← 1Corinthians (12/16) → |
1. | ညီအစ်ကိုတို့၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူး အကြောင်း များကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။ |
2. | သင်တို့သည် အထက်ကသာသနာပလူဖြစ်၍၊ သူတပါး သွေးဆောင်သဖြင့်၊ စကားမပြောနိုင်သော ရုပ်တုရှိရာသို့ ပါသွားသော သူဖြစ်ကြောင်းကို သင်တို့ သိကြ၏။ |
3. | ထိုကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဟောပြော၍ အဘယ်သူမျှယေရှုကို မကျိန်ဆဲ နိုင်သည်ကို၎င်း၊ ယေရှုသည် သခင်ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်းသောဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှ မပြောနိုင်သည်ကို၎င်း၊ သင်တို့သည် သိနားလည် စေခြင်းငှါ ငါသတိပေး၏။ |
4. | ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တပါးတည်း ရှိ၏။ |
5. | ဓမ္မဆရာအမှု အထူးထူးအထွေထွေရှိငြားသော်လည်း သခင်တပါးတည်းရှိ၏။ |
6. | ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေရှိငြားသော်လည်း၊ ခပ်သိမ်းသော သူတို့၌ ပြုပြင်သမျှကို ပြုပြင် တော်မူသော ဘုရားသခင်တပါးတည်းရှိ၏။ |
7. | ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ်တော်ကို လူအသီးအသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက် ရှိ၏။ |
8. | အဘယ်သို့နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ပညာတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သော သူအား ထိုးထွင်းခြင်းတရားကို ပေးတော်မူ၏။ |
9. | ထိုဝိညာဉ်တော်အားဖြင့် တယောက်သော သူအား ယုံကြည်ခြင်းကို ပေးတော်မူ၏။ ထိုဝိညာဉ်တော် အားဖြင့် တယောက်သောသူအား အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကို ပေးတော်မူ၏။ |
10. | တယောက်သောသူအား၊ တန်ခိုးကိုပြနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား စိတ်ဝိညာဉ် တို့ကို ပိုင်းခြား၍သိနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်ကို၎င်း တယောက်သောသူအား ထိုဘာသာ စကား၏အနက်ကို ဖော်ပြနိုင်သော အခွင့်ကို၎င်း ပေးတော်မူ၏။ |
11. | ဤအခွင့်ရှိသမျှတို့ကို တပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။ |
12. | ဥပမာကား၊ ကိုယ်တခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍ ထိုတခုတည်းသောကိုယ်အင်္ဂါ အပေါင်းတို့ သည် များလျက်နှင့် ကိုယ်တခုတည်းဖြစ်သကဲ့သို့၊ ထိုနည်းတူ ခရစ်တော်ဖြစ်၏။ |
13. | အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တပါးတည်းအားဖြင့် တကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစိတ် တဝိညာဉ် တည်းထဲသို့လည်း သောက်ကြ၏။ |
14. | ကိုယ်သည် အင်္ဂါတခုတည်းရှိသည်မဟုတ်၊ အများရှိသည်ဖြစ်၍၊ |
15. | ခြေက၊ ငါသည်လက်မဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်ဟုဆိုလျှင်၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည် မှန်သလော။ |
