← 1Chronicles (13/29) → |
1. | တဖန်ဒါဝိဒ်သည် လူတထောင်အုပ်၊ တရာအုပ် အစရှိသော အကြီးအကဲအပေါင်းတို့နှင့် တိုင်ပင်ပြီးလျှင်၊ |
2. | ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အား၊ သင်တို့သည် အလိုရှိ၍ ငါတို့၏ဘုရားသခင်ထာဝရဘုရား အခွင့်ပေးတော်မူလျှင်၊ ဣသရေလနိုင်ငံအရပ်ရပ်၌ ကျန်ကြွင်းသေးသော ငါတို့ညီအစ်ကိုများ၊ မြို့နှင့်မြို့နယ်၌ နေသော ယဇ်ပုရောဟိတ်၊ လေဝိသားများတို့သည် ငါတို့ နှင့်အတူ စည်းဝေးစေခြင်းငှါ အနှံ့အပြားစေလွှတ်ကြ ကုန်အံ့။ |
3. | ငါတို့၏ဘုရားသခင် သေတ္တာတော်ကို တဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလုလက်ထက်၌ ထိုသေတ္တာ တော်ရှေ့မှာ မေးမြန်းလေ့မရှိပါတကားဟု မိန့်တော်မူ သောစကားကို၊ |
4. | စည်းဝေးသော ပရိသတ်အပေါင်းတို့သည် နှစ်သက်သောကြောင့်၊ အမိန့်တော်အတိုင်းပြုပါမည်ဟု ဝန်ခံကြ၏။ |
5. | ထိုသို့ဒါဝိဒ်သည် ဘုရားသခင်၏ သေတ္တာတော် ကို၊ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့ခြင်းငှါ အဲဂုတ္တုပြည် အနား၊ ရှိဟောရမြစ်မှစ၍ ဟာမတ်မြို့လမ်းဝတိုင်အောင် နေသောဣသရေလ အမျိုးသားအပေါင်းတို့ကို စုဝေး စေပြီးလျှင်၊ |
6. | ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရ ဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ၊ ဣသရေလ အမျိုးသား အပေါင်းတို့နှင့်တကွ၊ ယုဒပြည်ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာမြို့သို့ သွားလေ၏။ |
7. | ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ် ပေါ်မှာတင်၍ အဘိနဒပ်အိမ်ထဲက ထုတ်ကြ၏။ ဩဇနှင့်အဟိဩသည်လှည်းကို နှင်ကြ၏။ |
8. | ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည် သီချင်းဆို လျက်စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်း၊ တံပိုးတို့ကို ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။ |
9. | ခိဒုန်ကောက်နယ်တလင်းသို့ ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှား သောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော် ကို ကိုင်၏။ |
10. | ထိုသို့သေတ္တာတော်ကို ကိုင်သောကြောင့်၊ ထာဝရဘုရားသည် ဩဇကို အမျက်ထွက်၍၊ ဒဏ်ခတ် တော်မူသဖြင့်၊ ဩဇသည် ဘုရားသခင်ရှေ့တော်၌ သေလေ၏။ |
11. | ဩဇကိုထာဝရဘုရား ဒဏ်ခတ်တော်မူသော ကြောင့် ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ် သည် ယနေ့တိုင်အောင် ပေရဇောဇအမည်ဖြင့် တွင် သတည်း။ |
12. | ထိုနေ့၌ဒါဝိဒ်သည် ဘုရားသခင်ကို ကြောက်၍၊ ဘုရားသခင်၏ သေတ္တာတော်ကို အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့ရမည်နည်းဟုဆိုလျက်၊ |
13. | မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လွှဲ၍ ဆောင်သွား လေ၏။ |
14. | ဘုရားသခင်၏သေတ္တာတော်သည် သုံးလ ပတ်လုံး၊ ဩဗေဒုံအိမ်တွင် အိမ်သူအိမ်သားများဆီမှာ ရှိ၏။ ထာဝရဘုရားသည် ဩဗဒေဒုံနှင့် အိမ်သူအိမ်သား အပေါင်းတို့ကို ကောင်းကြီးပေးတော်မူ၏။ |
← 1Chronicles (13/29) → |