← 1Kings (19/22) → |
1. | ဧလိယပြုသော အမှုနှင့် ပရောဖက်အပေါင်းတို့ကို ထားနှင့် ကွပ်မျက်သောအမှုကို၊ အာဟပ်သည် ယေဇဗေလအား အကုန်အစင်ကြားပြော၏။ |
2. | ယေဇဗေလက၊ နက်ဖြန်နေ့ယခုအချိန်ရောက်မှ၊ သင့်အသက်သည် ထိုပရောဖက်တို့၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင်၊ ဘုရားတို့သည် ငါ၌ထိုမျှမကပြုပါစေ သောဟု တမန်ကို ဧလိယထံသို့စေလွှတ်၍ ကြား လိုက်၏။ |
3. | ထိုအခါ ဧလိယသည်ကြောက်သဖြင့်၊ ထ၍ အသက်လွတ်အောင် ယုဒခရိုင် ဗေရရှေဘမြို့သို့သွား၏။ ထိုမြို့၌ ကျွန်ကို ထားခဲ့၍၊ |
4. | သူ့ကိုယ်တိုင်သည် တောသို့ တနေ့ခရီးသွားပြီးလျှင်၊ ရသမ်ပင်အောက်သို့ရောက်၍ ထိုင်လေ၏။ ထိုအခါကိုယ်အသက် သေရမည်အကြောင်း ဆုတောင်းလျက်၊ အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ် အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ ထက်သာ၍ မကောင်းပါဟု မြည်တမ်းပြီးလျှင်၊ |
5. | ရသမ်ပင်အောက်မှာ အိပ်ပျော်၏။ ထိုအခါ ကောင်းကင်တမန်က၊ ထ၍စားလော့ဟု သူ့ကို တို့လျက် ဆို၏။ |
6. | ဧလိယသည် မျှော်ကြည့်သောအခါ၊ မီးနှင့်ဖုတ်သော မုန့်ပြားနှင့် ခေါင်းရင်း၌ ရေဘူးရှိသည်ကို မြင်၍ စားသောက်ပြီးမှ တဖန်အိပ်ပျော်၏။ |
7. | ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒုတိယအကြိမ်လာ၍ သူ့ကိုတို့လျက်၊ သွားရမည့်ခရီးသည် အလွန်ဝေးသောကြောင့်၊ ထ၍စားဦးလော့ဟုဆိုသည် အတိုင်း၊ |
8. | ဧလိယသည်ထ၍ စားသောက်ပြန်၏။ ထိုအစာအာဟာရကို အမှီပြုလျက်၊ အရက်လေးဆယ်ခရီးသွား၍ ဘုရားသခင်နှင့်ဆိုင်သော ဟောရပ်တောင်သို့ ရောက် သဖြင့်၊ |
9. | ဥမင်ထဲသို့ဝင်၍ နေ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဧလိယ၊ သင်သည် ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်းဟု မေးတော်မူ၏။ |
10. | ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကိုယ်တော်၏ပရောဖက်များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကို ပင်သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေ၏။ |
11. | နှုတ်ကပတ်တော်ကလည်း ထွက်လော့။ ထာဝရဘုရား ရှေ့တောင်ပေါ်မှာရပ်နေလော့။ ထာဝရဘုရား ရှောက်သွားမည်ဟုမိန့်တော်မူ၏။ ထိုအခါ အားကြီးသော လေပြင်းသည် တောင်ထိပ်တို့ကိုခွဲ၍၊ ထာဝရဘုရားရှေ့တော်၌ ကျောက်တို့ကိုချိုးဖဲ့၏။ သို့ရာတွင်ထာဝရဘုရားသည် လေ၌ရှိတော်မမူ။ လေနောက်မှာ မြေလှုပ်ခြင်းရှိ၏။ သို့ရာတွင် ထာဝရဘုရား သည် မြေလှုပ်ရှားခြင်း၌လည်းရှိတော်မမူ။ |
12. | မြေလှုပ်ခြင်းနောက်မှာမီးရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မီး၌လည်းရှိတော်မမူ၊ မီးနောက်မှာ ဖြည်းညှင်းသော အသံရှိ၏။ |
13. | ထိုအသံကို ဧလိယသည်ကြားလျှင်၊ မျက်နှာကို ဝတ်လုံနှင့် ဖုံးအုပ်လျက် ထွက်၍ဥမင်ဝ၌ရပ်နေ၏။ ထိုအခါ ဧလိယ၊ သင်သည်ဤအရပ်၌ အဘယ်သို့ပြုလျက် နေသနည်းဟု အသံလာ၏။ |
14. | ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍၊ ကိုယ်တော်၏ ပရောဖက် များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက် တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေသော်၊ |
15. | ထာဝရဘုရားက၊ ဒမာသက်တောသို့ ပြန်၍ ခရီးသွားလော့။ ရောက်သောအခါ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ |
16. | နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ အာဗေလ မဟောလမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ |
17. | သို့ဖြစ်၍ ဟာဇေလထားနှင့်လွတ်သောသူကို ယေဟုသတ်လိမ့်မည်။ ယေဟုထားနှင့်လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည်။ |
18. | သို့ရာတွင် ဗာလရှေ့၌ ဒူထောက်ခြင်း၊ နမ်းခြင်း ကို မပြုသောသူအပေါင်းတည်းဟူသော ဣသရေလ အမျိုးသားခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟု မိန့်တော်မူ၏။ |
19. | ထိုအရပ်မှ ဧလိယသည် သွားပြီးလျှင်၊ နွား ငါးယှဉ်းနှင့်လယ်ထွန်လျက်၊ နောက်ဆုံးနွားယှဉ်း၌ ကိုယ်တိုင်လိုက်သော ရှာဖတ်သားဧလိရှဲကို တွေ့၍အနား၌ ရှောက်စဉ်တွင်၊ မိမိဝတ်လုံကို သူ့အပေါ်မှာ တင်လေ၏။ |
20. | ဧလိရှဲသည် နွားတို့ကို ပစ်ထား၍ ဧလိယ နောက်သို့လိုက်လျက်၊ အကျွန်ုပ်သည်မိဘကိုနမ်ပါးရစေ။ သို့ပြီးမှ ကိုယ်တော်နောက်သို့ လိုက်ပါမည်ဟု အခွင့် တောင်းလျှင်၊ ဧလိယကပြန်သွားလော့။ ငါသည် သင်၌ အဘယ်သို့ပြုဘိသနည်းဟုဆိုသော်၊ |
21. | ဧလိရှဲသည်ပြန်သွား၍ နွားယှဉ်းကိုသတ်ပြီးမှ၊ နွားသားကို လယ်ထွန်သော တန်ဆာနှင့် ပြုတ်၍ လူများ တို့အား ကျွေးလေ၏။ သို့ပြီးမှထ၍ ဧလိယနောက်သို့ လိုက်လျက် လက်ထောက်ဖြစ်လေ၏။ |
← 1Kings (19/22) → |