← 1Samuel (20/31) → |
1. | ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်ရွာမှပြေး၍ ယောနသန်ထံသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သည် အဘယ်သို့ ပြုဘိသနည်း။ အဘယ်အပြစ် ရှိသနည်း။ ခမည်းတော်သည် ကျွန်ုပ်အသက်ကို ရှာမည်အကြောင်း၊ ကျွန်ုပ်သည် အဘယ်ဒုစရိုက်ကို ပြုဘိသနည်းဟု မေးသော်၊ |
2. | ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မသေရ။ ကျွန်ုပ်အဘသည် ကျွန်ုပ်အား မပြောဘဲ အမှုအကြီးအငယ် တစုံတခုကိုမျှ မပြုတတ်။ ဤအမှုမှန်လျှင် ကျွန်ုပ်မသိစေခြင်းငှါ အဘယ်ကြောင့် ဝှက်ထားမည်နည်း။ ဤအမှုမမှန်ဘူးဟု ပြန်ပြော၏။ |
3. | ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် သင်၏ မိတ်ဆွေဖြစ်ကြောင်းကို သင်၏ အဘသည် အမှန်သိသဖြင့်၊ ယောနသန်စိတ်မသာ ရှိမည်စိုးရိမ်၍ သူသည် ဤအမှုကို မသိစေနှင့်ဟု ပြောဆိုပါပြီ။ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင့်အသက်လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ်နှင့် သေဘေးစပ်ကြားမှာ အသွားတလှမ်းသာ ရှိပါသည်ဟု အကျိန်နှင့် ဆို၏။ |
4. | ယောနသန်ကလည်း၊ သင့်စိတ်နှလုံး အလိုရှိသည်အတိုင်း ကျွန်ုပ်ပြုပါမည်ဟု ဒါဝိဒ်အားဆိုလျှင်၊ |
5. | ဒါဝိဒ်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ ကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားတော်ပွဲနားမှာ မထိုင်ဘဲ မနေသင့်။ သို့သော်လည်း ကျွန်ုပ်သွား၍ သုံးရက်နေ့ ညဦးတိုင်အောင် တော၌ ပုန်းရှောင်လျက် နေပါရစေ။ |
6. | သင်၏ အဘသည် ကျွန်ုပ်မရှိသည်ကို မှတ်မိလျှင်၊ ဒါဝိဒ်၏ အဆွေအမျိုးအပေါင်းတို့သည် နှစ်စဉ်ပွဲ ခံချိန်ရှိသောကြောင့်၊ မိမိနေရာ ဗက်လင်မြို့သို့ သွားရမည်အကြောင်း၊ ကျပ်ကျပ်အခွင့်ပန်ပါ၏ဟု လျှောက်ပါ။ |
7. | အဘက ကောင်းပြီဟုဆိုလျှင်၊ ကိုယ်တော်ကျွန်သည် ချမ်းသာရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုးလျှင်၊ ဘေးပြုမည် အကြံရှိသည်ကို သဘောကျပါ။ |
8. | ကိုယ်တော်ကျွန်၌ ကျေးဇူးပြုပါ။ ထာဝရဘုရား၏ ပဋိညာဉ်ကို ကိုယ်တော်ကျွန်နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ်၌ အပြစ်ရှိလျှင် ကိုယ်တော်တိုင် သတ်ပါ။ အဘယ်ကြောင့် အဘထံသို့ ဆောင်သွားရပါမည်နည်းဟု ယောနသန်အားဆို၏။ |
9. | ယောနသန်က ထိုသို့သောအမှု ဝေးပါစေသော။ ကျွန်ုပ်အဘသည် သင်၌ ဘေးပြုမည်ဟု အကြံ ရှိသည်ကို ကျွန်ုပ်သည် အမှန်သိလျှင် သင့်အား မပြောဘဲနေလိမ့်မည်လောဟု ဆို၏။ |
10. | ဒါဝိဒ်ကလည်း၊ ခမည်းတော်သည် ကြမ်းတမ်းစွာ ပြန်ပြောလျှင်၊ ကျွန်ုပ်အား အဘယ်သူ ကြားပြောလိမ့်မည်နည်းဟု မေးသော်၊ |
11. | ယောနသန်က၊ ငါတို့သည် တောသို့ သွားကြကုန်အံ့ဟု ဒါဝိဒ်အား ဆိုလျက်၊ နှစ်ယောက်တို့သည် တောသို့ထွက်သွားကြ၏။ |
12. | ယောနသန်ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန်နေ့၊ သဘက်နေ့၌ ကျွန်ုပ်အဘကို စုံစမ်းသောအခါ သူသည် ဒါဝိဒ်၌ ကောင်းသော အကြံရှိ၍ သင့်ကို ကျွန်ုပ်မကြားလိုက်ဘဲ နေသော်၎င်း၊ |
