ကို ချောင်းမြောင်းစေခြင်းငှါ၊ ငါ့သားနှိုးဆော် ကြောင်းကို တယောက်မျှမပြောဘဲ နေကြသည်တကားဟု အခြံအရံတို့အား ဆိုလေသော်၊ |
9. | ရှောလု၏ ကျွန်အုပ် ဧဒုံ အမျိုးသား ဒေါဂက၊ ယေရှဲ၏သားသည် အဟိတုပ်၏သား အဟိမလက်ရှိရာ နောဗမြို့သို့ရောက်ကြောင်းကို ကျွန်တော်မြင်ပါ၏။ |
10. | အဟိမလက်သည် ယေရှဲ၏သားအဘို့ ထာဝရဘုရားထံတော်၌ မေးမြန်း၍ စားစရိတ်ကို၎င်း၊ ဖိလိတ္တိလူ ဂေါလျတ်၏ ထားကို၎င်း ပေးပါ၏ဟု ကြားလျှောက်လျှင်၊ |
11. | ရှင်ဘုရင်သည် အဟိတုပ်၏သား ယဇ်ပုရောဟိတ် အဟိမလက်နှင့် သူ၏အဆွေအမျိုးတည်းဟူသော နောဗမြို့၌ နေသော ယဇ်ပုရောဟိတ်အပေါင်းတို့ကို ခေါ်၍၊ သူတို့သည် အထံတော်သို့ ရောက်လာကြ၏။ |
12. | ရှောလုကလည်း၊ အဟိတုပ်၏သား နားထောင်လော့ဟု ဆိုလျှင်၊ အဟိမလက်က အကျွန်ုပ်ရှိပါသည် သခင်ဟုလျှောက်၏။ |
13. | ရှောလုကလည်း၊ သင်နှင့် ယေရှဲ၏သားသည် အဘယ်ကြောင့် ငါ့တဘက်၌ သင်းဖွဲ့ကြသနည်း။သူသည် ယနေ့ပြုသည့်အတိုင်း ငါ့ကို ပုန်ကန်စေခြင်းငှါ သင်သည် မုန့်နှင့်ထားကို ပေး၍ သူအဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းပြီတကားဟု ဆိုသော်၊ |
14. | အဟိမလက်က၊ ကိုယ်တော်၏ ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း။ သမက်တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော်၌ အသရေရှိသောသူ ဖြစ်ပါ၏။ |
15. | ထိုကာလ၌ အကျွန်ုပ်သည် ဒါဝိဒ်အဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းစပြုသလော။ ထိုအမှု ဝေးပါစေသော။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး တစုံတယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်၊ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါဟု ရှင်ဘုရင်အား လျှောက်လေ၏။ |
16. | ရှင်ဘုရင်က၊ အဟိမလက်၊သင်နှင့် သင်၏အဆွေအမျိုးအပေါင်းတို့သည် ဧကန်အမှန်အသေခံရမည်ဟု ဆိုလျက်၊ |
17. | ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့သည် ဒါဝိဒ်ဘက်မှာ နေ၍၊ သူပြေးကြောင်းကို သိသော်လည်း ငါ့အားမကြားမပြောသောကြောင့်၊ သူတို့ကို လှည့်၍ သတ်ကြဟု ခြံရံလျက်ရှိသော ခြေသည်တို့အား အမိန့်တော်ရှိသော်လည်း၊ ရှင်ဘုရင်၏ ကျွန်တို့သည် ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို မလုပ်ကြံ ဘဲ နေကြ၏။ |
18. | တဖန်ရှင်ဘုရင်က၊ သင်သည်လှည့်၍ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြံတော့ဟု ဒေါဂအား မိန့်တော်မူ သည်အတိုင်း၊ ဧဒုံအမျိုးသား ဒေါဂသည် လှည့်၍ ပိတ်သင်တိုင်းကို ဝတ်သော ယဇ်ပုရောဟိတ် ရှစ်ဆယ့်ငါးပါးတို့ကို လုပ်ကြံသဖြင့် ထိုနေ့၌ သတ်လေ၏။ |
19. | ယဇ်ပုရောဟိတ် ပိုင်သော နောဗမြို့ကိုလည်း တိုက်၍ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ နွား၊ မြည်း၊ သိုးတို့ကို ထားနှင့်လုပ်ကြံလေ၏။ |
20. | အဟိတုပ်၏ သားဖြစ်သော အဟိမလက်၏သားတို့တွင်၊ အဗျာသာ အမည်ရှိသော သူတယောက်သည် လွတ်၍ ဒါဝိဒ်ရှိရာသို့ ပြေးလေ၏။ |
21. | ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို ရှောလုသတ်ကြောင်းကို၊ အဗျာသာသည် ဒါဝိဒ်အား ကြားပြောသောအခါ၊ |
22. | ဒါဝိဒ်က၊ ဧဒုံအမျိုးသား ဒေါဂသည် ရှောလုအားပြောမည်ဟု သူ့ကိုတွေ့သောနေ့၌ ငါရိပ်မိ၏။ ငါသည် သင်၏ အဆွေအမျိုးအပေါင်းတို့ကို သေစေခြင်းငှါပြုမိပါပြီတကား။ |
23. | ငါနှင့် အတူနေပါလော့။ မစိုးရိမ်နှင့်။ ငါ့အသက်ကို ရှာသောသူသည် သင့်အသက်ကိုရှာ၏။ ငါနှင့်အတူ နေပါလော့။ မစိုးရိမ်နှင့်။ ငါနှင့်အတူနေလျှင် ဘေးလွတ်ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။ |
← 1Samuel (22/31) → |