← 1Samuel (13/31) → |
1. | ရှောလုသည် တနှစ်ကျော် နှစ်နှစ်ခန့်လောက် ဣသရေလအမျိုး၌ မင်းပြုပြီးမှ၊ ဣသရေလအမျိုးသား သုံးထောင်တို့ကို ရွေးကောက်ပြီးလျှင်၊ ကိုယ်တိုင်နေသော မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်မှာ လူနှစ်ထောင်၊ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့၊ ယောနသန်ထံမှာ တထောင်ကိုထား၍၊ အခြားသော သူတို့ကို မိမိတို့ အသီးအသီးရောအရပ်သို့ လွှတ်လိုက်လေ၏။ |
2. | ရှောလုသည် တနှစ်ကျော် နှစ်နှစ်ခန့်လောက် ဣသရေလအမျိုး၌ မင်းပြုပြီးမှ၊ ဣသရေလအမျိုးသား သုံးထောင်တို့ကို ရွေးကောက်ပြီးလျှင်၊ ကိုယ်တိုင်နေသော မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်မှာ လူနှစ်ထောင်၊ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့၊ ယောနသန်ထံမှာ တထောင်ကိုထား၍၊ အခြားသော သူတို့ကို မိမိတို့ အသီးအသီးရောအရပ်သို့ လွှတ်လိုက်လေ၏။ |
3. | ယောနသန်သည် ဂိဗာမြို့၌ ရှိသော ဖိလိတ္တိတပ်ကို လုပ်ကြံသဖြင့် ဖိလိတ္တိလူတို့သည် သိတင်းကြား ၏။ ရှောလုကလည်း မြစ်တဘက်၌ နေသောသူတို့သည် ကြားသိစေဟု တပြည်လုံး တံပိုးမှုတ်စေ၏။ |
4. | ရှောလုသည် ဖိလိတ္တိတပ်ကို လုပ်ကြံကြောင်းနှင့် ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို ရွံ့ရှာကြောင်း ကို ဣသရေလအမျိုးသား အပေါင်းတို့သည် ကြားသိ၍၊ လူများတို့သည် ရှောလုနောက် ဂိလဂါလ မြို့၌ စည်းဝေးကြ၏။ |
5. | ဖိလိတ္တိလူတို့သည်လည်း၊ ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ၊ ရထားသုံးထောင်နှင့် မြင်း ခြောက်ထောင်ကို၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ရှိသောလူများကို၎င်း စုဝေးစေပြီးလျှင်၊ စစ်ချီဗေသဝင် မြို့အရှေ့၊ မိတ်မတ်မြို့၌ တပ်ချကြ၏။ |
6. | ဣသရေလအမျိုးသားတို့သည် အလွန် ဆင်းရဲခံရသဖြင့်၊ မိမိတို့ ကျဉ်းမြောင်းလျက်ရှိသည်ကို သိမြင်သောအခါ၊ ဥမင်၊ တောအုံ၊ ကျောက်ကြား၊ တောင်ထိပ်၊ မြေတွင်းတို့၌ ပုန်းရှောင်၍ နေကြ၏။ |
7. | ယော်ဒန်မြစ်တဘက်၌ နေသောသူအချို့တို့သည် ကူးပြန်၍၊ ဂဒ်ပြည်၊ ဂိလဒ်ပြည်သို့ သွားကြ၏။ ရှောလုသည် ဂိလဂါလမြို့၌ နေသေး၍၊ လူအပေါင်းတို့သည် သူ့နောက်၌ တုန်လှုပ်လျက်ရှိကြ၏။ |
8. | ရှမွေလ ချိန်းချက်သည်အတွင်း ရှောလုသည် ခုနစ်ရက် ငံ့လင့်၍၊ ရှမွေလသည် ဂိလဂါလမြို့သို့ မရောက်၊ လူများတို့လည်း ထွက်ပြေးကြ၏။ |
9. | ရှောလုကလည်း၊ မီးရှို့ရာယဇ်နှင့် မိဿဟာယ ပူဇော်သက္ကာတို့ကို ငါ့ထံသို့ ယူခဲ့ကြဟုဆိုသဖြင့်၊ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။ |
