← 1Kings (16/22) → |
1. | ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဗာရှာကို အကြောင်းပြု၍၊ ဟာနန်၏သားယေဟုသို့ ရောက်လာ သည်ကား၊ |
2. | သင့်ကို မြေမှုန့်ထဲကငါကြွ၍၊ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်သော်လည်း၊ သင်သည် ယေရောဗောင်၏လမ်းသို့လိုက်လျက်၊ ဣသရေလအမျိုးသည် ပြစ်မှား၍၊ ငါ့အမျက်ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့်၊ |
3. | သင်၏အမျိုးအနွယ်သားစဉ် မြေးဆက်တို့ကို ငါပယ်ရှား၍၊ သင်၏အမျိုးကို နေဗတ်၏သား ယေရော ဗောင်၏ အမျိုးကဲ့သို့ ငါဖြစ်စေမည်။ |
4. | ဗာရှာ၏အမျိုးသားသည် မြို့ထဲမှာသေလျှင်၊ အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည် ဟုမိန့်တော်မူ၏။ |
5. | ဗာရှာပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် သူ၏တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ |
6. | ဗာရှာသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ တိရဇမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ဧလာသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ |
7. | ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသော အပြစ်ကြောင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏ သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊ |
8. | ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခြောက်နှစ်တွင်၊ ဗာရှာသားဧလာသည် တိရဇမြို့၌နေ၍ ဣသရေလ နိုင်ငံကို နှစ်နှစ်စိုးစံသည်ရှိသော်၊ |
9. | ရထားစီးသူရဲတဝက်ကိုအုပ်သောသူ၊ မိမိကျွန် ဇိမရိသည်သင်းဖွဲ့၍၊ ဧလာသည် တိရဇမြို့တွင် နန်းတော် အုပ်အာဇ၏ အိမ်၌ယစ်မူးအောင် သောက်လျက်နေစဉ် အခါ၊ |
10. | ဇိမရိသည်ဝင်၍ ယုဒရှင်ဘုရင် အာသနန်းစံ နှစ်ဆယ်ခုနစ်နှစ်တွင်၊ ဧလာကို သေစေခြင်းငှါလုပ်ကြံ၍ နန်းထိုင်လေ၏။ |
11. | နန်းထိုင်စက၊ ဗာရှာအမျိုးသားအပေါင်းတို့ကိုသတ်၏။ ဗာရှာနှင့် ပေါက်ဘော်တော်သော ယောက်ျား၊ အဆွေဖွဲ့သော ယောက်ျားတယောက်ကိုမျှမချန်မထား။ |
12. | ထာဝရဘုရားသည် ဗာရှာကို အကြောင်းပြု၍ ပရောဖက်ယေဟုအားဖြင့် မိန့်တော်မူသော စကားတော် နှင့်အညီ၊ ဇိမရိသည် ဗာရှာအမျိုးသားအပေါင်းတို့ကို ဖျက်ဆီး၏။ |
13. | အကြောင်းမူကား၊ ဗာရှာနှင့်သား ဧလာတို့သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှားစေသော အပြစ်အားဖြင့်၎င်း၊ မိစ္ဆာဒိဌိအားဖြင့်၎င်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သော အကြောင်းတည်း။ |
14. | ဧလာပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင်၌ရေးထားလျက် ရှိ၏။ |
15. | ယုဒရှင်ဘုရင်အာသနန်းစံနှစ်ဆယ် ခုနစ်နှစ် တွင်၊ ဇိမရိသည် တိရဇမြို့၌ ခုနစ်ရက်စိုးစံ၏။ |
16. | ထိုသို့ ဇိမရိသည် သင်းဖွဲ့၍ ရှင်ဘုရင်ကို သတ်သည်ဟု ဖိလိတ္တိပြည်ဂိဗေသုန်မြို့ရှေ့မှာ တပ်ချသော သူအပေါင်းတို့သည် သိတင်းကြားလျှင်၊ ထိုနေ့ခြင်းတွင် ဗိုလ်ချုပ်မင်းဩမရိကို ဣသရေလရှင်ဘုရင်အရာ၌ တပ်ထဲမှာ ချီးမြှောက်ကြ၏။ |
17. | ဩမရိသည် ဣသရေလအမျိုးသားအပေါင်းတို့ နှင့်တကွ ဂိဗေသုန်မြို့မှထွက်၍၊ တိရဇမြို့ကို ဝိုင်းထား ကြ၏။ |
