← 1Samuel (15/31) → |
1. | တဖန်ရှမွေလက၊ ထာဝရဘုရား၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ သင့်ကို ဘိသိက်ပေးမည် အကြောင်း၊ ငါ့ကို အထက်စေလွှတ်တော်မူသည်ဖြစ်၍၊ ယခုမှာ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။ |
2. | ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး၌၊ အာမလက်အမျိုးပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။- |
3. | ယခုသွား၍ ထိုအမျိုးကို လုပ်ကြံလော့။ နှမြောခြင်းမရှိဘဲ၊ ရှင်းရှင်းဖျက်ဆီး၍၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍၊ သိုး၊ နွား၊ ကုလားအုပ်၊ မြည်းတို့ကို သတ်လော့ဟု ရှောလုအား ဆင့်ဆိုသည် အတိုင်း၊ |
4. | ရှောလုသည် လူတို့ကို စုဝေးစေ၍ တေလိမ်မြို့မှာ စာရင်းယူသဖြင့်၊ ခြေသည်သူရဲနှစ်သိန်း၊ ယုဒ စစ်သူရဲတသောင်း ရှိကြ၏။ |
5. | ရှောလုသည်လည်း အာမလက်မြို့သို့ စစ်ချီ၍ ချိုင့်၌ တပ်ချပြီးမှ၊ |
6. | ကေနိလူတို့ရှိရာသို့ စေလွှတ်လျက်၊ သင်တို့ကို အာမလက်လူတို့နှင့်အတူ ငါဖျက်ဆီးမည်ဟု စိုးရိမ် စရာရှိသောကြောင့်၊ သူတို့အထဲက ထွက်သွား၍ နေရာ ပြောင်းကြလော့။ ဣသရေလအမျိုးသား တို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သင်တို့သည် ကျေးဇူးပြုကြပြီဟု မှာလိုက်သည် အတိုင်း၊ ကေနိလူတို့သည် အာမလက်လူတို့အထဲက ထွက်သွားကြ၏။ |
7. | ရှောလုသည် ဟဝိလမြို့မှစ၍ အဲဂုတ္တုပြည် တဘက်တချက်၌နေသော ရှုရမြို့တိုင်အောင် အာမလက် လူတို့ကို လုပ်ကြံလေ၏။ |
8. | အာမလက်ရှင်ဘုရင်အာဂတ်ကို အရှင်ဘမ်းမိ၏။ လူအပေါင်းတို့ကို ထားဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။ |
9. | သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုး နွားအမြတ်အလတ်၊ ဆူသော သိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်း မဖျက်ဆီးကြ။ အသုံးမဝင် ယုတ်မာ သော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။ |
10. | ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရှမွေလသို့ ရောက်လာ၍၊ - |
11. | ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ ပညတ်တို့ကို မကျင့်၊ ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီဟု မိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တညဉ့်လုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊ |
12. | နံနက်စောစောထ၍ ရှောလုကို ကြိုဆိုခြင်းငှါ သွားသောအခါ၊ ရှောလုသည် ကရမေလမြို့သို့ ရောက်၍ အောင်တိုင်ကို စိုက်ပြီးမှ၊ လှည့်လည်သဖြင့် ဂိလဂါလမြို့သို့ လွန်သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွားလေ၏။ |
13. | ရှောလုကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းကြီးပေးတော်မူပါစေသော။ အကျွန်ုပ် သည် ထာဝရဘုရားအမိန့်တော်အတိုင်း ပြုပါပြီဟု ဆို၏။ |
14. | ရှမွေလကလည်း၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ၊ နွားမြည်သံကား အဘယ်သို့နည်းဟု မေးသော်၊ |
15. | ရှောလုက၊ အာမလက်ပြည်မှ ဆောင်ခဲ့ပါပြီ။ လူများတို့သည် ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရား အား ယဇ်ပူဇော်လိုသောငှါ အကောင်းဆုံးသော သိုးနွားတို့ကို နှမြော၍၊ ကြွင်းသော အရာရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီးပါပြီဟု ဆို၏။ |
16. | ရှမွေလကလည်း၊ နေပါဦးလော့။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါ မည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့ဟုဆို၏။ |
17. | ရှမွေလကလည်း၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူဖြစ်လျက်ပင်၊ ဣသရေလအမျိုးတို့ ၏ အထွဋ်သို့ ရောက်၍၊ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက် ပေးတော်မူသည် မဟုတ်လော။ |
