← 1Corinthians (4/16) → |
1. | ခရစ်တော်၏ အစေအပါ ကဲ့သို့၎င်း၊ ဘုရားသခင်၏ နက်နဲသော အရာတို့ကို စောင့်သော ဘဏ္ဍာစိုး ကဲ့သို့၎င်း၊ သူတပါးသည် ငါတို့ကို မှတ်ပါစေ။ |
2. | ထိုမှတပါး၊ ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။ |
3. | သင်တို့မှစ၍ အခြားသောလူများတို့သည် ငါ့ကို သစ္စာမရှိဟု စီရင်သော်လည်း၊ ငါသည်အမှုမထား။ ငါ့ကိုယ်ကို ငါမစီရင်။ |
4. | အကြောင်းမူကား၊ ကိုယ်စိတ်သည် ကိုယ်ကို အပြစ်မတင်။ သို့သော်လည်း၊ ထိုအကြောင်းဖြင့် ငါသည် အပြစ်လွတ်သည်မဟုတ်။ ငါ့ကို စီရင်သောသူကား၊ ထာဝရဘုရားပေတည်း။ |
5. | ထိုသို့ဖြစ်လျှင်မှောင်မိုက်၌ ဝှက်ထားသော အရာတို့ကို ပွင့်လင်း စေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတံ့သော သခင်ဘုရား ကြွလာတော်မမူမှီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင် ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးသီးတို့သည် ဘုရားသခင်ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတံ့။ |
6. | ညီအစ်ကိုတို့၊ သင်တို့သည် ကျမ်းစာကို လွန်၍ သူတပါးကို မရိုသေအပ်ဟု ငါတို့ကိုထောက်၍ နားလည် စေခြင်းငှါ၎င်း၊ မာနစိတ်ထောင်လွှားသည်နှင့် တယောက်ကိုမှီဝဲ၍ တယောက်ကိုငြင်းဆန်ခြင်း မရှိစေခြင်းငှါ၎င်း၊ ငါဆိုခဲ့ပြီးသောအချက်၌ သင်တို့၏ အကျိုးကို ထောက်၍ ငါနှင့်အာပေါလုကို ပုံဆောင်လျက် ဆိုသတည်း။ |
7. | ထိုမှတပါး၊ အဘယ်သူသည် သင့်ကိုထူးခြားစေသနည်း။ သူတပါးလက်မှ မခံမယူဘဲ အလိုအလျောက် ရသော အရာတစုံတခုမျှ သင်၌ရှိသလော။ သူတပါးလက်မှ ခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။ |
8. | ယခုတွင် သင်တို့သည် ကြွယ်ဝကြ၏။ ငွေရ တတ်ကြ၏။ ငါတို့ မရှိစဉ်တွင်စိုးစံကြ၏။ ငါတို့သည် သင်တို့နှင့်အတူ စိုးစံရသော အခွင့်ရှိမည်အကြောင်း၊ သင်တို့ကို အမှန်စိုးစံစေခြင်းငှါ အလိုရှိ၏။ |
9. | သတ်ဘို့ရာထားသောသူကဲ့သို့ အခြားသော သူများနောက်၌ တမန်တော်တည်းဟူသော ငါတို့ကို ဘုရားသခင်ထုတ်ပြတော်မူသည်ဟု ငါထင်၏။ အကြောင်းမူကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များ မျက်မှောက်၌ ပွဲဝင်သောသူ ဖြစ်ကြ၏။ |
10. | ငါတို့သည် ခရစ်တော်၏ အကြောင်းကြောင့် လူမိုက်ဖြစ်ကြ၏။ သင်တို့မူကား၊ ခရစ်တော်၌ ပညာရှိ ဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူ ဖြစ်ကြ၏။ သင်တို့မူကား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောသူ၊ အသရေ ရှိသောသူ ဖြစ်ကြ၏။ ငါတို့သည် အရှက်အကြောက် ခံရသော သူဖြစ်၍၊ |
11. | ယခုတိုင်အောင် အစားအသောက်ငတ်မွတ်ခြင်း၊ အဝတ်နွမ်းပါးခြင်း၊ ရိုက်ပုတ်ညှဉ်းဆဲခြင်းကို ခံရကြ၏။ နေရာမကျသောသူ၊ |
12. | ကိုယ်လက်နှင့်ပင်ပန်းစွာ လုပ်ဆောင်ရသောသူ ဖြစ်ကြ၏။ ကဲ့ရဲ့ခြင်းကို ခံရသောအခါ မေတ္တာပို့ကြ၏။ ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ၏။ |
13. | အသရေရှုတ်ချခြင်းကို ခံရသောအခါ တောင်းပန်ကြ၏။ ဤလောက၏ အညစ်အကြေးကဲ့သို့၎င်း၊ အရပ်ရပ်ထဲက လှည်းပစ်သော တန်မြက်ချေး အမှိုက် ကဲ့သို့၎င်း၊ ယခုတိုင်အောင်ဖြစ်ကြ၏။ |
14. | သင်တို့သည် ရှက်စေခြင်းငှါ ဤသို့ငါရေးသည် မဟုတ်။ သင်တို့ကို ချစ်သားကဲ့သို့ မှတ်၍ သတိပေး၏။ |
15. | သင်တို့တွင် ခရစ်တော်၏အကြောင်းကို သင်ပေးသော ဆရာတသောင်းရှိငြားသော်လည်း၊ အဘ အများမရှိ။ ဧဝံဂေလိတရားအားဖြင့် ငါသည် သင်တို့ကို ယေရှုခရစ်၌ ဖြစ်ဘွားစေပြီ။ |
16. | သို့ဖြစ်၍၊ ငါကျင့်သည်နည်းတူ သင်တို့သည် ကျင့်ကြမည်အကြောင်း ငါနှိုးဆော် တောင်းပန်၏။ |
17. | ထိုအကြောင်းကြောင့် သခင်ဘုရား၌ သစ္စာရှိသော ငါ၏ချစ်သားတိမောသေကို သင်တို့ဆီသို့ ငါ စေလွှတ်၏။ ခပ်သိမ်းသော အရပ်တို့၌ ခပ်သိမ်းသော အသင်းတော်တို့ကို ငါသွန်သင်သည်နှင့်အညီ၊ ငါသည် ခရစ်တော်၌ကျင့်သော အကျင့်ဓလေ့များကို သင်တို့သည် မှတ်မိစေခြင်းငှါ သူသည် ပြသတိုက်တွန်းလိမ့်မည်။ |
18. | ငါသည်သင်တို့ဆီသို့ ကိုယ်တိုင်မလာဟု အချို့သော သူတို့သည် ထင်မှတ်သည်နှင့်၊ မာနထောင်လွှားခြင်း ရှိကြ၏။ |
19. | သို့သော်လည်း သခင်ဘုရားသည် အလိုတော်ရှိ လျှင် ငါသည် မြန်မြန်လာမည်။ လာသောအခါ မာန ထောင်လွှားသောသူတို့၏ စကားကို သိမှတ်မည်မဟုတ်။ သူတို့၏တန်ခိုးကို သိမှတ်မည်။ |
20. | အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် စကား၌ တည်သည်မဟုတ်၊ တန်ခိုး၌ တည်၏။ |
21. | သင်တို့သည် အဘယ်သို့ အလိုရှိသနည်း။ ငါသည်နှင်တံနှင့် သင်တို့ဆီသို့လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် ၎င်း၊ နူးညံ့သိမ်မွေ့သော စိတ်နှင့်၎င်း၊ လာရမည်လော။ |
← 1Corinthians (4/16) → |