← 1Corinthians (7/16) → |
1. | သင်တို့သည် ငါ့ထံသို့ပေးလိုက်သောစာ၌ ပါသောအရာမှာ၊ ယောက်ျားသည် မိန်းမနှင့်မဆက်ဆံဘဲ နေလျှင်၊ |
2. | ကောင်းသော်လည်း၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယား ရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့။ |
3. | ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။ |
4. | မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။ |
5. | အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကိုပြုရသော အခွင့်ရှိစေခြင်းငှါ၊ သဘောတူ၍ ခင်ပွန်းဝတ်ကိုခဏမျှ မရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကိုမချုပ် တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသော အခွင့်မရှိစေခြင်းငှါ၊ နောက်တဖန် အတူနေကြလော့။ |
6. | သို့ရာတွင် ပညတ်မထားဘဲအခွင့်ပေးခြင်း အားဖြင့်သာ ငါဆို၏။ |
7. | လူအပေါင်းတို့သည် ငါကဲ့သို့ဖြစ်စေခြင်းငှါ ငါအလိုရှိ၏။ သို့သော်လည်း၊ လူအသီး အသီးတို့သည် ဘုရားသခင် ပေးသနားတော်မူသည်အတိုင်း အသီးအသီးသော ဆုကျေးဇူးကို ခံရကြ၏။ |
8. | ထိုကြောင့်မယားမရှိသော သူတို့နှင့် မုတ်ဆိုးမတို့ကို ငါဆိုသည်ကား၊ ထိုသူတို့သည် ငါကဲ့သို့နေလျှင် ကောင်း၏။ |
9. | သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဘက်ခြင်းကို ပြုကြစေ။ ကိလေသာ စိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းမြား စုံဘက်ခြင်း ပြုသော် သာ၍ကောင်း၏။ |
10. | ခင်ပွန်းရှိသော သူတို့ကိုလည်း၊ ငါပညတ်သည် သာမက၊ သခင်ဘုရား ပညတ်တော်မူသည်ကား၊ မယားသည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့်။ |
11. | စွန့်ပစ်လျှင် ခင်ပွန်းမရှိဘဲနေစေ။ သို့မဟုတ်လျှင်၊ ခင်ပွန်းဟောင်းထံသို့ ပြန်၍ အသင့်အတင့်နေစေ။ ယောက်ျားသည်လည်း မိမိမယားနှင့် မကွာစေနှင့်။ |
12. | ကြွင်းသောသူတို့ကိုသခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ၊ ငါပညတ်သည်ကား၊ တစုံတယောက် သော ညီအစ်ကိုသည် မယုံကြည်သော မယားရှိ၍၊ ထိုမယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့်။ |
13. | ထိုနည်းတူ မိန်းမသည်လည်း၊ မယုံကြည်သော ခင်ပွန်းရှိ၍၊ ထိုခင်ပွန်းသည် မိမိမယားနှင့်နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့်။ |
14. | အကြောင်းမူကား၊ မယုံကြည်သောလင်သည် မိမိမယားအဘို့ စင်ကြယ်၏။ မယုံကြည်သော မယား သည်လည်း မိမိလင်အဘို့ စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏ သားသမီးသည် မစင်ကြယ်။ ယခုတွင် စင်ကြယ်ကြ၏။ |
15. | သို့သော်လည်း မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ။ ထိုသို့ပြုလျှင် တပည့်တော် သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ချည်နှောင်ခြင်းမရှိ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှါ ဘုရားသခင်၏ ပညတ်တော်ရှိ၏။ |
16. | အချင်းမိန်းမ၊ သင်သည်ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့ သိသနည်း။ အချင်းယောက်ျား၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်။ မကယ်တည်မည်ကို အဘယ်သို့သိသနည်း။ |
17. | သခင်ဘုရားသည် လူအသီးအသီးတို့အား ဝေငှတော်မူ၍၊ ဘုရားသခင်သည် လူအသီးအသီးတို့ကို ခေါ်တော်မူသည်နှင့်လျော်စွာ လူတိုင်းကျင့်နေစေ။ ခပ်သိမ်းသော အသင်းတော်တို့ကို ထိုသို့ငါပညတ်၏။ |
18. | အရေဖျားလှီးခြင်းကို ခံသောသူသည် ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မစွန့်စေနှင့်။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျား လှီးခြင်းကို မခံစေနှင့်။ |
19. | အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ။ မခံဘဲ နေခြင်းအားဖြင့်လည်း အကျိုးမရှိ။ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏။ |
20. | ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့လူတိုင်းလုပ်နေစေ။ |
21. | အစေခံကျွန်ဖြစ်၍ ခေါ်တော်မူခြင်းကျေးဇူးကို ခံရလျှင် စိုးရိမ်ခြင်းမရှိနှင့်။ သို့သော်လည်းလွတ်ခြင်းသို့ ရောက်နိုင်လျှင် လွတ်ရသော အခွင့်ကိုသာ၍ သုံးဆောင်လော့။ |