18. | ထာဝရဘုရားက၊ သွားလော့။ အပြစ်များသော အာမလက်အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးလော့။ မဖျက်ဆီးမှီ တိုင်အောင် စစ်တိုက်လော့ဟု သင့်ကို ဝေးသော အရပ်သို့ စေလွှတ်တော်မူ၏။ |
19. | သို့ဖြစ်၍ သင်သည် ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ ဥစ္စာကို လုယူ၍ ထာဝရဘုရားရှေ့တော်၌ ဤဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်းဟု ပြောဆိုသော်၊ |
20. | ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ။ ထာဝရ ဘုရား စေခိုင်းတော်မူသော လမ်းသို့ လိုက်ပါပြီ။ အာမလက်ရှင်ဘုရင် အာဂတ်ကို ဆောင်ခဲ့၍၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးပါပြီ။ |
21. | သို့ရာတွင် လူများတို့သည် ဂိလဂါလမြို့၌ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော် လိုသောငှါ လုယူသော သိုး နွား၊ ရှင်းရှင်းဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူ ကြပါပြီဟု ပြောဆိုပြန်၏။ |
22. | ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာ ယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။ |
23. | ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန် ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏ စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ဆို၏။ |
24. | ရှောလုကလည်း၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ။ လူများကို ကြောက်၍ သူတို့စကားကို နားထောင်သော ကြောင့်၊ ထာဝရဘုရား၏ အမိန့်တော်ကို၎င်း၊ ကိုယ်တော်၏ စကားကို၎င်း လွန်ကျူးပါပြီ။ |
25. | အကျွန်ုပ်အပြစ်ကို သည်းခံတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်မည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သော်လည်း၊ |
26. | ရှမွေလက၊ သင်နှင့်အတူ ငါမပြန်။ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ရှောလုအား ဆိုပြီးမှ၊ |
27. | လှည့်သွားသောအခါ ရှောလုသည် ရှမွေလ၏ ဝတ်လုံစွန်းကို ကိုင်ဆွဲ၍ ဝတ်လုံစုတ်လေ၏။ |
28. | ရှမွေလကလည်း၊ ယနေ့ထာဝရဘုရားသည် ဣသရေလနိုင်ငံကို သင်မှ ဆုတ်ယူ၍၊ သင့်ထက်ကောင်း သော သင်၏ အိမ်နီးချင်းအား ပေးတော်မူပြီ။ |
29. | ထိုမှတပါး ဣသရေလအမျိုး၏ အစွမ်းသတ္တိဖြစ်သော ဘုရားသည် မုသာသုံးခြင်း၊ နောင်တရခြင်း နှင့် ကင်းလွတ်တော်မူ၏။ နောင်တရအံ့သောငှါ လူဖြစ်တော်မမူဟုဆိုသော်၊ |
30. | ရှောလုက အကျွန်ုပ်ပြစ်မှားပါပြီ။ သို့သော်လည်း အကျွန်ုပ်အမျိုးသားချင်း အသက်ကြီးသူတို့ ရှေ့၌၎င်း၊ ဣသရေလအမျိုးရှေ့၌၎င်း၊ အကျွန်ုပ်၏ ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သည်အတိုင်း၊ |
31. | ရှမွေလသည် ရှောလုနောက်သို့ လိုက်၍၊ ရှောလုသည် ထာဝရဘုရားကို ကိုးကွယ်လေ၏။ |
32. | ထိုအခါ ရှမွေလက၊ အာမလက်ရှင်ဘုရင် အာဂတ်ကို ငါ့ထံသို့ခေါ်ခဲ့ကြဟု ဆိုသည်အတိုင်း၊ အာဂတ် က သေဘေးသည် စင်စစ်လွန်သွားပြီဟု ဆိုလျက် ရွှင်လန်းစွာလာ၏။ |
33. | ရှမွေလက၊ မိန်းမများတို့သည် သင်၏ထားကြောင့် သားဆုံးသကဲ့သို့၊ သင်၏ အမိသည် သားဆုံး သော မိန်းမဖြစ်ရမည်ဟုဆိုလျက်၊ ဂိလဂါလမြို့မှာ ထာဝရဘုရားရှေ့တော်၌ အာဂတ်ကို အပိုင်းပိုင်း ဖြတ်စေ၏။ |
34. | ထိုနောက် ရှမွေလသည် ရာမမြို့သို့သွား၍ ရှောလုသည် မိမိနေရာ ဂိဗာမြို့၊ နန်းတော်သို့ ပြန်သွား လေ၏။ |
35. | ရှောလု အနိစ္စမရောက်မှီတိုင်အောင်၊ ရှမွေလသည် နောက်တဖန် အကြည့်အရှုမလာ။ သို့ရာတွင် ရှမွေလသည် ရှောလုအတွက် စိတ်မသာ ညည်းတွားလျက်နေ၏။ ထာဝရဘုရားသည် ရှောလုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားသော အမှုကို နောင်တရတော်မူ၏။ |
← 1Samuel (15/31) → |