← 1Samuel (21/31) → |
1. | ဒါဝိဒ်သည် ယဇ်ပုရောဟိတ် အဟိမလက် ရှိရာ နောဗမြို့သို့ ရောက်၍၊ အဟိမလက်သည် ဒါဝိဒ်နှင့် တွေ့သောအခါ ကြောက်၍၊ သင်သည် လူတယောက်မျှ မပါဘဲ အဘယ်ကြောင့် တကိုယ်တည်း လာသနည်းဟု မေးသော်၊ |
2. | ဒါဝိဒ်က၊ ရှင်ဘုရင် အမှုတော်တခုကို အပ်၍၊ ငါစေခိုင်းမှာထားသော အမှုကို အဘယ်သူမျှ မသိစေနှင့်ဟု မိန့်တော်မူသောကြောင့်၊ ငါ့ကျွန်တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှါ အရင်စေလွှတ်လေပြီ။ |
3. | သို့ဖြစ်၍ ကိုယ်တော်လက်၌ ရှိသော မုန့်ငါးလုံးကိုသော်၎င်း၊ တွေ့သမျှကို သော်၎င်း၊ ကျွန်ုပ်လက်သို့ အပ်ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက်အား တောင်း၏။ |
4. | ယဇ်ပုရောဟိတ်က၊ ငါ့လက်၌ လူတိုင်းစားရသော မုန့်မရှိ။ လုလင်တို့သည် မိန်းမကိုသာ ရှောင်လျှင်၊ သန့်ရှင်းသော မုန့်ရှိသည်ဟု ဒါဝိဒ်အားဆို၏။ |
5. | ဒါဝိဒ်ကလည်း၊ ကျွန်ုပ်ထွက်ကတည်းက အဘယ်သူမျှ မိန်းမနှင့် မပေါင်းဘော်၊ လုလင်တန်ဆာ တို့သည် သန့်ရှင်းပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသော မုန့်ကဲ့သို့ ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်းသောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ် အား ပြန်ပြောသော်၊ |
6. | ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့်မှ တပါးအခြားသော မုန့်မရှိသောကြောင့် သန့်ရှင်းသော မုန့်ကိုပေး၏။ ထိုရှေ့တော်မုန့်စား၌ မုန့်သစ်ကို တင်ထားအံ့သောငှါ ထာဝရဘုရားရှေ့တော်မှ နှုတ်ပယ် နှင့်ပြီ။ |
7. | ထိုနေ့၌ အမှုတော်ထမ်းအဝင် သိုးတော်ထိန်းအုပ် ဧဒုံအမျိုးသား၊ ဒေါဂအမည်ရှိသော သူသည် ထာဝရဘုရားရှေ့တော်၌ စောင့်နေရ၏။ |
8. | ဒါဝိဒ်ကလည်း၊ ကိုယ်တော်၌ ထားလှံရှိသလော။ အမှုတော်ကို အလျင်အမြန် ဆောင်ရသောကြောင့်၊ ထား အစရှိသော လက်နက်တစုံတခုမျှ မပါဟု အဟိမလက်အား ပြောလေသော်၊ |
9. | ယဇ်ပုရောဟိတ်က၊ ဧလာချိုင့်၌ သင်လုပ်ကြံခဲ့သော ဖိလိတ္တိလူ ဂေါလျတ်၏ ထားသည် အဝတ်နှင့် ထုပ်ရစ်လျက် သင်တိုင်းတော်နောက်မှာ ရှိ၏။ ယူချင်လျင် ယူတော့။ အခြားသော ထားမရှိဟု ဆိုလျှင်၊ ဒါဝိဒ်က ထိုထားနှင့်တူသော ထားမရှိ။ ပေးပါတော့ဟု ဆို၏။ |
10. | ထိုနေ့၌ ဒါဝိဒ်သည် ရှောလုကို ကြောက်သောကြောင့် ထ၍ ဂါသမင်းကြီးအာခိတ်ထံသို့ ပြေးသွား၏။ |
11. | အာခိတ်မင်း၏ ကျွန်တို့က၊ ဒါဝိဒ်သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မဟုတ်လော။ ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်ကလျက် သီချင်းဆိုကြသည် မဟုတ်လောဟု လျှောက်ကြ၏။ |
12. | ထိုစကားကို ဒါဝိဒ်သည် မှတ်မိ၍၊ ဂါသမင်းကြီး အာခိတ်ကို အလွန်ကြောက်သောကြောင့်၊- |
13. | ရူးသွပ်ဟန်ဆောင်၍ သူတို့ရှေ့မှာ အရူးကဲ့သို့ ပြုလျက်၊ တံခါးရွက်ပေါ်၌ ရေးသား၍ မိမိ တံထွေးကို မုတ်ဆိတ်တွင် ယိုစေ၏။ |
14. | အာခိတ်မင်းကလည်း ကြည့်ကြလော့။ ဤသူသည် အရူးဖြစ်၏။ အဘယ်ကြောင့် ငါ့ထံသို့ သွင်းကြ သနည်း။ |
15. | အရူးကို ငါအသုံးလိုသည်ဟု သင်တို့သည် ထင်လျက် ငါ့ရှေ့မှာ အရူးလုပ်စေခြင်းငှါ ဤသူကို သွင်းကြသလော။ ဤသူသည် နန်းတော်ထဲသို့ ဝင်ရမည်လောဟု ကျွန်တို့အား ဆို၏။ |
← 1Samuel (21/31) → |