← 1Kings (21/22) → |
1. | ထိုနောက်မှ ယေဇရေလမြို့သား နာဗုတ်ပိုင်သော စပျစ်ဥယျာဉ်သည် ယေဇရေလမြို့တွင်၊ ရှမာရိ မင်းကြီးအာဟပ်၏နန်းတော်နားမှာ ရှိသည်ဖြစ်၍၊ |
2. | အာဟပ်မင်းက၊ သင့်စပျစ်ဥယျာဉ်သည် နန်းတော်နားမှာရှိသောကြောင့် ယာလုပ်စရာဘို့ပေးပါ။ သာ၍ကောင်းသော ဥယျာဉ်ကို ငါပေးမည်။ သို့မဟုတ် သင်အလိုရှိလျှင် အဘိုးကိုပေးမည်ဟု နာဗုတ်အား ဆိုလျှင်၊ |
3. | နာဗုတ်က၊ ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အား ပေးရသောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု ပြန်လျှောက်၏။ |
4. | ဘိုးဘေးမှ အမွေခံသော မြေကို မပေးရဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူးသော စိတ်နှင့် ညှိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကို လွှဲ၍သာလွန်ပေါ်မှာ အိပ်လျက်နေ၏။ |
5. | ခင်ပွန်းယေဇဗေလသည်လာ၍၊ အစာကို မစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေးလျှင်၊ |
6. | မင်းကြီးက၊ ယေဇရေလမြို့သားနာဗုတ်ကို ငါခေါ်၍ သင့်စပျစ်ဥယျာဉ်ကို ရောင်းပါ။ သို့မဟုတ် သင်အလို ရှိလျှင် အခြားသောဥယျာဉ်ကို ငါပေးမည်ဟုဆိုသော်၊ ထိုဥယျာဉ်ကို ကိုယ်တော်အားမပေးရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို၏။ |
7. | ခင်ပွန်းယေဇဗေလက၊ ကိုယ်တော်သည် ဣသ ရေလနိုင်ငံကို အစိုးရတော်မူသည် မဟုတ်လော။ ထ၍ ရွှင်လန်းသော စိတ်နှင့် စားတော်ခေါ်ပါ။ ကျွန်မသည် ယေဇရေလမြို့သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို ဆက်ပါ မည်ဟုဆိုသည်အတိုင်း၊ |
8. | အာဟပ်မင်း၏ အခွင့်နှင့်စာရေး၍ တံဆိပ် တော်နှင့် ခတ်ပြီးမှ၊ နာဗုတ်နေရာမြို့၌ သူနှင့်အတူ နေသော အသက်ကြီးသူနှင့်မှူးမတ်များထံသို့ ပေးလိုက် လေ၏။ |
9. | စာချက်ဟူမူကား၊ အစာရှောင်ရာအချိန်ကို ကြွေးကြော်၍၊ နာဗုတ်ကို လူများရှေ့မှာ မြှောက်ထား ကြလော့။ |
10. | သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကိုထား၍၊ သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီဟု သက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကို ထုတ်၍ သေစေခြင်း ငှါ ကျောက်ခဲနှင့်ပစ်ကြလော့ဟု ပါသတည်း။ |
11. | ယေဇဗေလပေးလိုက်သော စာ၌ ပါသည် အတိုင်း၊ နာဗုတ်နေသောမြို့သား အသက်ကြီးသူနှင့် မှူးမတ်တို့သည် ပြုလျက်၊ |
12. | အစာရှောင်ရာအချိန်ကို ကြွေးကြော်၍ နာဗုတ် ကို လူများရှေ့မှာ မြှောက်ထားကြ၏။ |
13. | အဓမ္မလူနှစ်ယောက်သည် လာ၍သူ့ရှေ့မှာ ထိုင်လျက်၊ နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို စွန့်ပယ်ပြီဟု လူများရှေ့တွင် နာဗုတ်တဘက်၌ သက်သေ ခံကြလျှင်၊ နာဗုတ်ကို မြို့ပြင်သို့ ထုတ်၍ သေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။ |
14. | ထိုအခါ နာဗုတ်သည် ကျောက်ခဲနှင့် ပစ်ခြင်း ကိုခံရ၍ သေပါပြီဟု ယေဇဗေလထံသို့ စေလွှတ်၍ ကြားလျှောက်ကြ၏။ |
