← 1Samuel (18/31) → |
1. | ထိုသို့ လျှောက်ပြီးသည်နောက်၊ ရှောလု၏ သားယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့် စွဲကပ်လျက် ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်လေ၏။ |
2. | ထိုနေ့၌ ရှောလုသည် ဒါဝိဒ်ကို သိမ်းဆည်း၍ သူ့အဘ၏အိမ်သို့ နောက်တဖန် သွားနေရသော အခွင့်ကို ပေးတော်မမူ။ |
3. | ယောနသန်သည်လည်း၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိဿဟာယ ဖွဲ့ပြီးလျှင်၊- |
4. | မိမိဝတ်သော ဝတ်လုံကို ချွတ်၍ မိမိအဝတ်တန်ဆာများနှင့် ထား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အား ပေးလေ၏။ |
5. | ဒါဝိဒ်သည် ရှောလုစေခိုင်းသမျှကို သွား၍ သတိပညာနှင့်ပြုမှုသောကြောင့်၊ စစ်သူရဲအုပ်အရာ၌ ခန့်ထားတော်မူသဖြင့်၊ ဒါဝိဒ်သည် ကျွန်တော်မျိုးမှစ၍ လူအပေါင်းတို့တွင် မျက်နှာရ၏။ |
6. | ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ ပြန်လာ၍၊ ရောက်လေရာရာ၌ မိန်းမများတို့သည် ရှောလုမင်း ကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုလျက်၊ ကလျက်၊ ပတ်သောအစရှိ သည်တို့ကို တီးလျက်၊ ဣသရေလမြို့ရွာများထဲက ထွက်လာသဖြင့်၊ |
7. | ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့် သီချင်းဆိုကြ၏။ |
8. | ရှောလုက၊ သူတို့သည် ဒါဝိဒ်အား အသောင်းသောင်း၊ ငါ့အား အထောင်ထောင်သာ ပေးကြပြီ။ နိုင်ငံတော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။ |
9. | ထိုနေ့မှစ၍ ဒါဝိဒ်ကို အစဉ်ချောင်းမြောင်းလျက် နေ၏။ |
10. | နက်ဖြန်နေ့ထာဝရဘုရားထံတော်က၊ ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာရောက်သဖြင့်၊ ရှောလု သည် နန်းတော်အလယ်၌ ပရောဖက်ပြုသောကြောင့်၊ ဒါဝိဒ်သည် အရင်ကဲ့သို့ စောင်းတီးလေ၏။ ရှောလုသည် လှံတို့ကို ကိုင်လျက်ရှိ၍၊- |
11. | ဒါဝိဒ်ကို ထရံနားမှာထိုးမည်ဟု အကြံရှိသည်အတိုင်း လှံတို့ကို ထိုးပစ်သော်လည်း၊ ဒါဝိဒ်သည် အထံတော်မှ နှစ်ကြိမ်ရှောင်လွှဲလေ၏။ |
12. | ထိုသို့ ထာဝရဘုရားသည် ရှောလုထံမှထွက်၍ ဒါဝိဒ်နှင့်အတူ ရှိတော်မူသောကြောင့်၊ ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့သဖြင့်၊- |
13. | အထံတော်မှ ရွှေ့၍ လူတထောင်အုပ်အရာကို ပေး၏။ ဒါဝိဒ်သည် လူများရှေ့၌ ထွက်ဝင်ရ၏။ |
14. | ဒါဝိဒ်သည် အရာရာ၌ သတိပညာနှင့်ပြုမူ၍ သူနှင့်အတူ ထာဝရဘုရားရှိတော်မူ၏ |
15. | ထိုသို့ အလွန်သတိပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင်လျှင် သာ၍ ကြောက်ရွံ့လေ၏။ |
16. | ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ချစ်ကြ၏။ အကြောင်းမူကား၊ သူတို့ ရှေ့၌ ဒါဝိဒ်သည် ထွက်ဝင်တတ်၏။ |
17. | တဖန်ရှောလုသည် ဒါဝိဒ်ကိုခေါ်၍ ငါ့သမီးကြီး မေရပ်ကို သင့်အား ငါပေးစားမည်။ သင်သည် ငါ့အဘို့ ရဲရင့်၍ ထာဝရဘုရားအဘို့ စစ်တိုက်ခြင်းကိုသာ ပြုလော့ဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ ငါ့လက်သည် သူ့အပေါ်သို့ မရောက်စေနှင့်။ ဖိလိတ္တိလူတို့ လက်သည် ရောက်ပါစေသောဟု ရှောလု အကြံရှိ၏။ |
