← 1Corinthians (9/16) → |
1. | ငါပေါလုသည် ကျွန်မဟုတ်၊ လူလွတ်ဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည်မဟုတ်လော။ ငါတို့ သခင် ယေရှုခရစ်ကို မြင်ရပြီ မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါလုပ်သော အလုပ်ဖြစ်ကြသည် မဟုတ်လော။ |
2. | ငါသည် အခြားသောသူတို့အား တမန်တော် မဖြစ်သော်လည်း၊ သင်တို့အားတမန်တော် အမှန်ဖြစ်၏။ အကြောင်းမူကား၊ ငါသည် တမန်တော်မှန်သည်ဟု သင် တို့သည် တပည့်တော်ဖြစ်သောအားဖြင့် ငါ့ကို တံဆိပ် ခတ်ကြ၏။ |
3. | ငါ့ကိုစစ်ဆေးမေးမြန်းသော သူတို့အား ငါ အပြစ်ဖြေရာစကားဟူမူကား၊ |
4. | ငါတို့သည် စားသောက်ခြင်း အခွင့်မရှိသလော။ |
5. | ကေဖနှင့်သခင်ဘုရား၏ညီများမှစ၍ ကြွင်းသော တမန်တော်များကဲ့သို့၊ ငါတို့သည်ဒေသစာရီ လှည့် လည်သည်တွင် နှမဖြစ်သော မယားပါစေခြင်းငှါ အခွင့် မရှိသလော။ |
6. | ငါနှင့်ဗာနဗသာ အလုပ်မလုပ်ဘဲနေရသော အခွင့်မရှိဟု ဆိုရသလော။ |
7. | အဘယ်သူသည် ကိုယ်စရိတ်ကို သုံး၍ စစ်မှုကို ထမ်းရသနည်း။ အဘယ်သူသည် ဥယျာဉ်ကိုစိုက်ပျိုး၍ အသီးကိုမစားဘဲနေရသနည်း။ အဘယ်သူသည် သိုးထိန်း လုပ်၍ သိုးနို့ကိုမသုံးဘဲနေရသနည်း။ |
8. | လောကီဝေါဟာရအားဖြင့်သာ ဤသို့ ငါဆို သလော။ ပညတ်တရားသည်လည်း ဤသို့ပင်ဆိုသည် မဟုတ်လော။ |
9. | မောရှေ၏ ပညတ္တိကျမ်းစာ၌လာသည်ကား၊ စပါးနင်းနယ်သော နွား၏ နှုတ်ကိုမချုပ်တည်းရဟု လာ၏။ ဘုရားသခင်သည် နွားကိုသာ ပမာဏပြုတော်မူ သလော။ |
10. | သို့မဟုတ် ငါတို့ကြောင့်သာ ဤသို့ပညတ်တော်မူ သလော။ လယ်ထွန်သောသူသည် မြော်လင့်လျက် လယ်ထွန်စေခြင်းငှါ၎င်း၊ မြော်လင့်လျက် စပါးနင်းနယ် သောသူသည် မြော်လင့်သည်အတိုင်း ရစေခြင်းငှါ၎င်း၊ ငါတို့ကြောင့်သာဤသို့ ကျမ်းစာလာ၏။ |
11. | ငါတို့သည် သင်တို့၌ ဓမ္မမျိုးစေ့ကို စိုက်ပြီးမှ သင်တို့၏လောကီအသီးကို သုံးဆောင်လျှင် ကျေးဇူးကြီး မည်လော။ |
12. | အခြားသောသူတို့သည် သင်တို့ထံမှာ ထိုအခွင့် ကိုရလျှင် ငါတို့သည် သာ၍ရထိုက်သည်မဟုတ်လော။ သို့သော်လည်း ထိုအခွင့်ကို ငါတို့သည် မသုံးဘဲ၊ ခရစ်တော် ၏ ဧဝံဂေလိတရားကို ဆီးတားခြင်းအကြောင်း မရှိ စေခြင်းငှါ အရာရာ၌ သည်းခံကြ၏။ |
13. | ဓမ္မကိစ္စအမှုကို ဆောင်ရွက်သော သူတို့သည် ဗိမာန်တော်ကို အမှီပြု၍ စားရသည်ကို၎င်း၊ ယဇ်ပူဇော် ခြင်းအမှုကို ဆောင်ရွက်သော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံ၍ စားရသည်ကို၎င်း၊ သင်တို့ မသိကြသလော။ |
14. | ထိုနည်းတူ၊ ဧဝံဂေလိတရားကိုဟောသော သူတို့သည် ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည် အကြောင်း၊ သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏။ |
15. | သို့သော်လည်းထိုအခွင့်ကို ငါသည် အလျှင်းမသုံး။ သင်တို့သည် ငါ့အား ထိုသို့ပြုစေခြင်းငှါ ဤစကား ကို ငါရေးသည်မဟုတ်။ အကြောင်းမူကား၊ ငါဝါကြွားခြင်းအခွင့်ကိုသူတပါးဖျက်ဆီးသည်ထက် ငါသေသော် သာ၍ ကောင်း၏။ |
