← 1John (3/5) → |
1. | ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့်၊ ငါတို့ကိုလည်း မသိကြ။ |
2. | ချစ်သူတို့၊ ယခုတွင်ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ နောက်မှအဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတံ့။ |
3. | ထိုသို့မြော်လင့်သောသူမည်သည်ကား၊ ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူ၊ ကိုယ်ကိုကိုယ် သန့်ရှင်း စေတတ်၏။ |
4. | ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကို လွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သတည်း။ |
5. | ကိုယ်တော်သည် ငါတို့၏အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့ သိကြ၏။ ကိုယ်တော်၌လည်း အပြစ်မရှိ။ |
6. | ကိုယ်တော်၌တည်နေသောသူမည်သည်ကား၊ ဒုစရိုက်ကို မပြုတတ်၊ ဒုစရိုက်ကို ပြုတတ်သောသူ မည်သည်ကား၊ ကိုယ်တော်ကိုမသိ မမြင်ရသေး။ |
7. | ချစ်သားတို့၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေနှင့်။ အကြင်သူသည် ဖြောင့်မတ်ခြင်းတရားကို ကျင့်၏။ ကိုယ်တော်ဖြောင့်မတ်တော်မူသည်နည်းတူ၊ ထိုသူသည်ဖြောင့်မတ်ခြင်းရှိ၏။ |
8. | မာရ်နတ်သည်ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကို ပြု၏။ ထိုသူသည်မာရ်နတ်နှင့် ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။ |
9. | ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌ မျိုးစေ့တော်တည်လျက်ရှိ၏။ ထိုသူသည် ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်။ |
10. | ထိုသို့သောလက္ခဏာအားဖြင့် ဘုရားသခင်၏ သားတို့နှင့် မာရ်နတ်၏သားတို့သည် ထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊ မိမိညီအစ်ကိုကိုမချစ်သောသူ မည်သည်ကား၊ ဘုရားသခင်နှင့်မဆိုင်။ |
11. | သင်တို့သည်ရှေ့ဦးစွာကပင် ကြားရသောတရားစကားဟူမူကား၊ မာရ်နတ်နှင့်ဆိုင်၍ မိမိညီကို သတ်သော ကာဣနကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်းချစ်ရကြမည်ဟုလာသတည်း။ |
12. | ကာဣနသည် မိမိညီကို အဘယ်ကြောင့် သတ်သနည်းဟူမူကား၊ မိမိအကျင့်သည် ဆိုးယုတ်၍၊ ညီ၏အကျင့်သည် ဖြောင့်မတ်သတည်း။ |
13. | ညီအစ်ကိုတို့၊ လောကီသားတို့သည် သင်တို့ကို မုန်းသော်လည်း အံ့ဩခြင်းမရှိကြနှင့်။ |
14. | ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့်၊ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက် သည်ကို ကိုယ်သိရကြ၏။ မိမိ ညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌တည်၏။ |
15. | မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏။ လူအသက်ကို သတ်သောသူ တစုံတယောက်၌မျှ ထာဝရအသက် မတည်သည်ကို သင်တို့သိကြ၏။ |
16. | ခရစ်တော်သည် ငါတို့အဘို့အလိုငှါ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည် ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဘို့အလိုငှါ အသက်ကိုစွန့်ရကြ၏။ |
17. | အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင်၊ မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင်၍၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ဘုရားသခင်၏ မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း။ |
18. | ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ်ကြကုန်အံ့။ |
19. | ထိုသို့ချစ်လျှင်၊ ကိုယ်တိုင်သမ္မာတရားနှင့် ဆိုင်သည်ကို ကိုယ်သိရ၍၊ ဘုရားသခင့်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကို သက်သာစေကြလိမ့်မည်။ |
20. | အကြောင်းမူကား၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင်၊ ဘုရားသခင်သည် ငါတို့၏ စိတ်နှလုံး ထက်သာ၍ ကြီးမြတ်သည်ဖြစ်၍၊ အလုံးစုံတို့ကို သိတော်မူသည်ကို ငါတို့သိကြ၏။ |
21. | ချစ်သူတို့၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကို အပြစ်မတင်လျှင်၊ ဘုရားသခင့်ရှေ့တော်၌ ရဲရင့်ရသော အခွင့် ရှိကြ၏။ |
22. | ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍၊ နှစ်သက်တော်မူသောအကျင့်တို့ကို ကျင့်သောကြောင့်၊ ဆုတောင်းသမျှတို့ကိုဘုရားသခင့် ထံတော်မှရကြ၏။ |
23. | ဘုရားသခင်၏ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ် တော်မူသည်အတိုင်း၊ အချင်းချင်း ချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။ |
24. | ပညတ်တော်တို့ကို စောင့်သောသူသည် ဘုရားသခင်၌တည်၏။ ထိုသူ၌လည်း ဘုရားသခင် တည်တော်မူ၏။ ငါတို့အားပေးတော်မူသော ဝိညာဉ်တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည်ငါတို့၌ တည်တော်မူသည်ကိုသိရကြ၏။ |
← 1John (3/5) → |