15. | ထိုအကြောင်းကို ယေဇဗေလသည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ် မရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ၍ သိမ်းယူတော်မူပါ။ နာဗုတ်အသက်မရှိ၊ သေပါပြီဟု ဆို၏။ |
16. | နာဗုတ်သေကြောင်းကို အာဟပ်သည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ ထသွား၏။ |
17. | ထိုအခါတိရှဘိမြို့သား ဧလိယသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်က၊ |
18. | သင်သည်ရှမာရိမြို့၌နေသော ဣသရေလ ရှင်ဘုရင်အာဟပ်ကို ကြိုဆိုအံ့သောငှါ ထသွားလော့။ သူသည်နာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ သွား၍ ယခုဥယျာဉ်၌ရှိ၏။ |
19. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် လူအသက်ကို သတ်၍သူ့ဥစ္စာကို သိမ်းယူပြီလော။ တဖန် မိန့်တော်မူသည်ကား၊ ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ်၌ သင့်အသွေးကိုပင် လျက်ကြလိမ့် မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထား တော်မူ၏။ |
20. | အာဟပ်ကလည်း၊ အချင်းရန်သူ၊ ငါနှင့်တွေ့ပြီ လောဟု ဧလိယအားဆိုလျှင်၊ ဧလိယကသင်သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်းသောကြောင့် သင်နှင့်ငါတွေ့ပြီ။ |
21. | ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အပေါ် သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ ချုပ်ထားသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုး ယောက်ျားများကိုပယ်ဖြတ်မည်။ |
22. | ငါ့အမျက်ကို နှိုးဆော်သောအပြစ်နှင့် ဣသ ရေလအမျိုးကို ပြစ်မှားစေသောအပြစ်ကြောင့်၊ သင့်အမျိုး ကို နေဗတ်၏သား ယေရောဗောင်အမျိုးနှင့် အဟိယ၏ သားဗာရှာအမျိုးကဲ့သို့ ငါဖြစ်စေမည်။ |
23. | ယေဇဗေလအမှုမှာ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ယေဇရေလမြို့ရိုးနားမှာ ခွေးတို့သည် ယေဇ ဗေလကို စားကြလိမ့်မည်။ |
24. | အာဟပ်အမျိုးသည် မြို့ထဲမှာ သေလျှင်ခွေးစား လိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို၏။ |
25. | အာဟပ်နှင့်တူသော သူတယောက်မျှမရှိ။ ခင်ပွန်းယေဇဗေလသည် တိုက်တွန်းသဖြင့်၊ ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်း သောသူဖြစ်၏။ |
26. | ထာဝရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသောအာမောရိ အမျိုးသားပြုသမျှ အတိုင်း၊ ရုပ်တုဆင်းတုကို ဆည်းကပ်၍ စက်ဆုပ်ရွံရှာ ဘွယ် အမှုကိုပြု၏။ |
27. | သို့ရာတွင် ဧလိယဆင့်ဆိုသော စကားတော်ကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍လျှော်တေအဝတ်ကို ဝတ်၏။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်၌ အိပ်ခြင်း ကို ပြု၍ ဖြည်းဖြည်းသွားလာ၏။ |
28. | ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် တိရှဘိမြို့သား ဧလိယသို့ ရောက်လာသည်ကား၊ |
29. | အာဟပ်သည် ငါ့ရှေ့မှာနှိမ့်ချသည်ကို မြင်ပြီ လော။ ထိုသို့ငါ့ရှေ့ မှာနှိမ့်ချသောကြောင့်၊ သူ့လက်ထက်၌ ထိုဘေးဥပဒ်ကို ငါမရောက်စေ။ သူ့သားလက်ထက်၌ အမျိုးအပေါ်သို့ရောက်စေမည်ဟု မိန့်တော်မူ၏။ |
← 1Kings (21/22) → |