16. | ငါသည်ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်း အကြောင်းမရှိသေး။ အဘယ်ကြောင့် နည်းဟူမူကား၊ မဟောဘဲမနေနိုင်။ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။ |
17. | သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက်လျှင် အကျိုးရှိ၏။ ကိုယ်အလိုကိုငြင်းဆန်၍ ဆောင်ရွက်လျှင် အရာတော်၌ ခန့်ထားသောသူဖြစ်၏။ |
18. | သို့ဖြစ်၍ ငါ၏အကျိုးအဘယ်သို့နည်းဟူမူကား၊ ဧဝံဂေလိတရားကို ဟောသောအခါ၊ ဟောခြင်းနှင့် စပ်ဆိုင်သော အခွင့်ကို မသုံးဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ် စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှါ ပြုလျှင်ငါ၌အကျိုးရှိ၏။ |
19. | ငါသည် အဘယ်သူ၏ကျွန် မဖြစ်သော်လည်း သာ၍များသော သူတို့ကိုရခြင်းအလိုငှါ လူတကာတို့၏ ကျွန်ခံရ၏။ |
20. | ယုဒလူတို့ကိုရခြင်းအလိုငှါ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကိုကိုယ်တိုင် မဆည်းကပ် သော်လည်း၊ ပညတ်တရားကို ဆည်းကပ်သောသူတို့ကို ရခြင်းအလိုငှါ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့၌ ပညတ်တရားကို ကျင့်သောသူကဲ့သို့ဖြစ်၏။ |
21. | ဘုရားသခင်ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏တရားကို ကျင့်သောသူဖြစ်သော်လည်း၊ ပညတ် တရားမဲ့သောသူတို့ကို ရခြင်းအလိုငှါ ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သော သူကဲ့သို့ဖြစ်၏။ |
22. | အားနည်းသော သူတို့၌ အားနည်းသော သူကဲ့သို့ဖြစ်၏။ အချို့သော သူတို့ကို တစုံတခုသော အမှု အရာအားဖြင့် ကယ်တင်ခြင်းအလိုငှါ၊ ခပ်သိမ်းသော သူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။ |
23. | သင်တို့နှင့်အတူ ဧဝံဂေလိတရားကို ဆက်ဆံခြင်းအလိုငှါ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏။ |
24. | မြေတလင်း၌ပြိုင်၍ ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ ပြေးကြသော်လည်း၊ တယောက်တည်း သာလျှင် ဆုကိုရသည်ဟု သင်တို့ မသိကြသလော။ ဆုကို ရမည်အကြောင်း ပြေးကြလော့။ |
25. | ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သော သူမည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါပြုကြ၏။ ငါတို့မူကား မညှိုးနွမ်း မပျက်စီး နိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။ |
26. | ထိုကြောင့် ငါပြေးသောအခါ၊ အမှတ်တမဲ့ပြေးသည်မဟုတ်၊ လက်ပွေ့သတ်သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး၍ သတ်သည်မဟုတ်။ |
27. | သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသော သူမဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏။ |
← 1Corinthians (9/16) → |