18. | ဒါဝိဒ်ကလည်း၊ ကျွန်တော်သည် ရှင်ဘုရင်၏ သမက်တော်ဖြစ်ရပါမည်အကြောင်း အဘယ်သို့သော သူဖြစ်ပါသနည်း။ ကျွန်တော်အသက်နှင့် ကျွန်တော် အဆွေအမျိုးသည်၊ ဣသရေလနိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလုအား လျှောက်၏။ |
19. | သို့ရာတွင်၊ ရှောလု၏သမီး မေရပ်ကို ဒါဝိဒ်အား ပေးစားရသော အချိန်ရောက်သောအခါ၊ မေဟော လသိအမျိုး အဒြေလအား ပေးစားလေ၏။ |
20. | တဖန် ရှောလုသမီး မိခါလသည် ဒါဝိဒ်ကို ချစ်၏။ ထိုအကြောင်းကို လျှောက်သောအခါ၊ ရှောလု သည် အားရလျက်၊- |
21. | ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ၍ ဖိလိတ္တိလူတို့ လက်သို့ ရောက်စေခြင်းငှါ ပေးစားမည်ဟု အကြံရှိ၏။ |
22. | နန်းတော်သားအချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ်နှင့် တိတ်ဆိတ်စွာ စကားပြောရမည်မှာ၊ ရှင်ဘုရင် သည် သင့်ကို စုံမက်၍၊ ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်လည်း ချစ်ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင်၏ သမက်တော်ဖြစ်ကောင်းပါ၏ဟု မှာထားသည်အတိုင်း၊- |
23. | ရှောလု၏ ကျွန်တို့သည် ဒါဝိဒ်အား ပြောကြ၏။ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် အသရေမရှိသော ဆင်းရဲသားဖြစ်လျက်နှင့် ရှင်ဘုရင်၏ သမက်တော်လုပ်ရသောအမှုသည် သာမညအမှု ထင် သလောဟု ပြောဆို၏။ |
24. | ရှောလုကျွန်တို့ကလည်း၊ ဒါဝိဒ်သည် ဤသို့ပြောဆိုပါသည်ဟု လျှောက်လျှင်၊- |
25. | သင်တို့သည် တဖန်ပြောရမည်မှာ၊ ရှင်ဘုရင်သည် ရန်သူတို့၌ စိတ်တော်ပြေမည်အကြောင်း၊ ဖိလိတ္တိ လူတို့၏ အရေဖျားတရာမှ တပါးအခြားသော လက်ဖွဲ့ရာကို အလိုတော်မရှိဟု မှာထား၏။ သို့ရာတွင် ဒါဝိဒ်ကို ဖိလိတ္တိလူတို့လက်ဖြင့် ဆုံးစေမည်ဟု ရှောလုအကြံရှိ၏။ |
26. | ရှောလု ကျွန်တို့သည် ထိုစကားကို ဒါဝိဒ်အား ပြန်ပြောသောအခါ၊ ဒါဝိဒ်သည် ရှင်ဘုရင်၏ သမက် တော်ဖြစ်ခြင်းငှါ အလိုရှိ၏။ ထို့ကြောင့် ချိန်းချက်သော အချိန်မစေ့မှီထ၍၊- |
27. | မိမိလူတို့နှင့်အတူသွားသဖြင့်၊ ဖိလိတ္တိ လူနှစ်ရာတို့ကို သတ်ပြီးမှ၊ ရှင်ဘုရင်၏ သမက်တော် ဖြစ်လို သောငှါ၊ သူတို့အရေဖျားများကို ယူခဲ့၍၊ စုံလင်သော အရေအတွက်အားဖြင့် ရှင်ဘုရင်အား ဆက် လေ၏။ ရှောလုသည်လည်း သမီးတော်မိခါလကို ပေးစားရ၏။ |
28. | ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ရှိတော်မူကြောင်းကို၎င်း၊ မိမိသမီးသည် ချစ်ကြောင်းကို၎င်း၊ ရှောလုသည် မြင်၍၊- |
29. | ကြောက်ရွံ့သော စိတ်စွဲလမ်းလျက် အစဉ်အမြဲ ရန်ငြိုးဖွဲ့လေ၏။ |
30. | တဖန် ဖိလိတ္တိမင်းတို့သည် ချီသွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ်သည် ရှောလု၏ ကျွန်အပေါင်း တို့ထက်သာ၍ သတိပညာနှင့် ပြုမှုသဖြင့် အလွန်ဂုဏ်အသရေနှင့် ပြည့်စုံ၏။ |
← 1Samuel (18/31) → |