← 1Samuel (19/31) → |
1. | ထို့ကြောင့် ရှောလုသည် ဒါဝိဒ်ကို သတ်စေခြင်းငှါ၊ သားတော် ယောနသန်နှင့် မိမိကျွန်အပေါင်း တို့ကို မှာထားလေ၏။ |
2. | သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ်၍၊ ငါ့အဘရှောလုသည် သင့်ကို သတ်ခြင်းငှါ ရှာကြံ၏။ သို့ဖြစ်၍ နံနက်တိုင်အောင် ကိုယ်ကို သတိပြုသဖြင့် ဆိတ်ကွယ်ရာအရပ်၌ ပုန်းရှောင်၍ နေပါလော့။ |
3. | ငါထွက်၍ သင်ရှိရာတော၌ ငါ့အဘထံ ခစားလျက်၊ သင့်အမှု၌ စကားပြောမည်။ တွေမြင်သမျှကို သင့်အား ငါပြန်ကြားမည်ဟု ဒါဝိဒ်အား ပြောဆို၏။ |
4. | ယောနသန်သည် အဘရှောလုထံ၌၊ ဒါဝိဒ်ဘက်မှာပြော၍၊ ရှင်ဘုရင်သည် ကျွန်တော်ဒါဝိဒ်ကို မပြစ်မှားပါစေနှင့်။ သူသည် ကိုယ်တော်ကို မပြစ်မှားပါ။ ကိုယ်တော်၌ အလွန်ကျေးဇူးပြုပါပြီ။ |
5. | မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိလူကိုသတ်၍ ထာဝရဘုရားသည် ဣသရေလအမျိုးတမျိုးလုံးအဘို့ ကြီးစွာသော ကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကိုယ်တော်သည် မြင်၍ ဝမ်းမြောက်ပါ၏။ သို့ဖြစ်၍ အကြောင်းမရှိဘဲ ဒါဝိဒ်ကို သတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ၏ အသက်ကို သတ်သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆိုသော်၊ |
6. | ရှောလုသည် ယောနသန်၏ စကားကို နားထောင်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သူသည် အသေမခံရဟု ကျိန်ဆိုလေ၏။ |
7. | ယောနသန်သည် ဒါဝိဒ်ကို ခေါ်၍ အကြောင်းအရာ၊ အလုံးစုံတို့ကို ပြောပြီးမှ၊ ရှောလုထံသို့သွင်းပြန်၍ အထံတော်၌ အရင်နေသကဲ့သို့ နေရ၏။ |
8. | တဖန်စစ်မှုပေါ်ပြန်သောအခါ၊ ဒါဝိဒ်ထွက်၍ ဖိလိတ္တိလူတို့ကို တိုက်လျက်၊ ကြီးစွာသော လုပ်ကြံ ခြင်းအားဖြင့် သတ်၍ သူတို့သည် ပြေးကြ၏။ |
9. | ရှောလုသည် လှံတို့ကို ကိုင်၍နန်းတော်၌ ထိုင်စဉ်တွင်၊ ထာဝရဘုရားထံတော်မှ ဆိုးသောဝိညာဉ် သက်ရောက်၍၊ ဒါဝိဒ်သည် စောင်းတီးလျက်နေသောအခါ၊ |
10. | သူ့ကိုလှံတိုနှင့် ထရံနားမှာ ထိုးစမ်းသော်လည်း၊ အထံတော်မှ ရှောင်ပြေးသဖြင့် လှံတိုသည် ထရံကို စူးလျက် နေ၏။ ဒါဝိဒ်သည် ပြေး၍ ထိုညဉ့်ကို လွတ်ရ၏။ |
11. | ရှောလုသည် သူ့ကို စောင့်၍ နံနက်ချိန်၌ သတ်စေခြင်းငှါ သူ့အိမ်သို့လူကို လွှတ်စေ၏။ ဒါဝိဒ်မယား မိခါလက၊ သင်သည် ယနေ့ညမှာ ကိုယ်အသက်ကို မကယ်မလျှင်၊ နက်ဖြန်နေ့၌ အသေခံရလိမ့်မည်ဟု ဆိုလျက်၊ |
12. | ဒါဝိဒ်ကို ပြတင်းပေါက်မှ လျှော့ချ၍ သူသည် အလွတ်ထွက်ပြေးလေ၏။ |