10. | မီးရှို့ရာယဇ်ပူဇော်ခြင်းအမှု ပြီးသည်အဆုံး၌ ရှမွေလသည် လာ၏။ ရှောလုသည် ကောင်းကြီးပေး၍ ခရီးဦးကြို ပြုခြင်းငှါ ထွက်သွားလျှင်၊ |
11. | ရှမွေလက၊ သင်သည် အဘယ်သို့ ပြုသနည်းဟု မေးသော်၊ ရှောလုက၊ လူများတို့သည် အကျွန်ုပ်ထံ မှ ထွက်ပြေးကြောင်း၊ ကိုယ်တော်သည် ချိန်းချက်သော အချိန်၌ မရောက်ကြောင်း၊ ဖိလိတ္တိလူတို့ သည် မိတ်မတ်မြို့၌ စုဝေးကြောင်းများကို သိမြင်သောအခါ၊ - |
12. | ဖိလိတ္တိလူတို့သည် ငါရှိရာ ဂိလဂါလမြို့သို့ စစ်ချီကြလိမ့်မည်။ ထာဝရဘုရားကို ငါမတောင်းပန်သေး ဟု အကျွန်ုပ်အောက်မေ့သဖြင့်၊ ကိုယ်ကို အနိုင်ပြု၍ မီးရှို့ရာယဇ်ကို ပူဇော်မိပြီဟု ပြန်ပြော၏။ |
13. | ရှမွေလကလည်း သင်သည် မှားပြီ။ သင်၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရားသည် ဣသရေလအမျိုး၌ သင်၏ အာဏာကို ယခုမှစ၍ အစဉ်အမြဲ တည်စေတော်မူပြီ။ |
14. | ယခုမူကား သင်၏ အာဏာမတည်ရ။ ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သော သူကို ရှာတော်မူ၏။ ထိုသူသည် လူမျိုးတော်အပေါ်မှာ မင်းဖြစ်စေခြင်းငှါ ထာဝရဘုရား မိန့်တော်မူပြီ။ အကြောင်းမူကား၊ သင်သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မကျင့်ဟု ရှောလုအား ဆိုပြီးလျှင်၊ |
15. | ထ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့သို့ သွား၏။ ရှောလုသည် မိမိ၌ ရှိသောလူတို့ကို ရေတွက်၍ ခြောက်ရာခန့်မျှ ရှိ၏။ |
16. | သူနှင့် သားတော် ယောနသန်၊ သူတို့၌ ရှိသော လူအပေါင်းတို့သည် ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့တွင် နေကြ၏။ ဖိလိတ္တိလူတို့သည် မိတ်မတ်မြို့တွင် တပ်ချကြ၏။ |
17. | လုယူသော တပ်သုံးတပ်တို့သည်၊ ဖိလိတ္တိတပ်မထဲကထွက်၍ တတပ်သည် ရွာလပြည် ဩဖရမြို့ လမ်းသို့လိုက်၏။ |
18. | တတပ်သည် ဗေသောရုန်မြို့လမ်းသို့ လိုက်၏။ တတပ်သည် တောဘက်မှာ ဇေဘိုင်ချိုင့်ကို မျက်နှာပြုသော ပြည်စွန်းလမ်းသို့ လိုက်၏။ |
19. | ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့သည် ထားလှံတို့ကို မလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့်၊ ဣသရေလ ပြည်တရှောက်လုံးတွင် ပန်းပဲတယောက်မျှမရှိ။ |
20. | ဣသရေလလူအပေါင်းတို့သည် ထွန်သွား၊ ပေါက်တူး၊ ပုဆိန်၊ တူးရွင်းကို ထက်စေခြင်းငှါ၊ ဖိလိတ္တိ လူတို့ရှိရာသို့ သွားရကြ၏။ |
21. | နောက်တဖန် ထွန်သွား၊ ပေါက်တူး၊ သုံးခွခက်ရင်း၊ ပုဆိန်၊ ထိုးတံချွန် တုံးလျက်ရှိကြ၏။ |
22. | သို့ဖြစ်၍ စစ်တိုက်ရာကာလ ရှောလုနှင့်သားတော် ယောနသန်မှတပါး အဘယ်သူ၌မျှ ထားလှံမရှိ။ |
23. | တဖန် ဖိလိတ္တိတပ်သားတို့သည် မိတ်မတ်မြို့ လမ်းဝသို့ ထွက်၍ နေကြစဉ်တွင်၊ |
← 1Samuel (13/31) → |