← 1Kings (6/22) → |
1. | ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သော သက္ကရာဇ်လေးရာရှစ်ဆယ်ပြည့်၊ ရှောလမုန် မင်းနန်းစံလေးနှစ်၊ ဇိဖအမည်ရှိသော ဒုတိယလတွင်၊ ထာဝရဘုရား၏အိမ်တော်ကို တည်စပြုတော်မူ၏။ |
2. | ထိုအိမ်တော်အလျားသည် အတောင်ခြောက် ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်သုံးဆယ် ရှိ၏။ |
3. | အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့် ညီ၍အလျား အတောင်နှစ်ဆယ်၊ အနံဆယ်တောင်ရှိ၏။ |
4. | အိမ်တော်လင်းစရာဘို့ ကျဉ်းသော ပြတင်း ပေါက်တို့ကို လုပ်လေ၏။ |
5. | အိမ်တော်ပြင်ထရံနှင့်ဗျာဒိတ်ဌာနတော်ပြင် ထရံပတ်လည်၌ အခန်းတို့ကိုလည်း လုပ်လေ၏။ |
6. | အောက်အခန်းသည် အနံငါးတောင်၊ အလယ် အခန်း အနံခြောက်တောင်၊ အထက်အခန်းအနံခုနစ် တောင်ရှိ၏။ အကြောင်းမူကား၊ အခန်းတို့သည် အိမ်တော်ထရံကိုယ်ထဲသို့ မဝင်။ ထရံဆုတ်လျက် ဆုတ်လျက် တက်၏။ |
7. | ထိုအိမ်တော်ကို တည်လုပ်သောအခါ၊ ထိုအရပ် သို့မဆောင်ခဲ့မှီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာ တည်လုပ်သောကြောင့်၊ သံတူ၊ ပုဆိန်၊ သံတန်ဆာနှင့် လုပ်သော အသံမမြည်ရ။ |
8. | အောက်အခန်းထဲသို့ဝင်သော တံခါးဝသည် အိမ်တော်လက်ျာဘက်မှာရှိ၏။ လိမ်သော လှေကားဖြင့် အလယ်အခန်းသို့၎င်း၊ အလယ်အခန်းမှ အထက်အခန်း သို့၎င်း၊ တက်ရ၏။ |
9. | အိမ်တော်ကို တည်ပြီးမှ ထုပ်များတိုင်များကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်လေ၏။ |
10. | ထရံအခန်းတို့သည်လည်း အမြင့်ငါးတောင်စီ ရှိ၏။ အာရဇ်ရက်မတို့သည်အိမ်တော်ကိုမှီလျက် ရှိကြ၏။ |
11. | ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရှောလမုန်သို့ ရောက်လာသည်ကား၊ |
12. | ယခုတည်ဆောက်သောအိမ်တော်အရာမှာ၊ သင်သည် ငါသွန်သင်သော လမ်းသို့ လိုက်လျက်၊ ငါစီရင် ချက်အတိုင်းစီရင်၍၊ ငါပညတ်သမျှတို့ကို စောင့်ရှောက် လျှင်၊ သင်၏အဘဒါဝိဒ်အား ငါဂတိထားသည်အတိုင်း သင်၌ငါပြုမည်။ |
13. | ငါ၏လူဣသရလအမျိုးကို ငါမစွန့်။ သူတို့ အလယ်၌ နေမည်ဟု မိန့်တော်မူ၏။ |
14. | ထိုသို့ရှောလမုန်သည် အိမ်တော်ကို တည်၍ ပြီးလေ၏။ |
15. | ကြမ်းမှသည်အမိုးတိုင်အောင်အတွင်းထရံကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်၍၊ ကြမ်းကိုလည်း ဒုကြီးသော ထင်းရူးပျဉ်ပြားဖြင့် ပြီးစေ၏။ |
16. | အလွန်သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော် အဘို့ အလျားအနံအတောင်နှစ်ဆယ်စီကျယ်သော အိမ်တော်တပိုင်းကို အခန်းကာ၍ ကြမ်းနှင့်ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ၏။ |
17. | ထိုအခန်းရှေ့မှာတည်သော ဗိမာန်တော် အလျားသည် အတောင်လေးဆယ်ရှိ၏။ |
18. | အိမ်တော်အတွင်း၌ အာရဇ်ပျဉ်ပြားတို့သည် ဘူးသီးအပြောက်၊ ပန်းပွင့်အပြောက်နှင့်ပြည့်စုံကြ၏။ ကျောက်မပေါ်စေခြင်းငှါ အာရဇ်သား နှင့်ဖုံးအုပ်လျက် သာရှိ၏။ |