13. | သို့မဟုတ် ကျွန်ုပ်အဘသည် ဘေးပြုခြင်းငှါ အလိုရှိ၍ သင်သည် ငြိမ်ဝပ်စွာ သွားရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်၎င်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရားသည် ကျွန်ုပ်အဘနှင့် အတူရှိခဲ့ပြီးသကဲ့သို့ သင်နှင့်အတူ ရှိပါစေသော။ |
14. | သင်သည် ကျွန်ုပ်အသက်ရှင်စဉ် အခါ၌သာ အသက်ချမ်းသာစေခြင်းငှါ ထာဝရဘုရား အလိုတော် အတိုင်း ကျေးဇူးပြုရမည်မက၊ |
15. | ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူအပေါင်းတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူသော နောက်မှာလည်း၊ ကျွန်ုပ်အမျိုးအနွယ်၌ အစဉ်အမြဲ ကျေးဇူးပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်၎င်း၊ |
16. | သစ္စာပျက်လျှင် ဒါဝိဒ်၏ ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်၎င်း၊ |
17. | ကိုယ်ဝိညာဉ်ကို ချစ်သကဲ့သို့ ဒါဝိဒ်ကို ချစ်သောကြောင့်၊ ချစ်သောစိတ်အားကြီး၍ ဒါဝိဒ်အား အထပ်ထပ်ကျိန်ဆို၏။ |
18. | တဖန် ယောနသန်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ သင်ထိုင်ရာအရပ် လပ်လျှင် သင်မရှိကြောင်း ထင်ရှားလိမ့်မည်။ |
19. | သင်သည် သုံးရက်နေပြီးမှ အလျင်အမြန် ဆင်းလာသဖြင့်၊ အရင်အမှုရှိစဉ် ပုန်းရှောင်၍ နေရာအရပ်သို့ ရောက်လျှင်၊ ဧဇေလ ကျောက်နားမှာ နေရမည်။ |
20. | ကျွန်ုပ်သည်လည်း၊ စက်ကို ပစ်ဟန်ပြု၍၊ ထိုကျောက်နားသို့ မြှားသုံးစင်းပစ်မည်။ |
21. | မြှားတို့ကို သွား၍ ရှာချေဟု လူကလေးကို စေခိုင်းသောအခါ၊ မြှားတို့သည် နင့်အနားမှာရှိ၏။ ကောက်တော့ဟု သေချာစွာ ပြောလျှင်လာခဲ့ပါ။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ဘေးမရှိ၊ ချမ်းသာရပြီ။ |
22. | သို့မဟုတ်၊ မြှားတို့သည် နင့်ကို လွန်ပြီဟု လုလင်အား ဆိုလျှင် သွားလော့။ ထာဝရဘုရားသည် သင့်ကို လွှတ်လိုက်တော်မူ၏။ |
23. | ယခု ငါတို့နှစ်ယောက် ပြောသော အမှုသည်ကား၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြားမှာ အစဉ်ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။ |
24. | ဒါဝိဒ်သည် တော၌ ပုန်းရှောင်၍ နေ၏။ လဆန်းနေ့ရောက်မှ ရှင်ဘုရင်သည် စားတော်ခေါ်ခြင်းငှါ ထိုင်၏။ |
25. | ထုံးစံအတိုင်းထရံနားမှာ ရှင်ဘုရင်ထိုင်လျှင်၊ ယောနသန်ထ၍ အာဗနာသည် ရှောလုအနားမှာ ထိုင်၏။ ဒါဝိဒ်၏ နေရာ ထိုင်ရာသည် လပ်၏။ |
26. | သို့ရာတွင် ရှောလုက အကြောင်းတစုံတခုရှိလိမ့်မည်။ သူသည် မစင်ကြယ်။ အကယ်၍ သူသည် မစင်ကြယ်ဟု ထင်မှတ်၍ ထိုနေ့၌ တိတ်ဆိတ်စွာနေ၏။ |
27. | နက်ဖြန်နေ့ လဆန်းနှစ်ရက်နေ့၌ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်သောကြောင့် ရှောလုက၊ ယေရှဲသားသည် စားပွဲတော်သို့ မနေ့ကမလာ၊ ယနေ့လည်း မလာဘဲ အဘယ်ကြောင့်နေသနည်းဟု သားတော် ယောနသန်အား မေးလျှင်၊ |
28. | ယောနသန်က၊ ဒါဝိဒ်သည် ဗက်လင်မြို့သို့ သွားရမည်အကြောင်း ကျပ်ကျပ်အခွင့်ပန်လျက်၊ |
