← 1Corinthians (6/16) → |
1. | သင်တို့သည် အချင်းချင်းအမှုရှိလျှင်၊ သန့်ရှင်းသူတို့ရှေ့၌ တရားစီရင်ခြင်းကို မခံဘဲသာသနာပ လူတို့ ရှေ့၌ ခံဝံ့သောသူတစုံတယောက်ရှိသလော။ |
2. | သန့်ရှင်းသူတို့သည် လောကီနိုင်ငံကို တရား စီရင်မည်ဟု မသိကြသလော။ သင်တို့သည် လောကီနိုင်ငံ ကို စီရင်ရသည်မှန်လျှင်၊ အငယ်ဆုံးသော အမှုများကို မစီရင်ထိုက်သလော။ |
3. | ငါတို့သည်ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟု မသိကြသလော။ သို့ဖြစ်၍ လောကီအမှုကို စီရင်ထိုက်သည်မဟုတ်လော။ |
4. | ထိုကြောင့် သင်တို့သည် လောကီအမှုကို စီရင် စရာရှိလျှင်၊ အသင်းတော်၌ အသရေနည်းသောသူတို့ကို တရားသူကြီးအရာ၌ ခန့်ထားကြလော့။ |
5. | ထိုသို့ဆိုသော်၊ သင်တို့ရှက်စေခြင်းငှါ ပြောဆို၏။ သင်တို့တွင် ပညာရှိတစုံတယောက်မျှ မရှိသလော။ ညီအစ်ကိုချင်းတို့၏ အမှုကို စီရင်ဆုံးဖြတ်နိုင်သောသူ တစုံတယောက်မျှမရှိသလော။ |
6. | ညီအစ်ကိုချင်းတို့သည် တရားတွေ့သည် သာမက၊ မယုံကြည်သော သူတို့ရှေ့၌ပင် တရားတွေ့ပါ သည်တကား။ |
7. | ထိုသို့သင်တို့သည် အချင်းချင်းတရားတွေ့သည် အမှုမှာ အလွန်ကြီးစွာသော အပြစ်ရှိကြ၏။ တရား မတွေ့ဘဲ ညှဉ်းဆဲခြင်းကို အဘယ်ကြောင့်မခံသနည်း။ |
8. | ကိုယ်ဥစ္စာရှုံးခြင်းကို အဘယ်ကြောင့် မခံသနည်း။ ထိုသို့ သင်တို့သည် မခံဘဲ၊ ညီအစ်ကိုချင်း တယောက်ကိုတယောက်ညှင်းဆဲ၍၊ ညီအစ်ကိုချင်းတို့၏ ဥစ္စာကိုသိမ်းယူကြသည်တကား၊ |
9. | မတရားသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြ သလော။ အလွဲမယူကြနှင့်။ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ |
10. | သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြ။ |
11. | အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင်သခင်ယေရှု၏ နာမတော်အားဖြင့်၎င်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ် တော်အားဖြင့်၎င်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာ သို့ ရောက်ကြပြီ။ |
12. | ငါသည် အပြစ်မသင့်ဘဲလျက်ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသော အမှုအရာကိုပြုနိုင်သည်မှန်စေတော့။ အဘယ်အမှုအရာ၌မျှ ငါသည်ကျွန်မခံ။ |
13. | အစားအသောက်တို့သည် ဝမ်းအဘို့၊ ဝမ်းသည်လည်း အစားအသောက်တို့ အဘို့ဖြစ်သည်မှန်စေတော့။ သို့သော်လည်း ဘုရားသခင်သည် ထိုနှစ်ပါးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် မတရားသော မေထုန် အဘို့ဖြစ်သည်မဟုတ်။ သခင်ဘုရားအဘို့ဖြစ်၏။ သခင် ဘုရားသည်လည်း ကိုယ်ခန္ဓာအဘို့ ဖြစ်တော်မူ၏။ |
14. | ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် သခင် ဘုရားကို ထမြောက်စေတော်မူသည်ဖြစ်၍၊ ငါတို့ကိုလည်း ထမြောက်စေတော်မူလိမ့်မည်။ |
15. | သင်တို့ကိုယ်ခန္ဓာသည် ခရစ်တော်၏ အင်္ဂါဖြစ်ကြောင်းကို မသိကြသလော။ သို့ဖြစ်လျှင်၊ ခရစ်တော်၏ အင်္ဂါကိုယူ၍ ပြည်တန်ဆာ၏ အင်္ဂါဖြစ်စေအပ် သလော။ မဖြစ်စေအပ်။ |
16. | အဘယ်သို့နည်း။ ပြည်တန်ဆာ၌ မှီဝဲသောသူသည် ထိုပြည်တန်ဆာနှင့် တသားတကိုယ်တည်း ဖြစ်ကြောင်းကို မသိကြသလော။ ထိုသူ နှစ်ယောက်တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်ဟု ကျမ်းစာလာ၏။ |
17. | သခင်ဘုရား၌မှီဝဲသော သူသည် ထိုသခင်နှင့် တစိတ်တဝိညာဉ်တည်းဖြစ်၏။ |
18. | မတရားသောမေထုန်ကိုကြဉ်ရှောင်ကြလော့။ လူပြုတတ်သော အခြားဒုစရိုက် ရှိသမျှတို့သည် ကိုယ်ပြင် ၌ရှိ၏။ မတရားသော မေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ကိုပင်ပြစ်မှား၏။ |
19. | အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။ |
20. | သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသော သူဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကိုထင်ရှားစေကြလော့။ |
← 1Corinthians (6/16) → |