19. | ထိုသို့ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ကို တင်ထားရန်၊ အိမ်တော်အတွင်း၌ ဗျာဒိတ်ဌာနတော် ကို ပြင်ဆင်လေ၏။ |
20. | ဗျာဒိတ်ဌာနတော်အခန်းသည် အလျား အတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့် အတောင်နှစ်ဆယ်ရှိ၏။ ထိုအခန်းကို၎င်း၊ အာရဇ် သစ်သားနှင့်လုပ်သော ယဇ်ပလ္လင်ကို၎င်း၊ ရွှေစင်နှင့် မွမ်းမံလေ၏။ |
21. | ထိုသို့အိမ်တော်အတွင်းကို ရွှေစင်နှင့်မွမ်းမံပြီးမှ၊ ဗျာဒိတ်ဌာနတော်ရှေ့မှာ ရွှေကြိုးဖြင့် အကွယ်အကာကို ဆွဲထား၍၊ ရွှေနှင့်မွမ်းမံလေ၏။ |
22. | အိမ်တော်တအိမ်လုံးကို၎င်း၊ ဗျာဒိတ်ဌာနတော် နားမှာရှိသော ယဇ်ပလ္လင်ကို၎င်း၊ ရွှေနှင့် အကုန်အစင် မွမ်းမံလေ၏။ |
23. | ဗျာဒိတ်ဌာနတော်ထဲမှာ အမြင့်ဆယ်တောင် ရှိသော ခေရုဗိမ်နှစ်ပါးကို သံလွင်သားနှင့်လုပ်လေ၏။ |
24. | ခေရုဗိမ်အတောင်တို့သည် တဘက်တချက် အလျားငါးတောင်စီရှိ၍၊ အတောင်ဖျားတခုမှတခု တိုင်အောင် ဆယ်တောင်ရှိ၏။ |
25. | အမြင့်ဆယ်တောင်ရှိသည်ဖြစ်၍၊ ခေရုဗိမ် နှစ်ပါးသည် အလုံးအရပ်ပမာဏတူ၏။ |
26. | ထိုခေရုဗိမ်တို့ကို အတွင်းအိမ်တော်ထဲမှာ တင်ထားသဖြင့်၊ ခေရုဗိမ်အတောင်တို့သည် ဖြန့်လျက်၊ |
27. | အတောင်ဖျားတဘက်တချက်၌ ထရံကိုမှီလျက်၊ အလယ်မှာ အတောင်ဖျားတခုနှင့်တခုထိလျက် ရှိကြ၏။ |
28. | ခေရုဗိမ်တို့ကိုလည်း ရွှေနှင့်မွမ်းမံလေ၏။ |
29. | အိမ်တော်ထရံအတွင်းဘက်နှင့် ပြင်ဘက်၌ ထုသော ခေရုဗိမ်အရုပ်နှင့်အပွင့်ပွင့်သော စွန်ပလွံပင် အရုပ်များရှိကြ၏။ |
30. | အိမ်တော်အတွင်း ကြမ်းနှင့်ပြင်ကြမ်းကိုလည်း ရွှေနှင့်မွမ်းမံလေ၏။ |
31. | ဗျာဒိတ်ဌာနတော် ဝင်ဝဘို့သံလွင်သား တံခါး ရွက်နှစ်ရွက်ကို လုပ်၍၊ တံခါးထုပ်နှင့်တံခါးတိုင်တို့သည် ထရံငါးစုတစုကိုစားကြ၏။ |
32. | သံလွင်သားတံခါးရွက်တို့၌ ခေရုဗိမ်အရုပ်၊ အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ်၍၊ တံခါးရွက်နှင့်ခေရုဗိမ်အရုပ်၊ စွန်ပလွံပင်အရုပ်တို့ကို ရွှေနှင့်မွမ်းမံလေ၏။ |
33. | ထိုအတူ အိမ်တော်ပြင်ထရံလေးစုတစု ကျယ်သောဝင်ဝဘို့ သံလွင်တံခါးတိုင်တို့ကို၎င်း၊ |
34. | တံခါးရွက်တရွက်လျှင် ပတ္တာနှစ်ခုစီဖြင့် လည်တတ်သော ထင်ရူးသား တံခါးရွက်နှစ်ရွက်တို့ကို၎င်း လုပ်လေ၏။ |
35. | တံခါးရွက်၌ ခေရုဗိမ်အရုပ်နှင့် အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ်၍ အပြောက်ကို ရွှေနှင့် မွမ်းမံလေ၏။ |
36. | အတွင်းတန်တိုင်းကိုလည်း ဆပ်သော ကျောက် တန်းသုံးဆင့်၊ အာရဇ်သစ်သားတန်းတဆင့်နှင့် အထပ် ထပ်တည်လေ၏။ |
37. | နန်းစံလေးနှစ်၊ ဇိဖလတွင်ထာဝရဘုရား၏ အိမ်တော်တိုက်မြစ်ကို ချကြ၍၊ |
38. | နန်းစံဆယ်တနှစ်၊ ဗုလအမည်ရှီသော အဋ္ဌမလ တွင် အိမ်တော်အခန်းကြီးအခန်းငယ်တို့နှင့် ဆိုင်သမျှ တို့ကို လက်စသတ်၍ ခုနစ်နှစ်ပတ်လုံးအိမ်တော်ကို တည်ဆောက်သတည်း။ |
← 1Kings (6/22) → |