22. | အကြောင်းမူကားကျွန်ဖြစ်စဉ်၊ သခင်ဘုရား ခေါ်တော်မူခြင်းကို ခံရသောသူသည် သခင်ဘုရား၏ လူလွတ်ဖြစ်၏။ ထိုနည်းတူ လူလွတ်ဖြစ်စဉ်၊ ခေါ်တော်မူခြင်းကို ခံရသောသူသည် ခရစ်တော်၏ ကျွန်ဖြစ်၏။ |
23. | သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသောသူ ဖြစ်၍၊ လူထံ၌ အလိုအလျောက်ကျွန်မခံကြနှင့်။ |
24. | ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့ ဘုရားသခင့်ရှေ့တော်၌ လူတိုင်းလုပ်နေစေ။ |
25. | ခင်ပွန်းမရှိသောသူတို့၏ အမှုမှာ၊ သခင်ဘုရား၏ပညတ်တော်သည် ငါ၌မရှိသော်လည်း၊ ငါသည် သစ္စာ ရှိသောသူဖြစ်အံ့သောငှါ၊ သခင်ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင်၏။ |
26. | စီရင်ချက်ဟူမူကား၊ ယခု ညှဉ်းဆဲခြင်း အကြောင်းကြောင့် ခင်ပွန်းမရှိလျှင် ကောင်း၏။ |
27. | သင်သည်မယားရှိလျှင် လွတ်စေခြင်းငှါ မကြံစည်နှင့်။ မယားနှင့်လွတ်လျှင် အခြားသောမယားကို မရှာနှင့်။ |
28. | သို့သော်လည်း သင်သည် မယားနေလျှင် အပြစ်မရှိ။ လင်မနေဘူးသော မိန်းမသည်လည်း လင်နေလျှင် အပြစ်မရှိ။ သို့သော်လည်း၊ ထိုသို့ပြုသော သူတို့သည် လောကညှဉ်းဆဲခြင်းဒုက္ခကို ခံရကြမည်။ ဤအမှုအရာ၌ ကျပ်တည်းစွာသော ပညတ်ကို ငါမထားလို။ |
29. | ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ ကျန်ကြွင်းသော ကာလသည် ကျဉ်းကျပ်သည်ဖြစ်၍၊ မယားရှိသော သူသည် မယားမရှိသကဲ့သို့ ဖြစ်ရမည်။ |
30. | ငိုကြွေးသောသူသည် မငိုကြွေးသကဲ့သို့ ဖြစ်ရမည်။ ဝမ်းမြောက်သောသူသည် ဝမ်းမမြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစ္စာဝယ်သောသူသည် အလျှင်းမရှိသကဲ့သို့ ဖြစ်ရမည်။ |
31. | ဤလောကကို သုံးသောသူသည် မသုံးသကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား၊ ဤလောက၏ အဆင်း သဏ္ဌာန်သည်ရွေ့သွား ကွယ်ပျောက်တတ်၏။ |
32. | သင်တို့သည် စိုးရိမ်ခြင်းနှင့်ကင်းလွတ်စေခြင်းငှါ ငါအလိုရှိ၏။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏ စိတ်တော်နှင့်တွေ့စေခြင်းငှါ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ |
33. | ခင်ပွန်းရှိသောသူမူကား၊ မိမိမယား၏စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ်၏။ |
34. | ထိုနည်းတူ၊ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသော မိန်းမသည် ခြားနားခြင်း ရှိ၏။ ခင်ပွန်းမရှိသော မိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှါ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား၊ မိမိခင်ပွန်း၏စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ်၏။ |
35. | ထိုသို့ငါဆိုသော်၊ သင်တို့အကျိုးကိုသာ ထောက်၍ဆို၏။ သင်တို့ကို နှောင့်ရှက်ချင်သောစိတ်နှင့် ဆိုသည် မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ၊ သခင်ဘုရား၏ဝတ်ကို အမြဲပြုစေခြင်းငှါသာ ဤသို့ဆို၏။ |
36. | အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန်လျှင် မလျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူသည် ထင်မှတ်၍ ထိမ်းမြားစရာအကြောင်းလည်းရှိလျှင်၊ ထိုသူသည် အလိုအလျောက်ပြုစေ။ အပြစ်မရှိထိမ်းမြားကြစေ။ |
37. | သို့သော်လည်း မိမိစိတ်နှလုံးတည်ကြည်ခြင်းရှိ၍၊ ပြုလိုသည်အတိုင်း ပြုနိုင်သော အခွင့်နှင့် ကိုယ်စိတ် အလိုကို ချုပ်တည်းနိုင်သော အခွင့်ရှိသောကြောင့်၊ မထိမ်းမြားဘဲနေမည်ဟု ကိုယ်စိတ်နှလုံးထဲမှာ စီရင် ဆုံးဖြတ်သောသူသည် ကောင်းစွာပြု၏။ |
38. | သို့ရာတွင် မင်္ဂလာဆောင်သောသူသည် ကောင်းစွာပြု၏။ မဆောင်သောသူမူကား၊ သာ၍ ကောင်းစွာပြု၏။ |
39. | မိန်းမသည် မိမိခင်ပွန်းမသေမှီ ကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေလျှင် မူကား၊ မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသော သူ၏ မယားဖြစ်ခြင်းငှါ အခွင့်ရှိ၏။ |
40. | အခွင့်ရှိသော်လည်း၊ အခြားသောသူ၏ မယား မဖြစ်ဘဲနေလျှင်၊ သာ၍မင်္ဂလာရှိသည်ဟု ငါသဘော ရှိ၏။ ငါ၌လည်း ဘုရားသခင်၏ ဝိညာဉ်တော်ရှိတော်မူသည်ဟု ငါစွဲလမ်းခြင်းစိတ်ရှိ၏။ |
← 1Corinthians (7/16) → |