← 1Kings (13/22) → |
1. | ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ယဇ်ပလ္လင်နားမှာရပ်နေစဉ်တွင်၊ ဘုရား သခင်၏ လူတယောက်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း၊ ယုဒပြည်မှ ဗေသလမြို့သို့ ရောက် လာ၍၊ |
2. | ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်လျက်၊ အိုယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်း မျိုး၌ ယောရှိအမည်ရှိသော သူကို ဘွားမြင်လိမ့်မည်။ သင့်အပေါ်မှာ နံ့သာပေါင်းကို မီးရှို့၍၊ မြင့်သောအရပ်၌ ယဇ်ပုရောဟိတ်လုပ်သောသူတို့ကို ထိုသူသည် သင့် အပေါ်မှာပူဇော်၍၊ လူသေအရိုးတို့ကို မီးရှို့လိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။ |
3. | ထိုနေ့ခြင်းတွင် ပုပ္ပနိမိတ်ကိုလည်း ပေး၍ ထာဝရဘုရားမိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား၊ ယဇ် ပလ္လင်သည် ကွဲ၍ပလ္လင်ပေါ်မှာရှိသော ပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ၏။ |
4. | ထိုသို့ ဘုရားသခင်၏ လူသည် ဗေသလမြို့ ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်သော စကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင်၊ ယဇ်ပလ္လင်ပေါ်မှာရှိသော မိမိလက်ကိုဆန့်၍ ထိုသူကို ဘမ်းဆီးကြဟုဆို လျက်၊ ဆန့်သောလက်သည် သွေ့ခြောက်၍ နောက်တဖန် မရုပ်နိုင်။ |
5. | ဘုရားသခင်၏ လူသည်ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ပေးသောပုပ္ပနိမိတ်နှင့်အညီ ယဇ် ပလ္လင်ကွဲ၍၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ၏။ |
6. | ရှင်ဘုရင်ကလည်း၊ ငါ့လက်၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း၊ ငါ့အတွက် ပဌနာ ပြု၍ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်ပါလော့ဟုဘုရားသခင်၏ လူကိုပြောဆို၏။ ဘုရားသခင်၏လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့်၊ ရှင်ဘုရင်လက်သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ်လေ၏။ |
7. | ရှင်ဘုရင်ကလည်း၊ ငါနှင့်အတူ လိုက်၍ အားဖြည့်လော့။ လက်ဆောင်ပေးမည်ဟု ဘုရားသခင်၏ လူအား ဆိုလျှင်၊ |
8. | ဘုရားသခင်၏လူက၊ နန်းတော်တဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်းမသောက်ရ။ |
9. | ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အား ပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၏။ |
10. | ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကို ရှောင်၍ အခြားသောလမ်းဖြင့် ပြန်သွား၏။ |
11. | ထိုကာလ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက် တယောက်ရှိ၏။ သူ၏သားတို့သည်လာ၍ ဘုရားသခင်၏လူသည် ထိုနေ့၌ ဗေသလမြို့မှာ ပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသော စကားများကို အဘအား ပြန်ကြားလျှင်၊ |
12. | ယုဒပြည်မှ လာသောဘုရားသခင်၏ လူသည် အဘယ်လမ်းဖြင့် ပြန်သွားသည်ကို မြင်ကြသောကြောင့်၊ အဘက ထိုသူသည် အဘယ်လမ်း ဖြင့်ပြန်သွားသနည်းဟု မေးပြီးလျှင်၊ |
13. | မြည်းကို ကုန်းနှီးတင်ကြလော့ဟု ဆိုသည် အတိုင်း၊ သားတို့သည် မြည်းကိုကုန်းနှီးတင်၍ အဘသည် စီးသွားလျက်၊ |
14. | ဘုရားသခင်၏ လူကိုလိုက်လေ၏။ သပိတ်ပင် အောက်မှာထိုင်လျက် ရှိသည်ကိုတွေ့လျင်၊ သင်သည် ယုဒပြည်မှလာသော ဘုရားသခင်၏ လူမှန်သလောဟု မေးသော်၊ ငါမှန်သည်ဟု ပြန်ဆို၏။ |
15. | ပရောဖက်ကလည်း၊ ငါနှင့်အတူ ငါ့အိမ်သို့ လိုက်၍ မုန့်ကို စားပါလော့ဟု ခေါ်ပင့်လျှင်၊ |
16. | ငါသည် သင်နှင့်အတူ မလိုက်ရ၊ သင့်အိမ်သို့မဝင်ရ။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။ |