16. | နားကလည်း၊ ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်နှင့် မစပ်ဆိုင်ဟုဆိုလျှင်၊ ထိုသို့ ဆိုသော ကြောင့် မစပ်ဆိုင်သည် မှန်သလော။ |
17. | တကိုယ်လုံးသည် မျက်စိဖြစ်လျှင် အဘယ်သို့ ကြားနိုင်မည်နည်း။ တကိုယ်လုံးသည် နားဖြစ်လျှင် အဘယ်သို့ နမ်းနိုင်မည်နည်း။ |
18. | ယခုမူကား၊ ဘုရားသခင်သည် အလိုတော်ရှိ သည်အတိုင်း အင်္ဂါများအသီးသီးတို့ကို ကိုယ်၌စီရင် ခန့်ထားတော်မူ၏။ |
19. | ထိုမှတပါး၊ အင်္ဂါအပေါင်းတို့သည် အင်္ဂါတခုတည်းဖြစ်လျှင် ကိုယ်သည်အဘယ်မှာ ရှိလိမ့်မည်နည်း။ |
20. | ယခုတွင် အင်္ဂါအများရှိလျက်နှင့် ကိုယ်တခုတည်း ရှိ၏။ |
21. | မျက်စီက၊ သင့်ကိုငါအလိုမရှိဟု လက်ကို မဆိုရ။ ထိုနည်းတူ၊ ဦးခေါင်းက၊ သင်တို့ကိုငါအလိုမရှိဟု ခြေတို့ကို မဆိုရ။ ထိုမျှမက အားနည်းဟန်ရှိသော အင်္ဂါတို့သည် သာ၍အသုံးဝင်ကြ၏။ |
22. | အသရေနည်းဟန်ရှိသော အင်္ဂါတို့အားလည်း၊ သာ၍ကြီးသော အသရေကို ပေးတတ်၏။ |
23. | တင့်တယ်ခြင်းမရှိသော အင်္ဂါတို့သည် သာ၍ ကြီးသော တင့်တယ်ခြင်းကို ခံရကြ၏။ |
24. | တင့်တယ်လျက်ရှိသော အင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မလိုကြ။ |
25. | ကိုယ်ခန္ဓာ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ၊ အင်္ဂါများတို့သည် အချင်းချင်း သူ့ကို ကိုယ်နှင့်အမျှ သတိပြုစေခြင်းငှါ၊ ဘုရားသခင်သည် ကိုယ်ခန္ဓာကိုမျှစေ၍၊ ယုတ်သောအင်္ဂါအား သာ၍များသော အသရေကို ပေးတော်မူ၏။ |
26. | သို့ဖြစ်၍၊ အင်္ဂါတခုတည်း ဆင်းရဲခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏။ အင်္ဂါ တခုသည် ချီးမြှောက်ခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏။ |
27. | သင်တို့သည် ခရစ်တော်၏ ကိုယ်ဖြစ်ကြ၏။ အသီးအသီး အင်္ဂါတော်ဖြစ်ကြ၏။ |
28. | ဘုရားသခင်သည်ပဌမအရာ၌ တမန်တော်တို့ကို၎င်း၊ ဒုတိယအရာ၌ ပရောဖက်တို့ကို၎င်း၊ တတိယ အရာ၌ ဆရာတို့ကို၎င်း၊ ထိုနောက် တန်ခိုးပြသော သူတို့ကို၎င်း၊ ထိုနောက်အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိသောသူတို့ကို၎င်း၊ သင်းထောက်တို့ကို၎င်း၊ စီရင် အုပ်စိုးသော သူတို့ကို၎င်း၊ အမျိုးမျိုးသော ဘာသာစကား ကိုပြောနိုင်သော သူတို့ကို၎င်း၊ အသင်းတော်၌ ခန့်ထားတော်မူ၏။ |
29. | သင်းဝင်သူ ရှိသမျှတို့သည် တမန်တော်ဖြစ်ကြ သလော။ ရှိသမျှတို့သည် ပရောဖက်ဖြစ်ကြသလော။ ရှိသမျှတို့သည် ဆရာဖြစ်ကြသလော။ ရှိသမျှတို့သည် ဘုန်းတန်ခိုးကို ပြနိုင်ကြသလော။ |
30. | ရှိသမျှတို့သည် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိကြသလော။ ရှိသမျှတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်ကြသလော။ ရှိသမျှတို့သည် ထိုဘာသာစကား၏ အနက်ကို ဘော်ပြနိုင်ကြသလော။ |
31. | သင်တို့သည် အမြတ်ဆုံးသော ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ သာ၍မြတ်သော လမ်းကိုငါပြဦးမည်။ |
← 1Corinthians (12/16) → |