29. | အကျွန်ုပ် သွားရသော အခွင့်ကို ပေးပါလော့။ အကျွန်ုပ် အဆွေအမျိုးတို့သည် ထိုမြို့၌ ယဇ်ပွဲကို ဆောင်ကြပါ၏။ အကျွန်ုပ် အစ်ကိုလည်းမှာလိုက်ပါပြီ။ စိတ်တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား၍ အစ်ကိုတို့ကို မြင်ရမည်အကြောင်း အခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထို့ကြောင့် စားပွဲတော်သို့ မလာပါဟု ရှောလုအား လျှောက်လေ၏။ |
30. | ထိုအခါရှောလုသည် ယောနသန်ကို အမျက်ထွက်၍၊ မြောက်မထားသော မိန်းမ၏သား၊ သင်သည် ကိုယ်တိုင် အရှက်ကွဲသည်တိုင်အောင်၎င်း၊ သင့်အမိအဝတ်ကျွတ်၍ အရှက်ကွဲသည့်တိုင်အောင်၎င်း၊ ယေရှဲ၏သား ဘက်၌ နေသည်ကို ငါမသိသလော။ |
31. | ယေရှဲ၏သားသည် မြေကြီးပေါ်မှာ အသက်ရှင်သည်ကာလပတ်လုံး သင်နှင့် သင်၏နိုင်ငံ မတည်ရ။ ယခုစေလွှတ်၍ သူကိုခေါ်ခဲ့။ သူသည် အသေခံရမည်ဟုဆိုလျှင်၊ |
32. | ယောနသန်က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေခံရမည်နည်း။ အဘယ်သို့ပြုဘိသနည်းဟု အဘရှောလုအား မေးလေသော်၊ |
33. | ရှောလုသည် ယောနသန်ကို မှန်စေခြင်းငှါ လှံတို့ကို လက်လွှတ်၍ ထိုးလေ၏။ သို့ဖြစ်၍ အဘသည် ဒါဝိဒ်ကို သတ်မည်အကြံရှိသည်ကို ယောနသန်သည် သိသဖြင့်၊ |
34. | အမျက်ထွက်၍၊ ထိုလဆန်းနှစ်ရက်နေ့၌ အစာမစားဘဲ ထသွား၏။ မိမိအဘသည် ဒါဝိဒ်ကို အရှက်ခွဲသောကြောင့် ဒါဝိဒ်အတွက် ညှိုးငယ်သောစိတ် ရှိ၏။ |
35. | နံနက်ရောက်မှ ဒါဝိဒ်နှင့် ချိန်းချက်သော အချိန်၌၊ ယောနသန်သည် လူကလေးကို ခေါ်၍ တောသို့ သွား၏။ |
36. | လူကလေးအား လည်းပြေးတော့။ ငါပစ်သော မြှားတို့ကို ရှာတော့ဟုဆို၍ လူကလေးသည် ပြေးသောအခါ သူ့ကို လွန်အောင်မြှားတစင်းကို ပစ်လေ၏။ |
37. | ယောနသန်ပစ်သော မြှားကျရာ အရပ်သို့ လူကလေးရောက်သောအခါ၊ ယောနသန်က၊ မြှားတစင်းသည် နင့်ကို လွန်ပြီမဟုတ်လော။ |
38. | ကြိုးစား၍ အလျင်အမြန်ပြေးတော့။ မနေနှင့်ဟု လူကလေးနောက်မှာ ဟစ်လေ၏။ လူကလေးသည်လည်း မြှားတို့ကို ကောက်၍ မိမိသခင့်ထံသို့ ပြန်လာ၏။ |
39. | သို့ရာတွင် လူကလေးသည် ထိုအမှုကို နားမလည်။ ယောနသန်နှင့် ဒါဝိဒ်သာ နားလည်ကြ၏။ |
40. | ယောနသန်သည် မိမိလက်နက်တို့ကို လူကလေး၌ အပ်၍ မြို့ထဲသို့ယူသွားတော့ဟု ဆို၏။ |
41. | လူကလေးသွားသောနောက်၊ ဒါဝိဒ်သည် တောင်မျက်နှာ အရပ်က ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက် သုံးကြိမ်တိုင်အောင် ဦးညွှတ်ပြီးလျှင်၊ သူတို့သည် တယောက်ကို တယောက်နမ်းလျက် မျက်ရည် ကျလျက်၊ ဒါဝိဒ်သည်သာ၍ ပြုသည်တိုင်အောင် ပြုကြ၏။ |
42. | ယောနသန်ကလည်း၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ် အမျိုးအနွယ်စပ်ကြားမှာ အစဉ်အမြဲ ရှိတော်မူစေသတည်းဟူ၍ ထာဝရဘုရား၏ နာမတော်ကို တိုင်တည်သဖြင့်၊ ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကို ထောက်၍၊ ငြိမ်ဝပ်စွာ သွားတော့ဟု ဒါဝိဒ်အား ဆိုလျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။ |
← 1Samuel (20/31) → |