17. | ထာဝရဘုရားက၊ ထိုအရပ်၌ မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်။ လာသောလမ်းဖြင့်မပြန်နှင့်ဟု ငါ့အား မိန့်တော်မူကြောင်းကို ပြောဆို၏။ |
18. | ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ်၏။ သင်သည်မုန့်ကိုစား၍ ရေကိုသောက်စေ ခြင်းငှါ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် မှာထားပြီဟု မုသာသုံး၍ ပြောဆို၏။ |
19. | ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက် နှင့်အတူ ပြန်လာ၍၊ သူ၏အိမ်မှာ မုန့်ကိုစား၏။ ရေကို လည်း သောက်၏။ |
20. | ထိုသူနှစ်ပါးတို့သည် စားပွဲနားမှာ ထိုင်စဉ်တွင်၊ ခေါ်ခဲ့သော ပရောဖက်သို့ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ရောက်၍၊ |
21. | ယုဒပြည်မှ လာသောဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏နှုတ်တော်ထွက်ကို နား မထောင်၊ သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော ပညတ်တော်ကို မစောင့်၊ |
22. | ဤမည်သော အရပ်၌ မုန့်ကိုမစားနှင့်။ ရေကို မသောက်နှင့်ဟု ပညတ်တော်မူသော အရပ်သို့ပြန်လာ၍ မုန့်နှင့်ရေကိုစားသောက်သောကြောင့်၊ သင်၏အလောင်းသည် ဘိုးဘေးတို့၏ သင်္ချိုင်းသို့မရောက်ရဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို အော်ဟစ်၍ ဆင့်ဆို၏။ |
23. | မုန့်နှင့်ရေကို စားသောက်ပြီးမှ၊ ထိုပရောဖက်သည် ပြန်လာသော ပရောဖက်အဘို့ မိမိမြည်းကို ကုန်းနှီး တင်၍ လွှတ်လိုက်လေ၏။ |
24. | လမ်းမှာခြင်္သေ့တွေ့၍ သတ်၏။ အသေကောင်သည် လမ်း၌ လဲ၍၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေ၏။ |
25. | အသေကောင်သည် လမ်း၌လဲ၍ မည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေသည်ကို ခရီးသွားသော သူတို့သည် မြင်လျှင်၊ အသက်ကြီးသော ပရောဖက်နေသော မြို့သို့လာ၍ သိတင်းပြောကြ၏။ |
26. | ခေါ်ခဲ့သောပရောဖက်သည် ထိုသိတင်းကိုကြားလျှင်၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင်၏ လူဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ထိုသူအား မိန့်တော်မူသော စကားအတိုင်း၊ သူ့ကိုခြင်္သေ့၌ အပ်တော်မူသဖြင့်၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကား ဟု ဆိုလျက်၊ |
27. | မြည်းပေါ်မှာ ကုန်းနှီးကို တင်ကြလော့ဟု သားတို့အား ဆိုသည်အတိုင်း သူတို့သည် ကုန်းနှီးတင်ကြ၏။ |
28. | ပရောဖက်သွား၍ အသေကောင်သည် လမ်း၌ လဲလျက်၊ မြည်းနှင့် ခြင်္သေ့သည် အနားမှာ ရပ်နေလျက် ရှိသည်ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်။ |
29. | အသက်ကြီးသော ပရောဖက်သည် ဘုရားသခင်၏လူအလောင်းကောင်ကို မြည်းပေါ်သို့ ချီ၍ တင်ပြီးလျှင် ငိုကြွေးမြည်တမ်းခြင်းကို ပြု၍၊ သင်္ဂြိုဟ်ခြင်း ငှါ မိမိမြို့သို့ ဆောင်သွား၏။ |
30. | အလောင်းကောင်ကို မိမိသင်္ချိုင်းတွင်း၌ ထားလျက်၊ အိုငါ့ညီဟူ၍ ငိုကြွေးမြည်တမ်းခြင်းကို ပြု၏။ |
31. | သင်္ဂြိုဟ်ပြီးမှ သားတို့ကိုခေါ်၍၊ ငါသေသောအခါ ဘုရားသခင်၏ လူသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ်ကြလော့။ ငါ့အရိုးတို့ကို သူ့အရိုးတို့အနားမှာ ထားကြလော့။ |
32. | ဗေသလမြို့ယဇ်ပလ္လင်တဘက်ရှမာရိမြို့ရွာတွင်၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သောအိမ်များ တဘက်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သောစကားသည် စင်စစ်ပြည့်စုံလိမ့်မည်ဟု မှာထားလေ၏။ |
33. | ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူ ရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။ |
34. | ထိုသို့ပြုသောကြောင့် ယေရောဗောင်အမျိုးကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းစေသော အပြစ်ရောက် သတည်း။ |
← 1Kings (13/22) → |