13. | မိခါလသည်လည်း၊ တေရပ်ရုပ်တုကို ယူ၍ ခုတင်ပေါ်မှာ ထားပြီးလျှင်၊ ဆိတ်မွေးဖြင့်ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာ၍ စောင်နှင့် ခြုံလေ၏။ |
14. | ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ ရှောလု စေလွှတ်သောလုလင် ရောက်သောအခါ၊ ဒါဝိဒ်နာ၍ နေပါသည်ဟု မယားပြောဆို၏။ |
15. | ရှောလုကလည်း၊ သူ့ကို ငါသတ်မည်အကြောင်း ခုတင်နှင့်တကွ ဆောင်ခဲ့ကြဟု ဒါဝိဒ်ကို အကြည့်အရှု စေလွှတ်၍၊ |
16. | တမန်တို့သည်ဝင်ကြသောအခါ ဆိတ်မွေးနှင့် ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာလျက်၊ ခုတင်မှာ တေရပ်ရုပ်တု ရှိပါသည်တကား။ |
17. | ရှောလုကလည်း ငါ့ကို လှည့်စား၍ အဘယ်ကြောင့် ရန်သူကို လွှတ်လိုက်သနည်း။ ယခုလွတ်အောင် ပြေးပါပြီတကားဟု မိခါလအားပြောဆိုလျှင်၊ မိခါလက ငါသွားမည်။ သို့မဟုတ် သင့်ကို ငါသတ်မည်ဟု သူပြောပါသည်ဟု ရှောလုအား ပြန်လျှောက်လေ၏။ |
18. | ထိုသို့ ဒါဝိဒ် ပြေး၍ ရှောလုလက်မှ လွတ်သဖြင့်၊ ရှမွေလရှိရာ ရာမမြို့သို့ ရောက်လေ၏။ ရှောလု ပြုလေသမျှတို့ကို ပြန်ကြားပြီးမှ၊ ရှမွေလသည် သွား၍ နာယုတ်ရွာမှာ နေ၏။ |
19. | ဒါဝိဒ်သည် ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိကြောင်းကို ရှောလုသည် ကြား၍၊ |
20. | ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ စေလွှတ်ပြန်၏။ ပရာဖက် အပေါင်းအသင်းတို့သည် ပရောဖက်ပြုလျက်၊ ရှမွေလစီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလု၏ တမန်တော်တို့အပေါ်မှာ သက်ရောက်၍၊ သူတို့သည်လည်း ပရောဖက်ပြုရကြ၏။ |
21. | ထိုသိတင်းကို ရှောလုသည်ကြားလျှင် အခြားသောသူတို့ကို စေလွှတ်၍၊ သူတို့သည်လည်း ပရောဖက် ပြုရကြ၏။တတိယအကြိမ် ရှောလုသည် စေလွှတ်၍၊ ထို့အတူပြုကြရ၏။ |
22. | ထိုအခါ ကိုယ်တိုင်ရာမမြို့သို့ သွား၍၊ စေခုရွာ၌ရှိသော ရေတွင်းကြီးသို့ရောက်သော်၊ ရှမွေလနှင့် ဒါဝိဒ်တို့သည် အဘယ်မှာရှိသနည်းဟု မေးလျှင်၊ ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိပါသည်ဟု ကြားလျှောက်လေသော်၊ |
23. | ထိုအရပ်သို့သွား၍၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ နာယုတ်ရွာ တိုင်အောင် ပရောဖက်ပြုလျက်သွားလေ၏။ |
24. | အဝတ်တော်ကိုလည်း ချွတ်၍၊ ရှမွေလရှေ့မှာ ထိုအတူပရောဖက်ပြုလျက်၊ အဝတ်မပါဘဲ တနေ့နှင့် တညဉ့် လဲလျက်နေ၏။ ထိုကြောင့် ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟု ဆိုလေ့ရှိကြ၏။ |
← 1Samuel (19/31) → |