← 1Kings (17/22) → |
1. | ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံးမိုဃ်းမရွာ၊ နှင်းမကျရဟု အာဟပ် မင်းအားမြွက်ဆို၏။ |
2. | ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက်လာသည်ကား၊ |
3. | သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ပြောင်း၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍နေလော့။ |
4. | ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့် တော်မူသည်အတိုင်း၊ |
5. | ဧလိယသည်သွား၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ နေလေ၏။ |
6. | ကျီးအတို့သည် နေ့တိုင်းနံနက်တခါ၊ ညဦးတခါ မုန့်နှင့်အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်း သောက်ရ၏။ |
7. | နောက်တဖန် မိုဃ်းမရွာသောကြောင့် ချောင်းရေခန်းခြောက်လေ၏။ |
8. | ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ရောက်လာသည်ကား၊ |
9. | သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့ သွား၍ နေလော့။ ထိုမြို့၌ နေသောမုတ်ဆိုးမတယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊ |
10. | ဧလိယသည်ထ၍ ဇရတ္တမြို့သို့သွား၏။ မြို့တံခါး သို့ရောက်သောအခါ၊ မုတ်ဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ဆို၏။ |
11. | မိန်းမသည်ရေကိုယူခြင်းငှါ သွားစဉ်တွင်၊ တဖန်ဟစ်၍ မုန့်တဖဲ့ကိုလည်း သင့်လက်၌ ယူခဲ့ပါလော့ဟု ဆိုပြန်လျှင်၊ |
12. | မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတပြားမျှမရှိ။ အိုးထဲမှာ မုန့်ညက်တလက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဘို့ဖုတ်၍ စားလိုသော ငှါ၎င်း၊ စားပြီးမှ သေလိုသောငှါ၎င်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။ |
13. | ဧလိယကလည်းမစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်းသွား၍ ပြုလော့။ သို့ရာတွင် ငါ့အဘို့ မုန့်ပြားငယ် တပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဘို့လုပ်လော့။ |
14. | ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုဃ်းရွာစေတော်မမူမှီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက်မကုန်။ ဘူး၌ရှိသော ဆီမလျော့ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို၏။ |
15. | ထိုမုတ်ဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့ သည် အင်တန်ကာလပတ်လုံး စားရကြ၏။ |
16. | ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော် မူသောစကားအတိုင်း၊ အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသော ဆီမလျော့။ |
17. | ထိုနောက်မှ အိမ်ရှင်မ၏သားသည် ပြင်းပြစွာ သော အနာရောဂါစွဲသောကြောင့် အသက်ချုပ်၏။ |
18. | မိန်းမကလည်း၊ အို ဘုရားသခင်၏လူ၊ ကိုယ် တော်သည် ကျွန်မနှင့် အဘယ်သို့ဆိုင်သနည်း။ ကျွန်မ အပြစ်တို့ကို အောက်မေ့စေ၍၊ ကျွန်မသားကို သတ်အံ့ သောငှါ ကျွန်မဆီသို့ ကြွလာတော်မူသလောဟု ဧလိယ အားဆိုသော်၊ |
19. | သင်၏သားကိုငါ့အားပေးလော့ဟုဆိုလျက်၊ မိန်းမရင်ခွင်ထဲက ယူ၍မိမိနေရာအထက်အခန်းသို့ ဆောင် သွားသဖြင့်၊ မိမိအိပ်ရာပေါ်မှာ ထားပြီးလျှင်၊ |
20. | အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တည်းခိုသော ဤမုတ်ဆိုးမ၌ ဘေးဥပဒ်ပြု၍၊ သူ၏သားကို သေစေတော်မူမည်လောဟု ထာဝရဘုရား ကို ကြွေးကြော်လေ၏။ |
21. | တဖန်သူငယ်အပေါ်မှာ မိမိကိုယ်ကို သုံးကြိမ် လှန်လျက်၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤသူငယ်၏ဝိညာဉ်ကို တဖန် ဝင်စေတော်မူပါဟု ထာဝရ ဘုရားကို ကြွေးကြော်ပြန်၏။ |
22. | ဧလိယ စကားကို ထာဝရဘုရားကြားတော်မူ၍၊ သူငယ်၏ ဝိညာဉ်သည်ဝင်သဖြင့်၊ သူသည် အသက် ရှင်ပြန်၏။ |
23. | ဧလိယသည် သူငယ်ကိုအထက်အခန်းမှ အောက် သို့ယူသွား၍ ကြည့်လော့။ သင်၏သားအသက်ရှင်ပြီဟု ဆိုလျက်အမိ၌အပ်လေ၏။ |
24. | မိန်းမကလည်း၊ ဤအမှုကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်၏ လူဖြစ်ကြောင်းကို၎င်း၊ ကိုယ်တော်ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော် ဟုတ်မှန်ကြောင်းကို၎င်း၊ ကျွန်မသိပါသည်ဟု ဧလိယ အား ဆို၏။ |
← 1Kings (17/22) → |