18. | မြို့ကိုတိုက်၍ ရမည်ဟုဇိမရိသည် သိသောအခါ၊ နန်းတော်ထဲသို့ဝင်၍ မိမိအပေါ်မှာ နန်းတော်ကို မီးရှို့ သဖြင့် ကိုယ်တိုင်သေလေ၏။ |
19. | အကြောင်းမူကား၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသော အကြောင်းတည်း။ |
20. | ဇိမရိပြုမူသောအမှုအရာ ကြွင်းသမျှတို့နှင့် ပုန်ကန်ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထား လျက် ရှိ၏။ |
21. | ထိုအခါ ပြည်သားတို့သည် ကွဲပြား၍၊ အချို့တို့သည် ဂိနတ်၏သားတိဗနိကို ရှင်ဘုရင်အရာ၌ ချီးမြှောက် ခြင်းငှါ သူ့နောက်သို့ လိုက်ကြ၏။ အချို့တို့သည် ဩမရိ နောက်သို့လိုက်ကြ၏။ |
22. | ဩမရိနောက်သို့လိုက်သော သူတို့သည် ဂိနတ်၏ သားတိဗနိနောက်သို့ လိုက်သောသူတို့ကို နိုင်သဖြင့်၊ တိဗနိသေ၍ ဩမရိသည် နန်းထိုင်လေ၏။ |
23. | ယုဒရှင်ဘုရင် အာသနန်းစံသုံးဆယ်တနှစ်တွင်၊ ဩမရိသည် နန်းထိုင်၍ ဣသရေလနိုင်ငံကို တဆယ်နှစ် နှစ်စိုးစံ၏။ တိရဇမြို့၌ ခြောက်နှစ်စိုးစံပြီးမှ၊ |
24. | ရှမာရိတောင်ကို တောင်ရှင်ရှမေရ၌ ငွေအခွက် နှစ်ဆယ်နှင့် ဝယ်၍ တောင်ပေါ်မှာ မြို့ကိုတည်၏။ ထိုမြို့ ကို တောင်ရှင်ရှမေရအမည်ကို အစွဲပြုသဖြင့်၊ ရှမာရိမြို့ ဟူ၍ သမုတ်လေ၏။ |
25. | ဩမရိသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသဖြင့်၊ မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်း ထက်သာ၍ ဆိုးညစ်၏။ |
26. | နေဗတ်၏သား ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးသည် မိစ္ဆာဒိဌိအားဖြင့် မိမိတို့ဘုရား သခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ပြစ်မှားစေသော ဒုစရိုက်အပြစ်လမ်းသို့ လိုက်လေ၏။ |
27. | ဩမရိပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက် ရှိ၏။ |
28. | ဩမရိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာဟပ်သည် ခမည်းတော်အရာ၌နန်းထိုင်၏။ |
29. | ယုဒရှင်ဘုရင်အာသနန်းစံ သုံးဆယ်ရှစ်နှစ်တွင်၊ ဩမရိသားအာဟပ်သည် ရှမာရိမြို့၌ ဣသရေလမင်း ပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်နှစ်နှစ် စိုးစံ၏။ |
30. | ဩမရိသားအာဟပ်သည် မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်းတို့ထက် ထာဝရဘုရားရှေ့တော်၌သာ၍ ဒုစရိုက်ကိုပြု၏။ |
31. | နေဗတ်၏သားယေရောဗောင်ပြုသော ဒုစရိုက် အပြစ်လမ်းသို့သာလိုက်လျှင်၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့်စုံဘက်၍၊ ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၏။ |
32. | ရှမာရိမြို့တွင် ဗာလဘုရား၏ ဗိမာန်၌ ဗာလဘုရားအဘို့ ယဇ်ပလ္လင်ကိုတည်၏။ |
33. | အာရှရပင်ကိုလည်းပြုစု၍၊ မိမိရှေ့မှာ ဖြစ်ဘူးသော ဣသရေလ ရှင်ဘုရင်အပေါင်းတို့ထက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှါ သာ၍ပြု၏။ |
34. | အာဟပ်လက်ထပ်၌ ဗေသလမြို့သားဟိဧလသည် ယေရိခေါမြို့ကို တည်၏။ ထာဝရဘုရားသည် နုန်၏သားယောရှုအားဖြင့် မိန့်တော်မူသော စကားနှင့် အညီ၊ သားဦးအဘိရံလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍၊ သားထွေး စေရပ်လက်ထက်၌ မြို့တံခါးတို့ကို ထောင်၏။ |
← 1Kings (16/22) → |