← 1Samuel (16/31) → |
1. | တဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့် ပြည့်စေလော့။ ဗက်လင်မြို့သား ယောရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဘို့ ရှင်ဘုရင် တပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။ |
2. | ရှမွေလက၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်ဟု လျှောက်သော်၊ ထာဝရဘုရားက၊ နွားမတန်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ လာပြီဟု ပြောလော့။ |
3. | ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဘိတ်လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြုရမည်ကို ငါပြမည်။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဘို့ ဘိသိက်ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊- |
4. | ရှမွေလပြု၍ ဗက်လင်မြို့သို့ သွားလေ၏။ ဗက်လင်မြို့ သားအသက်ကြီးသူတို့သည် ရှမွေလနှင့် တွေ့သောအခါ တုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေးလျက် လာတော်မူသလောဟု မေးလျှောက် ကြသော်၊ |
5. | ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ ငါလာပြီ။ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြဟု ဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို့ကို သန့်ရှင်းစေ၍ ယဇ်ပွဲသို့ ခေါ်လေ၏။ |
6. | သူတို့သည် ရောက်လာသောအခါ ဧလျာဘကို ကြည့်ရှု၍၊ စင်စစ်ထာဝရဘုရားအခွင့်နှင့် ဘိသက်ခံရသော သူသည် ငါ့ရှေ့မှာရှိ၏ဟု ဆိုလေသော်၊ |
7. | ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေအား မိန့်တော်မူ၏။ |
8. | တဖန် ယေရှဲသည် အဘိနဒပ်ကို ခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူဟုဆို၏။ |
9. | တဖန်ယေရှဲသည် ရှိမာကို သွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟု ဆို၏။ |
10. | တဖန်ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူတို့ကို လည်း ထာဝရဘုရား ရွေးတော်မမူ။ |
11. | သင်၌ သားမရှိပြီလောဟု ယေရှဲအား မေးလျှင်၊ ယေရှဲက အငယ်ဆုံးသော သားရှိပါသေး၏။ သိုးတို့ကို ထိန်းကျောင်းလျက် နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူ့ကို ခေါ်စေခြင်းငှါ လူကို စေလွှတ် ပါ။ သူမရောက်မှီ ပွဲသို့ ဝင်၍ မထိုင်ရဟု ဆိုသည်အတိုင်း၊ |
12. | စေလွှတ်၍ သူ့ကို ခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဘွယ်သော မျက်နှာ လည်းရှိ၏။ ထာဝရဘုရားက ဤသူပေတည်း။ ထ၍ ဘိသိက်ပေးလော့ဟု မိန့်တော်မူ၏။ |
13. | ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏ အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေသည် ထ၍ ရာမ မြို့သို့ ပြန်သွား၏။ |
14. | ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှ ထွက်သွား၍၊ ထာဝရဘုရားထံတော်က ဆိုးသော ဝိညာဉ်သည် နှောင့်ရှက်တတ်၏။ |
15. | ရှောလု၏ ကျွန်တို့ကလည်း၊ ယခုမှာ ဘုရားသခင်ထံတော်က ဆိုးသော ဝိညာဉ်သည် ကိုယ်တော်ကို နှောင့်ရှက်တတ်ပါ၏။ |
16. | ခစားသော ကိုယ်တော်၏ ကျွန်တို့သည်၊ သာယာစွာ စောင်းတီးတတ်သောသူကို ရှာဖွေရမည် အကြောင်း အရှင်အမိန့်ရှိတော်မူပါ။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ် လာသောအခါ၊ သူသည် စောင်းတီးသဖြင့် ကိုယ်တော်သည် ချမ်းသာရတော်မူမည်ဟု လျှောက်လျှင်၊ |
17. | ရှောလုက၊ သာယာစွာ တီးတတ်သောသူကို ငါ့အဘို့ ရှာဖွေ၍ ငါ့ထံသို့ ခေါ်ခဲ့ကြဟု ကျွန်တို့အား မိန့်တော်မူသော်၊ |
18. | ကျွန်တယောက်က၊ ကျွန်တော်တွေ့ဘူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု၌၎င်း၊ ပညာစကား၌၎င်း လေ့ကျက်ပါ၏။ အဆင်းလည်း လှပါ၏။ ထာဝရဘုရားသည်သူနှင့်အတူ ရှိတော်မူ၏ဟု လျှောက်သောကြောင့်၊ |
19. | ရှောလုက၊ ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ သိုးထိန်းဖြစ်သော သင်၏သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ် ရမည်ဟု အမိန့်တော်ရှိ၏။ |
20. | ယေရှဲသည် မုန့်တင်သော မြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သငယ်ကို ယူ၍ မိမိသားဒါဝိဒ်တွင် ရှောလုထံ သို့ ပေးလိုက်လေ၏။ |
21. | ဒါဝိဒ်သည် ရှောလုထံသို့ ရောက်၍ ခစားသဖြင့်၊ ရှောလုသည် အလွန်ချစ်၍ လက်နက်တော်ဆောင် အရာ၌ ခန့်ထား၏။ |
22. | ရှောလုသည်လည်း ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ ဒါဝိဒ်ကို ငါ့စိတ်နှင့်တွေ့သောကြောင့် ငါ့ထံ၌ ခစားပါစေဟု အခွင့်တောင်းလေ၏။ |
23. | ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သောအခါ၊ ဒါဝိဒ်သည် စောင်းကိုယူ၍ တီးသဖြင့် ဆိုးသောဝိညာဉ်ထွက်သွား၍၊ ရှောလုသည် သက်သာလျက် ပကတိ ကျန်းမာ လျက်ရှိတတ်၏။ |
← 1Samuel (16/31) → |